“မိုးကုတ်ပေါက်ပေါက်” ပြောတဲ့ သူမ အကြောင်း

blank
မိုးကုတ်ပေါက်ပေါက်ဆိုတာ ဘယ်သူလဲ။

သူမက ဆန်းသစ်လှပတဲ့ ဖက်ရှင်အမြင်တွေကြောင့် မြန်မာပြည်ဖက်ရှင်လောကမှာ ခိုင်မာတဲ့နေရာတစ်နေရာ ရထားသူတစ်ယောက်ပါ။ သူမရဲ့ အလုပ်အပေါ် ထားတဲ့ စိတ်စေတနာနဲ့ အသက်ဝင်လှပတဲ့ ဝတ်စုံတွေကြောင့် အားလုံးရဲ့ချစ်ခင်မှုကို ရထားသူဆိုရင်လည်း မမှားပါဘူး။

သူမ ဖန်တီးတဲ့ ဝတ်စုံဒီဇိုင်းများအပေါ် သက်ဝင်ခံစားမှု

ဝတ်စုံတွေကို ဖန်တီးတဲ့အခါမှာ ထူးထူးခြားခြား ကြိုးစားစရာမလိုခဲ့တဲ့ ထူးချွန်တဲ့ပါရမီပါလာတာ ကံကောင်းတယ်လို့လည်းပြောရမယ်။ တစ်ခုခုကို မြင်တာနဲ့ ကြားလိုက်တာနဲ့ အလွယ်တကူသင်ယူလေ့လာနိုင်တယ်။
ဝတ်စုံတွေကို ဖန်တီးတဲ့နေရာမှာ အမြင်တစ်ခုတည်းကနေ မဟုတ်ပါဘူး။ မြင်၊ တွေ့၊ ကြား၊ သိတဲ့နေရာအပြင် ကိုယ်ခံစားလိုက်တဲ့ ခံစားမှုတွေကနေ တစ်ဆင့်လည်း ဖက်ရှင်ဖြစ်လာနိုင်ပါတယ်။

သူမနဲ့ စကားလုံးများရဲ့ အရေးပါပုံ

စကားပြောဆိုဆက်သွယ်တဲ့အခါ အထင်လွဲမှုတွေ မရှိရအောင် အန်တီပေါက် အမြင်မှာတော့ တစ်ဦးနဲ့တစ်ဦးကြား ရိုးသားပွင့်လင်းရှိရမယ်။ တစ်ယောက်ကိုတစ်ယောက် လေးစားမှု ပေးရမယ်။ ဒါ့အပြင် ဘာသာစကားတွေရဲ့ အရေးပါဆုံးဖြစ်တဲ့ စကားလုံးတွေရဲ့ အထားအသို၊ အသွားအလာကို ပြေပြေပြစ်ပြစ် သုံးတတ်၊ ဆိုတတ်၊ ပြောတတ် ရမယ်။ မြန်မာဘာသာ စကားဆိုရင်လည်း သူ့ရဲ့ စကားလုံးတွေကို အသုံးမတတ်ရင် ဆိုလိုတဲ့ အဓိပ္ပါယ်တွေ လွဲနိုင်တဲ့အတွက် တစ်ဖက်သားနားလည်အောင် ပြောဆိုတတ်ဖို့လိုတယ်လို့ အန်တီပေါက်မြင်ပါတယ်။

သူမ စိတ်ခံစားမှုကို ဘယ်လိုထိန်းချုပ်လဲ။

မြတ်စွာဘုရားရှင်ဟောကြားတော်မူတဲ့ အထဲမှာလည်း ပါတယ်။ လူတွေက ကိုယ့်ကိုယ်ကိုယ် သိနေဖို့လိုတယ်။ ကိုယ့်စိတ် ကိုယ်သိနေမှပဲ ဘာဆက်လုပ်ရမလဲဆိုတဲ့ သတိလေးရှိတယ်။ ကိုယ့်စိတ်ကို သတိလေးနဲ့ ပြန်ထိန်းတဲ့သဘောပေါ့။ Aircon တစ်ခုကိုသုံးပြီး ဥပမာပြရရင် လူတွေဘာလို့ Aircon သုံးလဲ၊။ ကိုယ်ပူနေမှန်းသိလို့ အေးအောင်၊ ကိုယ်အသက်ရှူကြပ်နေမှန်းသိလို့ အသက်ရှူဝအောင် Aircon သုံးကြတာ။ အဲ့ဒီလိုပဲ ကိုယ်စိတ်ညစ်နေတယ်ဆိုရင် ဘာလို့စိတ်ညစ်နေလဲ သိအောင် အဖြေရှာရတော့မှာ။ အဓိကကတော့ လူတွေ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်နေလဲဆိုတာ သိနေဖို့ လိုအပ်ပါတယ်။

သူမ ဘဝထဲက အမှတ်တရ သင်ခန်းစာတစ်ခု

လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝကပေါ့။ အန်တီပေါက် ငယ်တုန်းက မြန်မာပြည်မှာ ဖက်ရှင်ဆိုတာ ရေပန်းမစားခင်အချိန်၊ အရာရာကို အသက်ရှုကြပ် ရလောက်အောင် ပိတ်ထားတဲ့အချိန် ဖက်ရှင်ရှိုးလုပ်တယ်။ ပထမတစ်ပွဲလုပ်ခဲ့တယ်။ ဘာမှမဖြစ်ခဲ့ဘူး။ အဆင်ပြေတယ်။ ဒုတိယတစ်ပွဲမှာ ပွဲမစခင် အန်တီပေါက်ကို ရပ်ကွက်ရုံးက လာတားတယ်။ အန်တီပေါက်တွေးလိုက်တာက ငါ့ကိုခရိုင်ရုံးက ခွင့်ပြုထားတာပဲ။ဘာမှမဖြစ်ပါဘူး ဆိုပြီး ဆက်လုပ်လိုက်တော့ ၃ ရက်ကြာတဲ့အခါ အန်တီပေါက်ကို ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတော့ တိုင်းရုံးကထုတ်တဲ့ ချိတ်ပိတ်ထားတဲ့ အမိန့်စာတစ်ခုကို ထုတ်ပြန်လိုက်တာ အာဏာဖီဆန်မှုနဲ့ ထောင်တစ်လကျတယ်။ အန်တီပေါက်အတွက် အတွေ့အကြုံတစ်ခုလိုပဲ သဘောထားပေမဲ့ ကိုယ့်မိဘတွေစိတ်ဆင်းရဲရတယ်။ ကိုယ့်ကို ချစ်ခင်တဲ့သူတွေ စိတ်ပူရတယ်။ အဲ့ဒီအချိန်က စပြီး အန်တီပေါက် ဘယ်အလုပ်ပဲလုပ်လုပ် ပိုပြီး စဉ်းစားချင့်ချိန်တတ်လာတယ်။ ပိုပြီးတွေးခေါ်တတ်လာတယ်။ ကိုယ့်နောက်မျိုးဆက် အနုပညာရှင် သားသမီးတွေကို ဘာလုပ်လုပ် အနုပညာဘက်အပြင် ဘက်ပေါင်းစုံကနေ စဉ်းစားတွေးခေါ်ပြီးမှ လုပ်ကြပါလို့ ပြောချင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူမရဲ့ Social media ကောင်းကျိုး၊ ဆိုးကျိုး

မီးနဲ့ ရေလိုပါပဲ။ သုံးတတ်ရင် အကျိုးရှိတဲ့အရာပါ။ မသုံးတတ်ရင်တော့ ဘဝရဲ့အချိန်တွေကို ဖဲ့ပေးလိုက်ရသလိုဖြစ်တာမို့ နှမြောဖို့ကောင်းတယ်။ ကိုယ့်ဘဝ အလုပ်အတွက်တင်မဟုတ်ဘဲ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ဘက်ပေါင်းစုံကနေ အကျိုးရှိရှိ အသုံးပြုလို့ရတာ Social Media ပါ။ အဲ့ဒီလိုအကျိုးရှိအောင်သုံးလို့ရတဲ့ Social Media ကို မလိုအပ်တဲ့ အပေါစားဖျော်ဖြေမှုတွေအတွက် ကိုယ့်ဘဝရဲ့ အချိန်တွေကို ဖဲ့မပေးလိုက်ပါနဲ့။

သူမ ပြောပြတဲ့ အလှအပနဲ့ ဖက်ရှင်

Yves Saint Laurent ပြောခဲ့တဲ့အတိုင်း Fashion fades, Style eternal ဆိုတဲ့အတိုင်း ဖက်ရှင်တွေက တစ်စထက် တစ်စ ပျောက်ကွယ်သွားနိုင်ပေမယ့် ကိုယ်ပိုင်စတိုင်လေးကအမြဲရှိနေနိုင်တာကြောင့် ကိုယ့် Personality နဲ့ လိုက်ဖက်တဲ့၊ ကိုယ့်နေထိုင်မှုပုံစံနဲ့ ကိုက်ညီတဲ့ ကိုယ်ပိုင်စတိုင်လေးတွေ ရှိထားကြပါလို့ ပြောချင်ပါတယ်။

သူမနဲ့ လူငယ်တိုင်းအတွက် အကြံပေးစကား

ဘယ်လို ဘာဘာရပ်၊ ပညာရပ်မဆို အဆက်မပြတ်သင်ယူလေ့လာမှုကတော့ လိုအပ်တာချည်းပဲ။ ဒါပေမဲ့ အန်တီပေါက်တွေးမိတာတစ်ခုက ကိုယ့်ဘဝမှာ အမြဲသင်ယူလေ့လာနေရုံနဲ့ မရဘူး။ ဒီလေ့လာထားတာတွေကို ပြန်လည်မျှဝေဖို့လည်းလိုအပ်တယ်။ နောက်တစ်ချက်အနေနဲ့ လေ့လာကြိုးစားတဲ့သူတိုင်းက အောင်မြင်မယ်လို့ တထစ်ချပြောမရနိုင်ဘူး။ မှန်ပါတယ်။ အမြဲသင်ယူ လေ့လာသူ တွေက သူများတွေထက် ပိုထူးချွန်တယ်။ အမြဲကြိုးစားအားထုတ်နေလို့ သူများတွေထက် ပိုတတ်မြောက်တယ်ဆိုပေမဲ့ အဲ့ဒီလူက ကောင်းမနေဘူးဆိုရင် လူတော်လူကောင်းတစ်ယောက်မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ကြိုးစားသင်ယူသလောက် အောင်မြင်ဖို့အတွက်ဆိုရင် လူတော်လူကောင်း တစ်ယောက်ဖြစ်အောင်လည်း ကြိုးစားကြပါ။

စာချစ်သူတို့ကော မိုးကုတ်ပေါက်ပေါက်ရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။