ဒီဇိုင်နာ မပုံ့ ပြောပြတဲ့ သူမအကြောင်း

blank
ဒီဇိုင်နာ မပုံ့ဆိုတာ ဘယ်သူလဲ။

နာမည်ကျော် Professional ဒီဇိုင်နာ တစ်ယောက်ဖြစ်တဲ့ သူမရဲ့ ဖက်ရှင်အမြင်တွေနဲ့ ဝတ်စုံဖန်တီးတဲ့ စွမ်းရည်ဟာ အမြဲဆန်းသစ်လှပပြီး လူကြိုက်များတာမို့ သူမရဲ့ အောင်မြင်မှုသက်တမ်းဟာ အနှစ်၂ဝ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

သူမ ဖန်တီးတဲ့ ဝတ်စုံဒီဇိုင်းများ

ဒီဇိုင်နာဆိုတာ လေ့လာစရာတွေ အဆက်မပြတ်ရှိနေတဲ့အတွက် အစ်မ ဝတ်စုံတွေ ဖန်တီးတဲ့အခါ ဒီဇိုင်းတွေ တစ်ခုနဲ့တစ်ခု မရိုးရအောင်၊ ထပ်မနေအောင် trend ဖြစ်နေတဲ့ ခေတ်ရေစီးကြောင်းဖက်ရှင်နဲ့ ကိုယ်ပိုင်ဒီဇိုင်းတွေ ဖန်တီးနိုင်အောင် လေ့လာရတယ်။ လေ့ကျင့်မှုတွေ အမြဲလုပ်ရတယ်။ ဒီဇိုင်းတွေကို ဖန်တီးတဲ့အခါ ပုံသေ သတ်မှတ်ထားတဲ့ ပုံသေကားချပ်မရှိတဲ့အတွက် ဖန်တီးနိုင်စွမ်းကို အရှင်ထားပြီး ဝတ်ဆင်မယ့်သူအတွက် သူခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ အသားအရောင်၊ တက်မယ့်ပွဲ အမျိုးအစားပေါ်မူတည်ပြီး အလိုက်ဖက်ဆုံး ဒီဇိုင်းတွေကို ပြန်ဖန်တီးပါတယ်။

သူမ စိတ်ရင်းစေတနာနဲ့ ကြိုးစားအားထုတ်မှု

ဆယ်တန်းအောင်ပြီးခါစကတည်းက ဒီဇိုင်နာအလုပ်ကိုစတင်ခဲ့တဲ့ အစ်မအနေနဲ့ ဒီအလုပ်မှာ အောင်မြင်ဖို့ ဘယ်တော့မှ ဖြတ်လမ်းနည်းကို မသုံးခဲ့ဘူး။ ရိုးသားမှုနဲ့ ကြိုးစားမှုကို ပိုအားစိုက်ခဲ့တယ်။ Customer ဆီက ငါဘာကိုရအောင်ယူလိုက်မယ်ဆိုတဲ့ တစ်ခါစားစိတ်ထက် Customer ကို ငါ ဘယ်လို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်မလဲဆိုတဲ့ စိတ်ရင်းစေတနာကို ပိုအားထုတ်ခဲ့တဲ့ အစ်မအနေနဲ့ ဆယ်ကျော်သက်အရွယ်တည်းက အားပေးခဲ့တဲ့ အစ်မနဲ့အရွယ်တူ Customer တွေ အိမ်ထောင်ကျ၊ကလေးရတဲ့အထိ သူတို့ မွေးနေ့ပွဲ၊ မင်္ဂလာပွဲ၊ သားသမီးတွေရဲ့ မွေးနေ့ပွဲထိအောင် အစ်မဆီမှာ ဝတ်စုံတွေ အပ်တုန်းပဲ။ ဒါတွေက ကိုယ့်စေတနာအရင်းပါပြီး အားထုတ်မှုရဲ့ ရလဒ်တွေပါ။

သူမ နဲ့ Social Media

Social media က ခေတ်စားလာတဲ့အတွက် ဒီကနေ တစ်ဆင့် စီးပွားရေးအတွက် အပေါင်းအသင်းတွေရလာတယ်။ ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေကို ကြော်ငြာခွင့်ရလာတယ်။ ဒါတွေကတော့ အားသာချက် ကောင်းကျိုးလေးတွေပေါ့။

ဆိုးကျိုးတွေကတော့ Social media မှာ ကိုယ့်ရဲ့ Image ဟာ ထိလွယ်ရှလွယ်ဖြစ်နိုင်တဲ့အတွက် ကိုယ်ပိုသတိထားဖို့ လိုတယ်။ ကိုယ့် Social media account ကို မသမာသူတွေက သုံးပြီး ကိုယ့်သိက္ခာကျအောင် တစ်ခုခုလုပ်နိုင်တဲ့အတွက် ကိုယ်ပိုသတိထားဖို့ လိုတယ်။ အမုန်းစကား( Hate Speech) တွေ ဖြန့်လွယ်တာတွေကလည်း ဆိုးကျိုးတွေထဲကတစ်ခုဖြစ်တာဆိုတော့ ကောင်းကျိုးကော၊ ဆိုးကျိုးကော ဒွန်တွဲနေတယ်လို့ မြင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူမနဲ့ အောင်မြင်မှု

ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်လို့ တွေးမထားတဲ့အတွက် အောင်မြင်မှုဆိုတာကို ဘယ်လိုလဲ တွေးမထားဖူးဘူး။ ကိုယ်သွားနေတဲ့လမ်းကို ဆက်သွားနေတယ်။ ကိုယ်တက်နေတဲ့ တောင်ကို ဆက်တက်နေတယ်။ ဘယ်တော့မှ တောင်ထိပ်ကို ရောက်နေတယ်လို့ မတွေးထားဖူးဘူး။ ပြီးတော့ အောင်မြင်မှုတစ်ခုရဖို့ဆိုတာ ကိုယ့်ရဲ့ Image ဆက်တိုက်ကောင်းနေဖို့ လိုအပ်တယ်။ အစ်မအတွက် အောင်မြင်မှုဆိုတာ ခက်လည်းခက်ခဲတယ်။ အမြဲတမ်း ကြိုးစားနေရတဲ့အရာထဲပါပါတယ်။

သူမ ဖွင့်ဆိုလာတဲ့ အချစ်ဆိုတာ

အချစ်ဆိုတာ အေးချမ်းမှုလည်း ပါတယ်။ ပူလောင်မှုလည်းပါတယ်။ ကိုယ့်မိဘ၊ မောင်နှမ၊ သူငယ်ချင်းတွေကိုချစ်ရတဲ့ အချစ်လည်း ရှိတယ်။ ကိုယ့်အမျိုးသားကို ချစ်ရတဲ့အချစ်လည်းရှိတယ်။ အစ်မအတွက် ကံကောင်းတာက ကိုယ့်ကို တကယ်ချစ်တဲ့ မိသားစုရှိတယ်။ ကိုယ့်ကို သူငယ်တန်းကတည်းက အားပေးချစ်ခင်ကြတဲ့ သူငယ်ချင်းရှိတယ်။ နှစ် ၂ဝ ကျော်ကြာ ဘဝရဲ့အတက်အကျတွေကြားမှာ အတူတူရှိနေပေးတဲ့ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေတွေရှိတဲ့အတွက် သူတို့ရဲ့အချစ်တွေက အေးချမ်းပါတယ်။

ပူလောင်မှုနဲ့ ပတ်သက်ရင်တော့ အစ်မက တစ်ခုခု ပူလောင်လာပြီဆိုရင် ကိုယ့်ကို စိတ်အပန်းဖြေစေတဲ့ ခရီးထွက်လိုက်တာတို့ လုပ်တယ်။ ပူလောင်မှုဆိုရင် ငယ်ငယ်ကတည်းက မကြိုက်တဲ့အစ်မအတွက် အခုကတည်းက အေးချမ်းတဲ့ မြေနေရာလေးဝယ်ထားပြီး အသက်ကြီးလာရင် အဲ့ဒီမှာပဲ ကိုယ့်အတတ်ပညာတွေကို မျှဝေပြီးတော့ အေးအေးဆေးဆေးအခြေချနေထိုင်မယ်လို့ တွေးထားတယ်။

သူမနဲ့ ခရီးသွားလာခြင်းအပေါ် အမြင်

အမြဲတမ်းနီးပါး အလုပ်လုပ်နေတဲ့အစ်မအတွက် ခရီးတစ်ခုထွက်လိုက်ရင် အတွေးသစ် အမြင်သစ်တွေရလာတယ်။ ခရီးအဝေးကြီး မသွားနိုင်ရင်တောင် နေ့ချင်းပြန်ခရီးလောက် သွားဖြစ်တယ်။ မိသားစုနဲ့ သွားဖြစ်သလို၊ သူငယ်ချင်းတွေနဲ့လည်းသွားဖြစ်တယ်။ ဘယ်ဟာကပိုပျော်ဖို့ကောင်းလဲဆိုတာတော့ အစ်မမှာမရှိပါဘူး။ ပုံမှန်တစ်လတစ်ခေါက်လောက် သွားဖြစ်တယ်။ ခရီးသွားရတာက အစ်မကို အတွေးသစ်၊ အမြင်သစ်တွေရစေတယ်။

သူမ မျှဝေတဲ့ အလှအပနဲ့ ဖက်ရှင်အကြောင်း

အခုခေတ်မှာ မိန်းကလေးတွေ အလှအပ ပိုကြိုက်လာကြတယ်။ မိန်းကလေးတွေအနေနဲ့ ကိုယ် ဆယ်ကျော်သက်အရွယ် ရောက်လာပြီ ဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းမှု၊ ကိုယ်ခန္ဓာကျန်းမာမှု၊ အသက်အရွယ်အလိုက် ဝတ်စားဆင်ယင်တတ်မှု ဖက်ရှင်တွေ လိုအပ်လာတယ်။ အလှအပနဲ့ ဖက်ရှင်ဆိုတာ ချိတ်ဆက်နေတဲ့အတွက် မိန်းကလေးတွေ ဆက်ကျော်သက် အရွယ်ရောက်လာပြီဆိုရင် မသေမချင်း လှဖို့လည်းလိုတယ်။ ဖက်ရှင်ကျဖို့လည်းလိုတယ်။ သူ့အသက်အရွယ်အလိုက် ဖက်ရှင်ကျရမယ်။ သူ့အသက်အရွယ်အလိုက် လှလှပပ အမြဲနေတတ်ရမယ်လို့ပဲ အစ်မကတော့ မြင်ပါတယ်။

စာချစ်သူတို့ကော ဒီဇိုင်နာမပုံ့ရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။ တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။