“မစုစုတင်” ပြောတဲ့ သူမအကြောင်း

blank
မစုစုတင်ဆိုတာ ဘယ်သူလဲ။

သူမက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ စားသောက်ကုန်၊ ဝိုင် နဲ့ အလှကုန်ပစ္စည်း Distribution စတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတဲ့အပြင် ပရဟိတလုပ်ငန်းတွေ မှာလည်း တက်ကြွစွာလုပ်ဆောင်နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။

သူမနဲ့ ဝန်ထမ်းဆိုတာ

ဝန်ထမ်းတစ်ယောက်က ပညာအရည်အချင်းလည်း ကောင်းတယ်။ လုပ်သမျှအလုပ်တွေမှာ Target ထိသလို လုပ်ငန်းအပေါ်သစ္စာရှိမှု၊ ကာလဒေသအလိုက် မတူညီတဲ့အခြေအနေတွေမှာ မတူညီတဲ့ ဆုံးဖြတ်ချက်တွေ ချပေးနိုင်မှုကလည်း အရေးကြီးပါတယ်။ ဒါ့အပြင် သူ့ရဲ့နားလည်နိုင်စွမ်း၊ သူ့အထက်လူကြီးနဲ့ သူဦးဆောင်တဲ့ အဖွဲ့သားတွေ အပေါ် ဘယ်လောက်ထိ ယုံကြည်မှုပေးနိုင်သလဲ။ နောက်ဆုံးတစ်ခုအနေနဲ့ ကိုယ့်ကိုယ်ကိုယ် တိုးတက်နေဖို့ သူဘယ်လောက်ထိ လုပ်နိုင်စွမ်း ရှိလဲ ဆိုတာတွေကိုလည်း အစ်မတို့ကြည့်ပါတယ်။

သူမ သုံးသပ်မိတဲ့ ခရီးသွားလုပ်ငန်းပေါ် အမြင်

ခရီးသွားလုပ်ငန်းမှာ ၂၅နှစ်ကျော်တိုင်အောင် လုပ်ခဲ့တဲ့ အတွေ့ကြုံအရ လာရောက်လည်ပတ်ဖူးတဲ့ ခရီးသွားတွေတိုင်း မြန်မာနိုင်ငံကို မနှစ်သက်တာ မရှိပါဘူး။ အခုချိန်က ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွေ ရပ်ထားရတော့ အစ်မတို့လုပ်နိုင်တာက ကိုယ်နိုင်ငံနဲ့ ပတ်သက်ပြီး ဘယ်လို ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားတယ်။ ကိုယ့်နိုင်ငံယဉ်ကျေးမှုအမွေအနှစ်တွေအရ ဘာတွေ လေ့လာလို့ရတယ်။ ဒါ့အပြင် အလိုအပ်ဆုံးဖြစ်တဲ့ ခရီးသွားတွေ လာလေ့ရှိတဲ့ tourist site တွေကို အားလုံးပူးပေါင်းပါဝင်ပြီး ပြန်လည်မွမ်းမံရမယ့် အခြေအနေ၊ အချိန်အခါကောင်းတစ်ခုလို့ အစ်မ ယူဆမိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူမနဲ့ ကျန်းမာရေး

အဖေက ငယ်ငယ်တည်းက သူကိုယ်တိုင် ကျန်းမာရေး ဂရုစိုက်သလို အစ်မတို့ကိုလည်း ကျန်းမာစွာ စားသောက်နေထိုင်ဖို့ လေ့ကျင့်ထားပေးတဲ့အတွက် ညီအစ်မတွေ အားလုံးက ကျန်းမာရေးကို ပိုသတိထားပြီး စားသောက်နေထိုင်လေ့ရှိပါတယ်။  ဘဝနေထိုင်မှုပုံစံမှာဆိုရင် Positive side ကို မြင်အောင်ကြည့်တယ်။ ကိုယ်မကြားချင်တဲ့ အကြောင်း အရာတွေ သူများပြောနေတယ်ဆိုရင် မကြားအောင် နေတယ်။ စိတ်ဖိစီးမှုတွေ နည်းပါးအောင် တရားထိုင်တယ်။ လုပ်ငန်းတာဝန်၊ အိမ်ထောင်ရှင်မတာဝန်တွေ ရှိနေတော့ Gymသွားပြီး အားကစားနေ့တိုင်း လုပ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် အိမ်မှာပဲ လမ်းလျှောက်စက်လေးထားပြီး တတ်နိုင်သလောက် လျှောက်ဖြစ်တယ်။

သူမနဲ့ အိမ်ထောင်ရေးရှုထောင့်

သာယာတဲ့ အိမ်ထောင်ရေးတစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက်ချစ်နေရင် တစ်ယောက်ကို တစ်ယောက် ဖြည့်ဆည်း ပေးသင့်တယ်လို့ မြင်ခဲ့မိတယ်။ နောက်ပိုင်းတွေးလာတာက တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာချင်း မတူညီတော့ ဖြစ်ချင်တာတွေလည်း မတူညီနိုင်တာမို့ တစ်ယောက်ကိုတစ်ယောက် ဖြည့်ဆည်းရင်းနဲ့ပဲ ပျော်ရွှင်အောင်နေမယ် ဆိုရင် သူက အကုန် မဖြည့်ဆည်းပေးနိုင်တဲ့အခါမှာ ကိုယ်ပျော်နိုင်မှာမဟုတ်တော့ဘူး။တစ်ယောက် ဖြစ်ချင်တာကို တစ်ယောက် ဖြည့်ဆည်းပေးမယ့်အစား သူဖြစ်ချင်တဲ့ ပုံစံအခြေအနေကို လက်ခံလိုက်ပြီး သူလုပ်ချင်တဲ့အရာတွေကို လုပ်ခွင့်ပေးလိုက်ပါ။ ကိုယ်လုပ်ချင်တဲ့အရာတွေကိုလည်း ကိုယ်လုပ်ပါ။ အဲ့ဒါဆို ပိုကောင်းနိုင်မယ်လို့ မြင်မိပါတယ်။

သူမရဲ့ အကြံပေးတဲ့စကား

အစ်မတို့တွေမှာ ကိုယ်ဖြစ်ချင်တာနဲ့ ကိုယ်ဖြစ်နေတာတွေက ထပ်တူကျချင်မှကျမယ်။ အစ်မ ငယ်ငယ်တုန်းက သံအမတ်တစ်ယောက် ဖြစ်ချင်ခဲ့ပေမဲ့ ကိုယ် တစ်နိုင်တစ်ပိုင်လေးကနေ စီးပွားရေး စလုပ်လိုက်တဲ့အခါ အရှိန်မသတ်နိုင်တော့ဘဲ ဆက်တိုက်လုပ်ချင်လာခဲ့တယ်။ ကိုယ်လုပ်ချင်တယ်လို့ တွေးထားတာနဲ့ ကိုယ်တကယ်လုပ်နေတာနဲ့ တူချင်မှတူနိုင်ပေမဲ့ ကိုယ်လုပ်နေရတာကို ပျော်နေဖို့ကလည်း အရေးကြီးတယ်။ အလုပ်တစ်ခုကို လုပ်နေရတာလည်းပျော်နေတယ်။ လုပ်ချင်စိတ်လည်းရှိနေတယ်ဆိုရင် A set of goals ချထားပြီး အောင်မြင်အောင် လုပ်ပါလို့ အကြံပေးချင်ပါတယ်။

စာချစ်သူတို့ကော မစုစုတင်ရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။