“မခင်ရဲရူပါအေး” ပြောတဲ့ သူမအကြောင်း

blank

မခင်ရဲရူပါအေးဆိုတာ ဘယ်သူလဲ။

သူမက ရသာဝသီကုမ္ပဏီလက်အောက်ရှိ ၁ဝဝ% Organic ပလိုင်းနှမ်းလက်ဖက်ရဲ့ Executive Director တစ်ဦး ဖြစ်ပါတယ်။ မိသားစုနဲ့ လုပ်ငန်းကိုဟန်ချက်ညီညီနဲ့ လုပ်ကိုင်နိုင်နေတဲ့သူမဟာ ဘဝကိုအေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနေသူတစ်ဦးလည်းဖြစ်ပါတယ်။

သူမနဲ့ ပလိုင်း အော်ဂဲနစ်လက်ဖက်

Premium brand ဖြစ်တဲ့ ပလိုင်း အော်ဂဲနစ်လက်ဖက်လေးကို ဘယ်လိုစတင်ဖြစ်လဲဆိုရင် လက်ဖက်မျိုးရိုး ဖြစ်တဲ့ ကျွန်မတို့ဟာ မြန်မာနိုင်ငံမှာ လက်ဖက်ပင်တွေ သဘာဝအတိုင်း ရှိနေသေးတာကို သိထားပြီး Organic ကျကျ ထိန်းသိမ်းပေးမယ့်သူ နည်းနေတာကို သတိထားမိလို့ တို့တွေတော့ ဒီ organic လက်ဖက်ပင်တွေကို သေချာထိန်းသိမ်းမှ ဖြစ်မယ်လို့ တွေးမိတယ်။ ပြီးတော့ Organic အတိုင်း ထိန်းသိမ်းစိုက်ပျိုးထားပြီးရထားတဲ့ ဒီလက်ဖက်ကို ပလိုင်း အော်ဂဲနစ်လက်ဖက်ဆိုတဲ့ နာမည်သုံးပြီး ဈေးကွက်ထဲ တင်ပို့ထုတ်လုပ် ဖြစ်ပါတယ်။

သူမ နဲ့ မူပိုင်ခွင့်ပေါ် အမြင်

ကျွန်မတို့ စားသောက်ကုန်လုပ်ငန်းအပါအဝင် တခြားစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ အားလုံးအတွက် မူပိုင်ခွင့်ဆိုတာ အသက်တမျှ အရေးကြီးပါတယ်။ ဘယ်သူ တစ်ဦးတစ်ယောက်ဆီမှ အတုယူထားခြင်းမရှိဘဲ ရှေ့ဆုံးကနေ ကိုယ်တိုင် တီထွင်ကြံဆလိုက်တာကို နောက်ကနေ အတုခိုးခံလာရပြီး အရည်အသွေးမှာလည်း ကိုယ့်လောက် မကောင်းဘူးဆိုရင် သူတို့ပစ္စည်းတွေနဲ့ ကိုယ့်ပစ္စည်းတွေကို စားသုံးသူတွေက ထင်ယောင်ထင်မှားဖြစ်ပြီး ကနဦးစတီထွင်ခဲ့တဲ့ ကိုယ့်ပစ္စည်းကိုပါ အယုံအကြည်မဲ့လာတတ်ပါတယ်။ ဒါကြောင့် ကျွန်မတို့သာ မူပိုင်ခွင့်ရထားမယ်ဆိုရင် ဆင်တူရိုးမှားပစ္စည်းတွေ ပေါ်မလာနိုင်ဘူး။ ပေါ်လာခဲ့ရင်တောင် ကျွန်မတို့ပစ္စည်းအပေါ် အထင်လွဲစရာတွေ ဖြစ်မလာနိုင်ဘူးလို့ ကျွန်မမြင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူမ ဖွင့်ဆိုတဲ့ မိခင်တစ်ယောက်ရဲ့အလှတရား

နောက်အနာဂတ်အတွက် လူကောင်းလူမွန်တွေကို မွေးထုတ်ပေးခွင့်ရတာ အမျိုးသမီးတွေမို့လို့ အမျိုးသမီးတစ်ယောက် မိခင်လောင်း ဖြစ်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်ဟာ သိပ်ကိုလှပတယ်လို့ အစ်မမြင်မိတယ်။ ငါ ကလေးရရင်တော့ အလုပ်မလုပ်နိုင်လောက်တော့ဘူး။ အချိန်ရှိမှာ မဟုတ်တော့ဘူးလို့ တချို့မိခင်တွေ တွေးကောင်းတွေးမိလိမ့်မယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ကိုယ်တိုင် တကယ်မိခင် ဖြစ်လာတော့မယ်ဆိုရင် ဒီကလေးလေးကို ကာကွယ်စောင့်ရှောက်ပေးရမယ်ဆိုတဲ့ စိတ်ကြောင့် ဘယ်လောက်အလုပ်များများ လုပ်နိုင်လာပါလိမ့်မယ်။ ဘယ်လောက် ခက်ခဲခက်ခဲ ရင်ဆိုင်လာနိုင်ပါလိမ့်မယ်လို အစ်မ အားပေးချင်ပါတယ်။

သူမ အိမ်ထောင်ရေးနဲ့အလုပ်ကို ဘယ်လိုစီမံခန့်ခွဲလဲ။

မိခင်တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်သားသမီးလေးတွေ လိမ္မာရေးခြားရှိအောင်၊ အိမ်ထောင်မှုကိစ္စတွေမှာ လိုလေသေးမရှိအောင် ဖြည့်ဆည်းဖို့ ကြိုးစားရပါတယ်။ ပြီးတော့ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်လည်းဖြစ်တာကြောင့် အလုပ်နဲ့ပတ်သက်ပြီး အာရုံအပြည့်စိုက်နိုင်အောင်၊ လိုအပ်တဲ့အရာတွေ လိုက်ဖြည့်ပေးနိုင်အောင် ကျွန်မ ကြိုးစားဖြစ်ပါတယ်။

သူမနဲ့ ကျန်းမာရေး

အလုပ်လုပ်နေတဲ့ အမျိုးသမီးမိခင်တစ်ယောက်ဖြစ်တာကြောင့် ကျွန်မတို့မှာ ကိုယ်ပိုင်အချိန်ဆိုတာ မရှိသလောက် နည်းပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကျန်းမာလှပနေအောင် အချိန်သီးသန့် မသတ်မှတ်ထားဘဲ မနက်အိပ်ရာထကတည်းကနေ ညအိပ်ရာ မဝင်ခင်အထိ ကျန်းမာတဲ့အစားသောက်ပြင်ဆင်ချက်ပြုတ်နည်းနဲ့ ကျန်းမာစေတဲ့အစားအသောက်တွေကိုစားပြီး ကိုယ့်ကိုယ်ကိုယ် ကျန်းမာလှပအောင် နေထိုင်ဖြစ်ပါတယ်။

သူမ အလုပ်အပေါ် စိတ်ထားဘယ်လိုထားလဲ။

အလုပ်အတွက် နှစ်ယောက်အတူ အမြဲတိုင်ပင်တဲ့အခါ ကိုယ်ဖြစ်ချင်မိတဲ့အပိုင်းကတော့ ဘယ်လိုရှိတယ်။ ဒီအပိုင်းလေးကို သွားမယ်ဆိုရင်တော့ ဘယ်လိုစိန်ခေါ်မှုလေးတွေ ရင်ဆိုင်ရနိုင်တယ်။ အဲ့ဒီလိုရင်ဆိုင်ရတာက တန်ရဲ့လား စသဖြင့် team work တစ်ခုလို ဆွေးနွေးဖြစ်တယ်။ အလုပ်မှာဆိုရင် အမျိုးသားက ကိုယ့်အထက်လူကြီးတစ်ယောက်ဖြစ်နေတဲ့အတွက် သင့်လျော်တယ်၊ မသင့်လျော်ဘူးဆိုတာ သူ့ဆုံးဖြတ်ချက်နဲ့ပဲ ကျွန်မတို့ ဆက်သွားဖြစ်တယ်။ အဓိကကတော့ ကျွန်မတို့ team work တစ်ခုလို သွားဖြစ်ပါတယ်။

သူမနဲ့ အောင်မြင်မှု

ကျွန်မ သားလေးတွေ ပျော်ရွှင်နေတယ်။ ကျွန်မ မိသားစု သာယာနေတယ်။ ကျွန်မ ဖြစ်ချင်တဲ့လုပ်ငန်းတွေမှာ ကျွန်မဖြစ်ချင်တဲ့ မှတ်တိုင်တစ်ခု ယူဆောင်နေတယ်ဆိုရင် ကျွန်မအတွက် ဒါဟာ အောင်မြင်မှုပါပဲ။

စာချစ်သူတို့ကော မခင်ရဲရူပါအေးရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။