“မလဲ့လဲ့အေး” ပြောတဲ့ သူမ အကြောင်း

blank
မလဲ့လဲ့အေးဆိုတာ ဘယ်သူလဲ။

သူမက အမျိုးသမီးတစ်ဦးဖြစ်ပေမယ့်လည်း ငယ်စဉ်ကတည်းက အဝေးပြေးယာဉ်လိုင်းပြေးဆွဲမှုလုပ်ငန်းကို စိတ်ဝင်တစားနဲ့ လေ့လာခဲ့ပြီး စတင်လုပ်ကိုင်ခဲ့ပါတယ်။ မန္တလာမင်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးဟာ မြန်မာနိုင်ငံရှိ အဆင့်မြင့်ပို့ဆောင်ရေး ယာဉ်လိုင်း လုပ်ငန်းမှာ အောင်မြင်မှုအတိုင်းအတာတစ်ခု ရရှိနေပြီ ဖြစ်ပါတယ်။

သူမနဲ့ ဘဝရဲ့လုပ်ငန်းတွေထဲက အမှတ်တရ

လက်ရှိလုပ်ငန်းကို အသက်၃ဝ အရွယ်လောက်မှ စတင်ခဲ့ပေမယ့် ကျောင်းမပြီးခင်ကတည်းက မုန့်ဖိုးလေးတွေစုပြီး ကာတွန်းဆိုင်လေး ဖွင့်တာကနေ ကိုယ်ပိုင်အလုပ်စခဲ့တယ်။ အောင်မြင်တဲ့သူတွေကို လေးစားအားကျလေ့ရှိတော့ ပိုကြိုးစားဖြစ်တယ်။ ကျောင်းပိတ်ရက်တွေရောက်ပြီဆိုရင် ပုံမှန်သူငယ်ချင်းတွေက နားနားနေနေ နေကြပေမဲ့ အစ်မက မနားဖြစ်ဘဲ ဖက်ရှင်ဆိုင်လေး တစ်ဆိုင်ဖွင့်ဖို့ ကြိုးစားခဲ့တော့ ကျောင်းလည်းပြီးသွားတာနဲ့ အစ်မမှာ ဖက်ရှင်ဆိုင်လုပ်ငန်းလေး တစ်ခု ရှိနေကောပဲ။ အခက်အခဲတွေကတော့ တနေ့တစ်မျိုး မရိုးရအောင်ပဲ တွေ့နေခဲ့ရတယ်။ အခက်အခဲကြုံတိုင်း အစ်မတွေးမိတာက ငါ ရပ်လိုက်မှာလား၊ ဆက်သွားမှာလား။ အိုခေ ငါ ဆက်သွားမယ်၊ ငါလုပ်နိုင်တယ် ဆိုတဲ့ စိတ်နဲ့ပဲ အားလုံးကျော်ဖြတ်ပြီး ဆက်လာခဲ့တာ အခု ဒီနေရာအထိ ရောက်လာခဲ့တာပါ။

သူမနဲ့ ပရဟိတ

ပရဟိတကို သက်သက်ရည်ရွယ်ပြီး လုပ်ဖြစ်တာထက် အစ်မ လုပ်ဖြစ်တဲ့အရာတွေက ပရဟိတလို ဖြစ်လာတယ်လို့ပြောရင် ပိုမှန်မယ်။ ဥပမာပြောရရင် အစ်မတို့ မန္တလာမင်းမှာ ခရီးသွားတွေအတွက် ခရီးမသွားခင် အနားယူရအောင် VIP Lounge မှာ အနားယူတဲ့ နေရာလေးကို သေချာပြင်ဆင်ထားဖြစ်တယ်။ ပြီးရင် ကားတစ်စီးကနေ ၂ ထောင်ကျပ် အမြဲစုဖြစ်ပြီး တစ်နှစ်မှာတစ်ခါ တန်ဆောင်မုန်းလပြည့်နေ့မှာ ခရီးသွားတွေကို လမ်းမှာ ထမင်းအလှူလုပ်တယ်။ ဒီစုငွေကနေပဲ မြန်မာနိုင်ငံနေရာဒေသအသီးသီးမှာ နယ်ဒေသမထပ်သေးဘဲ အခုထိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ လိုအပ်တဲ့ကျောင်းသုံးပစ္စည်းတွေ၊ ပရိဘောဂတွေ၊ ကျန်းမာရေးပစ္စည်းတွေကို နှစ်စဉ် လှူဒါန်းဖြစ်တယ်။
အရည်အသွေးကောင်းတဲ့ ကားတွေကိုသာ သုံးထားပေမဲ့ ကားအမြောက်အမြားကို သုံးရတဲ့လုပ်ငန်းတစ်ခုဖြစ်တာကြောင့် ကာဗွန်နဲ့ ပတ်သက်ရင် အစ်မမှာတာဝန်မကင်းဘူး ယူဆတာမို့ နှစ်စဉ် ဇွန်လတိုင်း အစ်မ သစ်ပင်တွေစိုက်တယ်။ အဲ့ဒါကြောင့် အစ်မအနေနဲ့ ပရဟိတဆိုတာ ကိုယ်အဆင်ပြေရာနေရာကနေ တတ်နိုင်သလောက် ဖြည့်စွမ်းပေးတဲ့စိတ်မျိုးလို့ အစ်မက မှတ်ယူထားပါတယ်။

သူမ မျှဝေတဲ့ ငွေကြေးစီမံခန့်ခွဲပုံ

အစ်မ လိုအပ်တာနဲ့ လိုချင်တာနဲ့သေချာခွဲခြားပြီးမှ သုံးစွဲဖြစ်တယ်။ လုပ်ငန်းလုပ်လာတဲ့ ၁၃ နှစ်လုံးအတွင်းမှာ ဝင်လာတဲ့ငွေတွေကို ကိုယ်တိုင်ကိုင်ပြီး သုံးစွဲတာထက် ငွေကြေးပိုင်း စီမံတဲ့သူ တစ်ယောက်အကူအညီနဲ့ပဲ သေချာစီမံဖြစ်တယ်။
လုပ်ငန်းလုပ်နေတဲ့အတွက် ဝင်လာတဲ့ငွေတွေကို ပြန်ပေးရမယ့်အပိုင်းတွေရှိနေတာရယ်၊ လုပ်ငန်းအတွက် နှစ်စဉ်တိုးချဲ့သွားဖို့ ရေရှည်စီမံကိန်းတွေကြောင့်ရယ်ပေါ့။ လုပ်ငန်းတစ်ခု တိုးချဲ့တော့မယ်ဆိုရင် မတိုးချဲ့ခင် အဲ့ဒီမြို့ကို လေ့လာတယ်။ ခရီးလမ်းတွေကို လေ့လာတယ်။ ဒီခရီးလမ်းကို စီးနှင်းလိုက်ပါမယ့် ခရီးသည်တွေအတွက် ဘယ်လိုကားမျိုးသုံးရင် သက်တောင့်သက်သာဖြစ်ပြီး အန္တရာယ်ကင်းမလဲဆိုတာ လေ့လာတယ်။ ဒီအတွက် ငွေကို ဘယ်လိုပြင်ဆင်မလဲဆိုတာတွက်ချက်ပြီး အကျိုးရှိတဲ့အရာတွေကိုပဲ သုံးဖြစ်ခဲ့တယ်။ အချိန်ကြာလာတဲ့အခါ လုပ်ငန်းတိုးချဲ့နိုင်ဖို့အတွက် အရမ်းအကျိုးရှိခဲ့တယ်။
အဲ့ဒါကြောင့် လူငယ်တွေကို ကိုယ်လိုချင်လို့ဝယ်တယ်ဆိုတာထက် ကိုယ့်အတွက် တကယ့်ကိုလိုအပ်တဲ့အရာတွေကို ရွေးချယ်ပြီး ဝယ်ပါ။ ငွေကို စိစစ်သုံးစွဲကြပါလို့ ပြောချင်ပါတယ်။

သူမ အခက်အခဲတွေကို ဘယ်လိုတွေးပြီး ဖြေရှင်းလဲ။

ဘယ်အရာမှာ မဆို အခက်အခဲဆိုတာရှိပါတယ်။ ကိုယ်က ချက်ချင်းကြီး လုံးဝဖြေရှင်းလို့မရသေးဘူးဆိုရင် တစ်ရက် နှစ်ရက်လောက် ကိုယ့်ကိုယ်ကိုယ် အချိန်ပေး အနားယူပြီး စဉ်းစားလိုက်ပါ။ အဲ့ဒီလို စဉ်းစားလိုက်တဲ့အခါ စိတ်နဲ့ကိုယ်က နည်းနည်းပိုအေးဆေးဖြစ်ပြီး သွေးပူနေတဲ့အချိန်မှာ ထွက်မလာတဲ့အဖြေတွေက ထွက်လာနိုင်တယ်။ လူငယ်တွေကို ပြောချင်တာက အခက်အခဲဆိုတာ ရှောင်လို့မရဘူး။ ဒီအခက်အခဲကို ကျော်လွှားမလား။ ရပ်လိုက်မလားဆိုတာ ကိုယ့်အပေါ်ပဲမူတည်ပြီး ဒီအခက်အခဲတွေကလည်း ကိုယ့်အောင်မြင်မှုကို ဖန်တီးစေတဲ့အရာတွေလည်း ဖြစ်လာနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူမ လုပ်ငန်းမှာ ကြုံရတဲ့ customer complaint တွေကို ကိုင်တွယ်ဖြေရှင်းပုံ။

မြို့တစ်မြို့ချင်းစီအလိုက် ကားဂိတ် မန်နေဂျာတွေကို လွတ်လပ်စွာ အုပ်ချုပ်ခွင့်ပေးထားတယ်။ သူတို့ဖြေရှင်းဖြစ်ခဲ့တဲ့ ကိစ္စတွေ၊ ခရီးသည်အတွက် အဆင်မပြေဖြစ်ခဲ့တဲ့ ကိစ္စတွေရှိရင် ရုံးချုပ်ကို တစ်လတစ်ခါ ပြန် သတင်းပို့တယ်။ အွန်လိုင်းတွေပေါ်တက်လာတဲ့ customer complaint တွေရှိခဲ့ရင် အဲ့ဒီမြို့နယ်အလိုက် ဝန်ထမ်းတွေကို အစ်မတို့ အရေးယူပါတယ်။ အစ်မတို့ လုပ်ငန်းနဲ့ ခရီးသည်တွေကြား အထင်လွဲမှားမှုတွေ ရှိခဲ့တယ်ဆိုရင် ဝန်ထမ်းတွေကို ပိုင်ပိုင်နိုင်နိုင်ရှင်းပြပြောဆိုနိုင်အောင် သင်ကြားပေးထားပါတယ်။

သူမနဲ့ အောင်မြင်မှုဆိုတာ

အစ်မတို့ ကမ္ဘာမှာ အသက်ရှစ်ဆယ်အရွယ် သန်းကြွယ်သူဌေး CEO လည်းရှိသလို အသက် ဆယ်ရှစ်နှစ်အရွယ်နဲ့ CEOဖြစ်နေတဲ့ သူတွေလည်းရှိပါတယ်။ အသက် ကြီးတယ်၊ ငယ်တယ်ဆိုတာထက် ကိုယ်လုပ်ချင်တဲ့အရာကို ကိုယ်သေချာသိပြီးတော့ လေ့လာမှုတွေလုပ်ရမယ်။ အသက် ကြီးကြီး၊ လတ်လတ်၊ ငယ်ငယ် ကိုယ့်လုပ်ချင်တဲ့အရာကို သေချာလေ့လာအာရုံစိုက်ထား လုပ်ရင် အောင်မြင်မှုဆိုတာ ရှိတယ်လို့ အစ်မပြောပြချင်ပါတယ်။

စာချစ်သူတို့ကော မလဲ့လဲ့အေးရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။ တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။