“မရို့စ်ခင်မီးမီးဝင်း” ‌ပြောတဲ့ သူမအကြောင်း

blank

ရို့စ်ခင်မီးမီးဝင်း ဆိုတာ ဘယ်သူလဲ။

စိန်နန်းတော်စိန်ရွှေရတနာဆိုင်နဲ့ D&C Myanmar ရဲ့ Director တစ်ဦး ဖြစ်တဲ့သူမဟာ ဖက်ရှင် လက်ဝတ်ရတနာ ခေတ်ရေစီးကြောင်းနဲ့ အညီ တွေးခေါ်လုပ်ကိုင်နိုင်သူတစ်ယောက်ပါ။ သူမရဲ့အလုပ်ကို ချစ်မြတ်နိုးရုံသာမက မိသားစု၊ သူငယ်ချင်း သံယောဇဉ်တွေကို အလေးထားပြီး ခရီးသွားရတာ နှစ်သက်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမ သုံးသပ်မိတဲ့ ပတ်ဝန်းကျင်ပေါ်အမြင်

ကျွန်မတို့ မြန်မာအမျိုးသမီးတွေ တော်တော်များများဟာ သူများ ကိုယ့်ကို ဘယ်လိုထင်မလဲဆိုတာကို တွေးပူတတ်ကြတယ်။ တကယ်တော့ ကိုယ့်ဘဝကို ကိုယ်ဖြတ်သန်းရတာဖြစ်တဲ့အတွက် သူများပြောသမျှစကားတွေကို ထည့်သွင်း စဉ်းစားဖို့ မလိုဘူးလို့ ကျွန်မ မြင်တယ်။ ပတ်ဝန်းကျင်က ကိုယ့်ကိုကောင်းစေဖို့အတွက် ပြောတဲ့အရာတွေကိုတော့ လက်ခံပါလို့ အကြံပြုချင်ပါတယ်။

သူမနဲ့ အချိန်စီမံခန့်ခွဲမှု အချက် (၃) ချက်

ကျွန်မ တစ်နေ့တာ အချိန်စီမံခန့်ခွဲတဲ့အခါ စာအုပ်တစ်အုပ်ထဲမှာ To do list ချရေးတယ်။ လုပ်ပြီးသွားတဲ့ အရာတွေဆိုရင် ခြစ်ချလိုက်တယ်။
နေ့တိုင်းကို ကိုယ်ဖြတ်သန်းတဲ့အခါ အရေးကြီးတဲ့ task သုံးခုတော့ ပြီးကိုပြီးရမယ်ဆိုတဲ့ စိတ်လေးကို မဖြစ်မနေ ထားတယ်။
ကိုယ့်အတွက် သိပ်အရေးမကြီးဘူးလို့ထင်တဲ့ ပွဲသွားတာတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာတွေကို ငြင်းနိုင်ဖို့ ကြိုးစားတယ်။ ဒါမှ အရေးကြီးတဲ့အရာတွေ လုပ်ဖို့ အချိန်ကျန်မှာ ဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူမနဲ့ ဖက်ရှင်၊ အလှအပ

“တောင်းမှာအကွပ်၊ လူမှာအဝတ်” ဆိုတဲ့အတိုင်း ကျွန်မတို့ လုပ်ငန်းခွင်မှာဖြစ်စေ၊ ပြင်ပမှာ ဖြစ်စေ သပ်သပ်ရပ်ရပ်နဲ့ လှပကျော့ရှင်းအောင် နေဖို့က အရမ်းအရေးကြီးပါတယ်။ ကျွန်မ လုပ်ငန်းက လက်ဝတ်ရတနာ၊ အိတ်၊ ဖိနပ် လုပ်ငန်း လုပ်ကိုင်နေတာကြောင့် ဝတ်ပုံစားပုံ၊ ဖိနပ်နဲ့ အိတ်တွေကို အမြဲစိတ်ဝင်တစားလေ့လာဖြစ်သလို ဖက်ရှင်နဲ့အလှအပကိုလည်း ပိုအလေးထားဖြစ်ပါတယ်။

သူမနဲ့ လုပ်ငန်းခွင်ကို ဦးဆောင်နေတဲ့ အမျိုးသမီးဆိုတာ

လုပ်ငန်းခွင်မှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံပြီး အလုပ်လုပ်ကြရတာ ဖြစ်တဲ့အတွက် လုပ်ငန်းခွင်မှာ မဖြစ်မနေကို ရှိသင့်တဲ့ ပထမဆုံး အရေးကြီးတဲ့အချက်ကတော့ Communication skill ပါ။ အရေးပါတဲ့ နေရာတစ်ခု ကိုယ်ရလာရင် ကိုယ့် team ကို ဦးဆောင်နိုင်မယ့် Leadership skill နဲ့ ကိုယ့်အဖွဲ့ကို စီမံခန့်ခွဲနိုင်ရမယ့် Team management skill ကလည်း လိုအပ်လာတာမို့ ဒုတိယအချက်အနေနဲ့ အရေးကြီးတယ်။ နောက်ဆုံး အချက်ကတော့ သတ္တိရှိရမယ်။ တစ်ခုခုဆိုရင် ရှေ့ထွက်ဖို့ ဝန်မလေးတဲ့သူဖြစ်ဖို့က အရေးကြီးတယ်လို့ ကျွန်မမြင်ပါတယ်။

သူမဖွင့်ဆိုတဲ့ အောင်မြင်မှု

ကျွန်မရဲ့ အောင်မြင်မှုကို သတ်မှတ်ဖို့အတွက် Value system လေးတွေ ထား ထားတယ်။ ပထမတစ်ခုဖြစ်တဲ့ ကိုယ်ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာတွေနဲ့ ဖြစ်နေတာတွေက ထပ်တူကျနေလားဆိုတဲ့အချက်နဲ့ ဒုတိယတစ်ခုဖြစ်တဲ့ ကိုယ်လုပ်နေတဲ့လုပ်ငန်းတွေက ကိုယ့်နိုင်ငံကို ပြန်အကျိုးပြုနေလား။ ကိုယ့်နိုင်ငံသားတွေကို ပြန်အလုပ်ပေးနိုင်လား။ ကိုယ့်နိုင်ငံစီးပွားရေးကို ပြန်အကျိုးပြုနေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်နေလား ဆိုတဲ့အချက်ပါ။ ကိုယ့်ဘဝရဲ့ ၈ဝ ရာခိုင်နှုန်းလောက်က လုပ်ငန်းခွင်မှာ ရှင်သန်နေတာဖြစ်တဲ့အတွက် ကိုယ့်လုပ်ငန်းခွင်က ကိုယ့်အတွက် အသစ်အဆန်းတွေကို လေ့လာသင်ယူနိုင်မယ့်နေရာဖြစ်နေမှ၊ ကိုယ့်ရဲ့ အောင်မြင်မှုပန်းတိုင်ဆီ ရောက်နိုင်မှာပါ။

နောက်တစ်ခုအနေနဲ့ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေနဲ့ နွေးနွေးထွေးထွေးနေရတာကို ကျွန်မက သဘောကျနှစ်သက်တာမို့ သူတို့တွေနဲ့ သာယာအေးချမ်းတဲ့အချိန်တွေကို ဖြတ်သန်းနိုင်တယ်ဆိုရင် ဒါ ကျွန်မရဲ့ အောင်မြင်မှုတစ်ခုပါပဲ။

စာချစ်သူတို့ကော မရို့စ်ခင်မီးမီးဝင်း ရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။