“မစန္ဒာရွှေ” ပြောတဲ့ သူမအကြောင်း။

blank

မစန္ဒာရွှေဆိုတာ ဘယ်သူလဲ။

သူမက Rohto-Mentolatum (Myanmar) Co., Ltd. ရဲ့ MD တစ်ဦး ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုကို ဦးဆောင်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း ကိုယ့်ထက်တော်သူ၊ တတ်သူတွေဆီမှာ မာန်ချပြီး အမြဲတမ်းကြိုးစားသင်ယူနေဆဲပါဆိုတဲ့ သူမရဲ့ စိတ်ထားခံယူချက်တွေက အတုယူစရာပါပဲ။

သူမနဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တိုင်းမှာ ရှိသင့်တဲ့ အချက်သုံးချက်

ပထမအချက်က ကိုယ်လုပ်နေတဲ့အလုပ်နဲ့ ကိုယ်ရည်မှန်းထားတဲ့အတိုင်းအတာမရောက်မချင်း စိတ်အားထက်သန်မှုရှိဖို့လိုပါတယ်။
ဒုတိယအချက်က ရဲစွမ်းသတ္တိရှိဖို့ လိုတယ်။ ဘာလို့လဲဆိုရင် ငါအမျိုးသမီးဆိုပြီး အားမငယ်ဘဲ ကိုယ့်ကိုယ်ကိုယ် စွမ်းဆောင်နိုင်တယ်ဆိုတဲ့စိတ်နဲ့ ရဲဆေးတင်ထားဖို့လည်း လိုအပ်တယ်။
တတိယအချက်ကတော့ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာ တာဝန်ယူတဲ့စိတ်နဲ့ အလုပ်ကို ချစ်မြတ်နိုးတဲ့စိတ်ရှိရပါမယ်။

သူမနဲ့ အလှအပရေးရာပေါ် အမြင်

အရင်ခေတ်တုန်းကတော့ မြန်မာမှာ အမျိုးသမီးတွေပဲ အလှအပရေးရာပိုင်း ဂရုစိုက်ကြပြီး အမျိုးသားတွေက ဆပ်ပြာတစ်တုံးတည်းကို ခြေအစခေါင်းအဆုံးသုံးကြတယ်။ မျက်နှာသစ်ဆေးဆိုရင် မသုံးကြသလောက်ပဲ။ ဒါပေမဲ့ အခုခေတ်ရေစီးကြောင်းအရ အမျိုးသား၊ အမျိုးသမီးဘယ်သူမဆို အသားအရေကို ဂရုစိုက်လာကြပါပြီ။ ပြီးတော့ လှပဖို့အတွက်ဆိုရင် ကျန်းမာရေးလည်း အရေးကြီးသလို ဖက်ရှင်ဆိုတာလည်း အရေးကြီးလာတယ်။

သူမနဲ့ ကောင်းမွန်တဲ့ Brand တစ်ခု

ကောင်းမွန်တဲ့ Product Brand တစ်ခုဖြစ်ဖို့ဆိုတာ ဈေးကွက်ထဲက ကိုယ့် Product နဲ့ အခြားကုန်ပစ္စည်းတွေရဲ့ ယှဉ်ပြိုင်မှု အခြေအနေတွေကို သိရပါမယ်။ လူတွေက ဘာကိုလိုအပ်နေလဲ၊ ဘာတွေကို အသုံးပြုတာလဲ ဆိုတာကို သေသေချာချာ လေ့လာပြီးမှ ဈေးကွက်အကြောင်းကို နားလည်တတ်သိနေရပါမယ်။ နောက်တစ်ချက်ကတော့ ကိုယ့် Product အရည်အသွေးဟာ ကောင်းမွန်ရမယ်။ သူများနဲ့ မတူအောင် Product ဖန်တီးနိုင်စွမ်းလည်း ရှိရမယ်။ ဈေးကွက်ကို ဖောက်ဖို့ Consumer တွေရဲ့ အသံတွေကိုလည်း အမြဲတမ်း အလေးအနက် ထားပြီး နားထောင်နေဖို့ လိုအပ်တယ်။ ပစ္စည်းရောင်းဖို့တစ်ခုတည်းမဟုတ်ဘဲ Consumer တွေကို ဂရုစိုက်ဖို့ လိုအပ်တယ်။ အဲ့ဒီအတွက် ကျင့်ဝတ်ကောင်းတဲ့ ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုတွေပါ လိုအပ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူမ ဖွင့်ဆိုတဲ့ အောင်မြင်မှု

တစ်ယောက်နဲ့ တစ်ယောက်ကတော့ အောင်မြင်မှုသတ်မှတ်ပုံချင်းမတူတာမို့ ကိုယ်က အောင်မြင်မှုကို ဘယ်လိုပေတံနဲ့ တိုင်းတာလဲ ဆိုတဲ့အပေါ်ပဲ မူတည်ပါတယ်။ သူများကတော့ အစ်မကို အောင်မြင်တယ်လို့ ပြောပေမယ့် အစ်မကတော့ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်ဆိုပြီး ကျေနပ်နေမှာ မဟုတ်ပါဘူး။ အမြဲတမ်းကိုယ့်ထက်တော်တတ်တဲ့သူတွေဆီကနေ မာန်ချိုးပြီး အမြဲတမ်းကြိုးစား သင်ယူဆဲပါပဲ။

ပြီးတော့ ကမ္ဘာကြီးမှာ အရာရာက အမြဲပြောင်းလဲနေတယ်။ ပြောင်းလဲသွားတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ရပ်တည်နိုင်အောင်၊ အောင်မြင်အောင် ကြိုးစားကြရတယ်။ အစ်မအနေနဲ့ကတော့ အခြေအနေ၊ အချိန်အခါနဲ့ နေရာဒေသတွေပေါ်မှာ မူတည်တယ်လို့ ယူဆမိပါတယ်။

သူမနဲ့ ကျန်းမာရေး

အစ်မက ကျောက်ကပ်အစားထိုးထားရတာမို့ အစားအသောက်ကို အဓိက ထားပြီး သေချာဂရုတစိုက် စားသောက်ပါတယ်။ ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်ဆိုသလိုပဲ အခုအသက်ကြီးလာတဲ့နောက်ပိုင်း Gym တွေမှာ လေ့ကျင့်ခန်းကို သေချာလုပ်ဖြစ်ပါတယ်။ အဓိကက လှပဖို့အတွက်လည်းလိုအပ်သလို ကျန်းမာဖို့အတွက်လည်း ကျန်းမာရေးလိုက်စားသင့်ပါတယ်။ ပြီးတော့ မဝင်းမင်းသန်းပြောသလိုပဲ အသားအရေပိုင်းကိုလည်း သေချာဂရုစိုက်ဖြစ်တယ်။

လူငယ်တွေအတွက် သူမရဲ့ အကြံပေးစကား

ဘာပဲလုပ်လုပ် အသိဉာဏ်နဲ့ ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ အသိဉာဏ် ပြည့်စုံတဲ့သူ ဖြစ်ဖို့ စာများများဖတ်ရပါမယ်။ စာဖတ်ရင်း သိလာတဲ့အခါမှာ ကိုယ့်ကို မတိုးတက်အောင်၊ ရှေ့ဆက်မရောက်အောင် ဘယ်လို အပြုအမူနဲ့ ကိုယ့်အလေ့အကျင့်ဆိုးတွေက တားမြစ်ထားလဲဆိုတာကို ဆန်းစစ်နိုင်လာမယ်။ ဆန်းစစ်နိုင်တဲ့အခါ ကိုယ့်အကျင့်ဆိုးတွေ ပြင်ရမယ်။ အသိပညာ ဗဟုသုတတွေကို ထိရောက်စွာ အသုံးချပါ။ ကိုယ်သွားမယ့် ဘဝလမ်းကြောင်းအတွက် လမ်းပြမြေပုံ တစ်ခုထားပါ။ ကိုယ်သွားမယ့်ပန်းတိုင်ဆီ အချိန်ဇယားလေးတစ်ခုနဲ့ နောက်ငါးနှစ်မှာ ဘာဖြစ်ရမယ်၊ နောက်ဆယ်နှစ်မှာ ဘာဖြစ်ရမယ်ဆိုတာမျိုးလေး အစီအစဉ်သေချာဆွဲပါ။ ဒါပေမဲ့ မှန်ကန်တဲ့နည်းလမ်းနဲ့တော့ ကြိုးစားဖို့ လိုတယ်။

ကိုယ့်ထက် ငယ်ငယ်၊ ကြီးကြီး သင်ယူစရာရှိတာကို သင်ယူပါ။ လမ်းမှန်ပြပြီး သွန်သင်ဆုံးမပေးနိုင်တဲ့ ဆရာသမားကောင်းနဲ့ မိတ်ဆွေကောင်းတွေဆီ ပညာသင်ယူပါ။ ပြီးတော့ အောင်မြင်ဖို့ လျှောက်နေတဲ့လမ်းမှာ အခက်အခဲတွေ ရှိတာမို့ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ရမယ်။ ဒါကြောင့် လောကဓံကို မယိုင်မလဲဘဲ ရင်ဆိုင်နိုင်စွမ်းရှိရပါမယ်။

စာချစ်သူတို့ကော မစန္ဒာရွှေရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။