“မပို့ပို့ကြည်” ပြောတဲ့ သူမရဲ့ အကြောင်း

blank
မပို့ပို့ကြည်ဆိုတာ ဘယ်သူလဲ။

သူမက အသက် ၁၈ နှစ်အရွယ်နဲ့ တက္ကသိုလ်ပညာဆည်းပူးနေစဉ်ကတည်းက  ကျောင်းတစ်ကျောင်းကို အခက်အခဲတွေကြားက စတင်ဖွင့်လှစ်ခဲ့တာ ၁၅ နှစ်ကြာပြီးနောက် ဒီကျောင်းဟာ မြန်မာလူငယ်တွေ နှစ်သက်သဘောကျကြတဲ့  Myanmar Imperial University ဆိုပြီး ဖြစ်တည်လာခဲ့တယ်။  MIU ရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ သူမက အခုဆိုရင်  လူငယ်စီးပွားရေးလုပ်ငန်းရှင်တိုင်းက လေးစားအားကျရတဲ့သူ တစ်ယောက်ပါ။ သူမရဲ့ ဇွဲနဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်မှုအပြင် ပညာကို အဆက်မပြတ်လေ့လာဆည်းပူးမှုတွေက သူမကို အောင်မြင်မှုတွေ သယ်ဆောင်လာခဲ့ပေးတယ်ဆိုရင်လည်း မမှားပါဘူး။

သူမနဲ့ အပြုံး

အောင်မြင်မှုနဲ့ ထပ်တူအရေးကြီးတာက ပျော်ရွှင်မှုပေါ့နော်။ ပျော်ရွှင်မှုကို အပြုံးလေးတစ်ခုနဲ့ ပုံဖော်လို့ရတယ်။ လူတိုင်းမှာ စိတ်ဆင်းရဲစရာ တွေလည်းရှိသလို ပျော်စရာတွေလည်း ရှိတယ်။ ဘဝမှာ စိတ်ဆင်းရဲစရာတွေ ရှိနေရင်တောင် ကိုယ့်မှာ မရှိတဲ့အရာတွေထက် ရှိတဲ့အရာတွေကို တန်ဖိုးထားတယ်။ ကျွန်မကို မုန်းတဲ့သူ၊ ရှုတ်ချတဲ့သူတွေရဲ့စကားထက် ကိုယ့်ကိုချစ်တဲ့သူ၊ ကိုယ့်ကိုကောင်းစေချင်လို့ ပြောတဲ့သူတွေရဲ့စကားကိုပဲ နားထောင်ဖြစ်တယ်။ စိတ်ဆင်းရဲတဲ့နေ့တွေမှာ ကိုယ့်ရဲ့မသိစိတ်နဲ့ သိစိတ်ကို ခွဲခြားထားနိုင်မယ်ဆိုရင် အစ်မတို့ ဘဝမှာ အပြုံးလေးတစ်ခုကတော့ ဆင်မြန်းနိုင်မှာပါ။ ဒါ့ကြောင့် အမြဲ အပြုံးလေးတစ်ခု ဆင်မြန်းရမယ်ဆိုတဲ့ ဆောင်ပုဒ်လေးကို ကိုင်ဆောင်ထားပြီး ကိုယ်ကိုယ်တိုင်လည်း လိုက်နာဖြစ်တယ်။

 သူမနဲ့ အိပ်မက်

လူငယ်တိုင်းမှာ အိပ်မက်ကိုယ်စီရှိကြတယ်။ ဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့  အရေးကြီးဆုံး ပထမအချက်က ကိုယ့်အိပ်မက်ကို ဖြစ်အောင်လုပ်မယ်ဆိုပြီး ယုံကြည်ချက် ရာခိုင်နှုန်းအပြည့်ရှိဖို့ အရေးကြီးပါတယ်။

ဒုတိယအနေနဲ့ အရေးကြီးတဲ့တစ်ချက်က နေ့ရက်တိုင်းမှာ ရူးရူးသွပ်သွပ် ကြိုးစားနေဖို့နဲ့ အခက်အခဲတွေ ကြုံလာတိုင်း နောက်မဆုတ်ဘဲ ကြိုးစားနေဖို့ပါ။

နောက်ဆုံးအရေးကြီးတဲ့အချက်က လူငယ်တွေ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့အချိန် ဝေဖန်မှုတွေ ကြုံလာရနိုင်တယ်။ အဲ့ဒီလို ဝေဖန်မှုတွေ ကြုံလာရတဲ့အခါ ဝေဖန်တိုက်ခိုက်မှုတွေမှာ ကျရှုံးမသွားဘဲ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်လိုစိတ်မှာပဲ မြဲမြဲမြံမြံ ကုပ်တွယ်ထားဖို့က အရမ်းအရေးကြီးပါတယ်။ ကိုယ့်ရဲ့စိတ်ဆန္ဒ၊ ကိုယ့်ကြိုးစားအားထုတ်မှု၊  ယုံကြည်မှုတွေ အားလုံးကို ဒီအိပ်မက်ပေါ်မှာပဲ အာရုံစူးစိုက်ထားနိုင်မယ်ဆိုရင် အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်မှာပါ။

သူမနဲ့ အချိန်စီမံခန့်ခွဲမှု

အစ်မက အိပ်မက်နဲ့ အောင်မြင်မှုတွေကို အရမ်းချစ်လို့ လူငယ်တွေကို “ အချိန်မရှိဘူး။ ငါက ငယ်သေးတယ်။ သူကကံကောင်းတာကို ” စတဲ့ဆင်ခြေတွေနဲ့ ကိုယ့်အနာဂတ်ကို ကိုယ်မဖျက်ဆီးပါနဲ့လို့ သတိပေးချင်တယ်။ လူငယ်တွေဆိုတာ ထင်ထားတာထက် အများကြီး ပိုစွမ်းဆောင်နိုင်ပါတယ်။

အစ်မရဲ့ အိပ်မက်တွေ အကောင်အထည် ပေါ်လာအောင် ကျင့်သုံးတဲ့ နည်းလမ်း (strategy) တစ်ခုရှိတယ်။ အဲ့ဒါက ကိုယ့်ကိုယ်ကိုယ် တိုးတက်နေအောင် ရူးရူးသွပ်သွပ် သင်ယူတယ်။ အဲ့ဒါက အစ်မအောင်မြင်လာဖို့အတွက် လမ်းစဖော်ပေးတဲ့ နည်းလမ်းတစ်ခုပါ။  ဥပမာတစ်ခုပေးရရင် အစ်မ ကျောင်းနှစ်ခုဖြစ်တဲ့ Doctorate နဲ့ Oxford မှာ ပြိုင်တူကျောင်းတက်နေတုန်းကဆိုရင် တခြားသူတွေနဲ့ တိုင်ပင်ကြည့်တဲ့အခါ သူတို့တွေက ကျွန်မကို ချစ်တဲ့စိတ်နဲ့ တစ်ခုပြီးမှ တစ်ခုတက်ဖို့ အကြံပေးတယ်။ အစ်မ ဘာတွေးမိလဲဆိုတော့ ငါ တစ်ခုပြီးမှ တစ်ခုတက်ရင် လူတိုင်းရတဲ့ အောင်မြင်မှုမျိုးပဲ ငါရမယ်။ ငါလိုချင်တဲ့ အောင်မြင်မှုမျိုး ငါရမှာ မဟုတ်ဘူး။ ငါရချင်တဲ့ အောင်မြင်မှုက သူများတွေထက် ပိုထူးခြားနေတဲ့ အောင်မြင်မှုမျိုး ဖြစ်နေတာကြောင့် ငါဒါကို ရဖို့ဆိုရင် သူများတွေထက် ပိုကြိုးစားနေမှ ရမယ်ဆိုတဲ့ ဒီသင်ယူမှုမှာ စိတ်ကောကိုယ်ပါ နှစ်ပြီး အချိန်ပေးခဲ့ပါတယ်။

တကယ်လို့ လူငယ်တွေ တစ်ခုခုကို လေ့လာဖို့ အချိန်မရှိဘူးလို့ တွေးလိုက်ရင် ငါအောင်မြင်ဖို့အချိန်မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် တိုးတက်ဖို့ အချိန်မရှိဘူးလို့ တွေးလိုက်တာနဲ့ အတူတူပါပဲ။

သူမနဲ့ ကျန်းမာရေး

အစ်မက ကျန်းမာရေး အရမ်းကောင်းမွန်တဲ့အထဲမှာ မပါတော့ ပိုဂရုစိုက်ရတယ်။ ကျန်းမာရေးအတွက် ဆရာဝန်ပေးထားတဲ့ ဆေးတွေကို ညွှန်ကြားချက်အတိုင်း သောက်ဖြစ်တယ်။ တစ်ပတ်မှာ လေးရက်လောက်၊ နာရီဝက်စီ လေ့ကျင့်ခန်းလုပ်ဖြစ်တယ်။ စိတ်ဖီးစီးမှုတွေ အရမ်းများနေချိန် လေ့ကျင့်ခန်းလုပ်လိုက်တဲ့အခါ လူက မောပန်းပြီး ဘာမှမစဉ်းစားဖြစ်တော့ဘူး။ အဲ့ဒီအချိန်လေးကို အရမ်းသဘော ကျတယ်။ နောက်တစ်ခုက ရေအများကြီးသောက်တယ်။ တစ်လတစ်ခါလောက် ဆရာဝန်နဲ့ Medical Check-up လုပ်ဖြစ်ပါတယ်။

တစ်ခါတလေ ကျန်းမာပြီး တစ်ခုခုကြောင့် စိတ်ညစ်နေတဲ့သူတွေ တွေ့ရင် အကြံပေးချင်တာက ကိုယ်က ကျန်းမာနေတဲ့သူဆိုရင် ဘာမဆိုလုပ်နိုင်နေသေးတယ်။ ကြိုးစားဖို့ အခွင့်အရေးတွေ အများကြီးရှိသေးတယ်။ ဒီလိုကျန်းမာနေတာက ကိုယ့်ဘဝမှာ ကံကောင်းခြင်းတစ်ပါးလို့ တွေးပြီးတော့ ဂုဏ်ယူပေးပါ။ ပျော်ရွှင်ပေးပါလို့ ပြောချင်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူမနဲ့ မြန်မာ့ရိုးရာဝတ်စုံ

အစ်မက မြန်မာအမျိုးသမီးတစ်ယောက်ဖြစ်ရတာ အရမ်းဂုဏ်ယူတယ်။ ဒါ့အပြင် မြန်မာဆရာမတစ်ယောက်ဖြစ်ရတာလည်း အရမ်းဂုဏ်ယူတယ်။ ဘာလို့လဲဆိုတော့ မြန်မာလူမျိုးတစ်ယောက်ကို ကြည့်လိုက်ရင် လှပတဲ့အလှအပတွေကအများကြီးပဲ။ ဥပမာ- မြန်မာ့ရိုးရာချိတ်ကို အစ်မဝတ်လိုက်ပြီဆိုရင် အရမ်းကျက်သရေရှိသလို ခံစားရတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ နူးညံ့တဲ့စိတ်၊ သူတစ်ပါးကို ကူညီချင်တဲ့စိတ်နဲ့ မိခင်တစ်ယောက်ရဲ့စိတ်စေတနာတွေအကုန်လုံးကို မြန်မာဝတ်စုံက ပုံဖော်ပေးနိုင်တယ်လို့ အစ်မယုံကြည်မိတယ်။ ဒါကြောင့်မို့ အစ်မက မြန်မာဝတ်စုံလေးတွေကို မြတ်မြတ်နိုးနိုးဝတ်တယ်။ ကျောင်းက ကျောင်းသူလေးတွေကိုလည်း မြန်မာဝတ်စုံလေးတွေ မြတ်မြတ်နိုးနိုးဝတ်ဖို့ သင်ပေးဖြစ်ပါတယ်။

သူမနဲ့ ချစ်ခြင်းမေတ္တာ

သူတစ်ပါးဆီက ရယူချင်မှုတွေနဲ့ ပူလောင်နေတဲ့ အချစ်ဆိုတာထက် နှစ်ဦးနှစ်ဖက် မျှတမှုတွေ ပါဝင်တဲ့ ချစ်ခြင်းမေတ္တာကိုပဲ အစ်မက ပိုတန်ဖိုးထားပါတယ်။ ပြီးတော့ ချစ်နေရုံနဲ့လည်း မပြီးသေးဘူး။ တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိဖို့အပြင် ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးနဲ့  ကိုယ်က ဒါကိုကြိုက်တယ်။ သူက ဒါကို မကြိုက်ဘူးဆိုတာကို ပြောပြပေးဖို့ လိုတယ်။ ဥပမာ – ကိုယ်က ကိုယ့်ချစ်သူ ညဘက် အပြင်ထွက်တာ မကြိုက်ဘူးဆိုရင် ကိုယ်မကြိုက်ပေမဲ့ သူကြိုက်တယ်လေ။ အဲ့ဒီအခါမှာ သူနဲ့ကိုယ်ကြား ဆွေးနွေးညှိနှိုင်းဖို့တော့ လိုအပ်လာတယ်။ တစ်ပတ်မှာ ၇ရက်လုံး အပြင်ထွက်မယ့်အစား ၃ ရက်တော့သွားပါ။ ကျန်တဲ့၎ရက်တော့ အိမ်မှာနေပါဆိုပြီး ခွင့်ပြုပေးရတယ်။ အဲ့ဒီလိုမျိုးပေါ့နော်။

နောက်ဆုံးအရေးကြီးတဲ့အချက်က ချစ်သူတွေကြားပဲဖြစ်ဖြစ်၊ အိမ်ထောင်ဖက်တွေကြားမှာပဲဖြစ်ဖြစ် ကိုယ်ကြောင့် ကိုယ့်လက်တွဲဖော်က ပိုမိုလင်းလက်တောက်ပတဲ့ကြယ်တစ်ပွင့်ဖြစ်အောင် ပံ့ပိုးပေးချင်တဲ့စိတ်က အရမ်းအရေးကြီးပါတယ်။ နှစ်ဦးလုံးက လက်တွဲညီညီနဲ့ ကြိုးစားမယ်ဆိုရင် ဒီအိမ်ထောင်ရေးက သာယာမယ်။ အိမ်ထောင်ရေးသာယာတဲ့အခါမှာ စီးပွားရေးကလည်း သာယာမယ်။ ဒါ့ကြောင့် အစ်မပြောချင်တာက သမီးရည်းစားတွေ၊ အိမ်ထောင်ဖက်တွေ လက်တွဲကြမယ်ဆိုရင် ဘဝအနာဂတ်အတွက် ရဲဘော်ရဲဘက်အနေနဲ့ နားလည်မှုတွေနဲ့ ရှေ့ဆက်ပါလို့ ပြောချင်တယ်။

သူမ အဓိပ္ပာယ်ဖွင့်ဆိုလာတဲ့ ပျော်ရွှင်မှု
(က) ပျော်ရွှင်ခြင်းနဲ့ အတွေးအခေါ်ဆက်စပ်မှု

ကိုယ်က သူတစ်ပါးကို နားမလည်ပေးနိုင်ဘူး။ သည်းမခံနိုင်ဘူး။ တခြားလူရဲ့နေရာကနေ ဝင်ခံစားကြည့်ပြီး မတွေးပေးသရွေ့ စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာ မရဘူး။ ဥပမာ- ကိုယ်က လူတစ်ယောက်ကို နားလည်မပေးဘဲ ငါ့ကိုဒီလိုလုပ်ရက်တယ်။ ဒီလိုပြောရက်တယ်လို့ တွေးနေမယ်ဆိုရင် ဒီအတွေးတွေက အစ်မတို့ကို ပူလောင်စေတယ်။

အတွေးအခေါ်တိုးတက်တဲ့သူက တစ်ပါးသူရဲ့ ပူလောင်မှု၊ ဝေဖန်မှု၊ တိုက်ခိုက်မှုတို့ကို ကိုယ့်ရဲ့ပူလောင်မှု၊ ကိုယ့်ရဲ့ဒုက္ခ၊ ကိုယ့်ရဲ့ အကုသိုလ်အဖြစ် မယူဘူး။ ဒါ့ကြောင့် အတွေးအခေါ်ရဲ့ တိုးတက်မှုက လူတစ်ယောက်ပျော်ရွှင်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ အတွေးအခေါ်တိုးတက်မှု ရှိလာတဲ့အခါ လူတွေကို နားလည်ပေးနိုင်လာတယ်။ သည်းခံပေးနိုင်လာတယ်။ အဲ့ဒီမှာမှ ပျော်ရွှင်မှုဆိုတာ စတင်ရလာတယ်။

(ခ)  ပျော်ရွှင်ခြင်းနဲ့ အလုပ်အကိုင်တိုးတက်မှု

အလုပ်အကိုင်ရဲ့တိုးတက်မှု ဆိုတာက လူတစ်ယောက်ဟာ သူ့အလုပ်အကိုင်မှာ ပိုက်ဆံရှိတာ၊ မရှိတာ နောက်မှထား။ သူ့အလုပ်မှာ ပျော်ရွှင်နေတယ်။ အလုပ်လုပ်ရတာ ကျေနပ်နေတယ်ဆိုရင် အရာအားလုံးကို အကောင်းမြင်တယ်။ သူလုပ်နေရတာကို ကျေနပ်အားရ နေတဲ့အတွက် သူ့မှာယုံကြည်မှုရှိတယ်။ ယုံကြည်မှုဆိုတာရှိမှပဲ သူ့မှာပျော်ရွှင်မှုဆိုတာရှိတာ။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်တဲ့သူတွေက ဘယ်တော့မှ ပျော်ရွှင်မှုမရှိဘူး။ ဘာလို့လဲဆိုတော့ သူတို့က သူ့တို့ကို တစ်ယောက်ယောက် လာတိုက်ခိုက်မှာ၊ ဝေဖန်မှာ အမြဲကြောက်နေ တယ်။

(ဂ)  ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးသော ပျော်ရွှင်မှု

၂၁ ရာစုမှာ ဘယ်နေရာမှ လုံခြုံနိုင်တယ်ဆိုတာ မရှိတဲ့အတွက် အစ်မတို့စိတ်ထဲမှာ ဘာတွေးဖို့လိုလဲဆိုတော့ ငါ အခက်အခဲတွေ့ရင် အကောင်းဆုံးရင်ဆိုင်မယ်။ လူတွေရဲ့ချစ်ခြင်း၊ မုန်းခြင်းသည် ငါ့ရင်ဘတ်ထဲက ချစ်ခြင်း၊ မုန်းခြင်းနဲ့မသက်ဆိုင်စေရဆိုတဲ့ မေတ္တာတရား လေးထားပြီး သူက ကိုယ့်ကို ပုတ်ခတ်လည်း ကိုယ်ပြန်လုပ်စရာမလိုဘူး။ သူကကိုယ့်ကို မဲ့ပြလည်း ကိုယ်က ပြန်မဲ့ပြစရာမလိုဘဲ အပြုံးလေးတစ်ခုနဲ့ မေတ္တာလေးထားလိုက်မယ်ဆိုရင် သူတို့စိတ်ချမ်းသာတာ၊ မချမ်းသာတာ နောက်မှလေ။ ကိုယ်ကအရင်စိတ်ချမ်းသာမှုကို ရစေတယ်။ ဒါက စိတ်သဘောထားပြည့်ဝတာလို့ ခေါ်မယ်။ ဒါ့ကြောင့် လူငယ်တွေကို ပြောချင်တာက ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်မှ၊ ကိုယ့်ကိုယ်ကိုယ်ပျော်အောင်ထားနိုင်မှာ ဖြစ်တဲ့အတွက် သူတစ်ပါးကိုချစ်တာ၊ မချစ်တာ နောက်မှာထားပြီး ကိုယ့်ကိုယ်ကိုယ်ချစ်ပြီး ကိုယ်ဟာ ပျော်ရွှင်မှုနဲ့ထိုက်တန်တယ်ဆိုတာ အမြဲသတိပေးနေပါလို့ ပြောချင်တယ်။

သူမနဲ့ အောင်မြင်မှုအတွက် မျှဝေမှု ( လူငယ်တွေအတွက် အကြံပေးစကား)

အောင်မြင်ချင်တယ်လို့ပြောလိုက်တာ အရမ်းလွယ်တယ်။ အဲ့ဒီအောင်မြင်မှုရဖို့ လုပ်ရတာ အရမ်းခက်ခဲပင်ပန်းတယ်။ ပါးစပ်ကပြောလိုက်တဲ့အောင်မြင်မှုကိုရဖို့အတွက် တကယ်ကိုကြိုးစား ရုန်းကန်ရတဲ့သူတွေပဲ ဒီအောင်မြင်မှုကို ရနိုင်ပါတယ်။

အပြောနဲ့တင် မဟုတ်ဘဲ လက်တွေ့မှာအောင်မြင်မှုကိုရချင်တယ်ဆိုရင် နေ့ရက်တိုင်းမှာ ရူးသွပ်စွာနဲ့ သင်ယူ၊ ရူးသွပ်စွာနဲ့ကြိုးစားပြီး၊ ရူးသွပ်စွာနဲ့ ရှေ့ဆက်နေဖို့ အရမ်းအရေးကြီးတယ်။ ရူးသွပ်စွာနဲ့ သင်ယူဖို့ဆိုတာ လွယ်တယ်။ ရူးသွပ်စာနဲ့ကြိုးစားဖို့အထိ လွယ်သေးတယ်။ ရူးသွပ်စွာနဲ့ရှေ့ဆက်ဖို့ကျ စခက်လာပြီ။ ဘာလို့လဲဆိုတော့ ရူးသွပ်စွာကြိုးစားမှုမှာ ငါဒီနေ့နေမကောင်းဘူး။ ဘာလို့ညာလို့စသဖြင့် ဆင်ခြေတွေ အများကြီးရှိလာပြီ။  အဲ့ဒီလိုဆင်ခြေတွေက ရူးသွပ်စွာရှေ့ဆက်ဖို့ အဟန့်အတားတွေဖြစ်လာတယ်။ ပြီးတော့ လူဆိုတာ ဝေဖန်မှုတွေမကြုံရသေးခင်မှာ အဆင်ပြေနေတယ်။ အဲ့ဒီအချိန်မှာ ဝေဖန်မှုတွေ ကြုံလာပြီ။ အခက်အခဲတွေကလည်း ရှိနေပြီဆိုရင် ရှေ့မဆက်ချင်တော့ဘူး။

ဒါကြောင့် ဘယ်ပညာရပ်မှာမဆို မပျင်းမရိဘဲ ငါ ဘယ်အခက်အခဲပဲကြုံကြုံ ရှေ့ဆက်လေ့လာမယ်။ သူတစ်ပါးတွေထက် သာအောင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်အောင် လေ့လာမယ်လို့ တွေးထားတာ၊ စိတ်ပိုင်းဖြတ်ထားက တကယ်လက်တွေ့မှာ အောင်မြင်ဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တကယ်လို့ ငါလဲကျသွားရင်ကော ဘယ်လိုလုပ်မလဲဆိုပြီး တွေးမပူပါနဲ့။ လူတိုင်း အခက်အခဲနဲ့ကြုံလာတိုင်း လဲကျမှာပါ။ အစ်မကိုယ်တိုင်လည်း လဲကျခဲ့ဖူးတယ်။ ဒါပေမဲ့ ငါလဲကျတိုင်း သင်ယူမှုနဲ့ ပြန်ထနိုင်တယ်လို့ ယုံကြည်ချက်ထားပါ။

နေ့စဉ် ကိုယ်ပြုမူလိုက်တဲ့အပြုအမူသေးသေးလေးတွေဟာ နောက်တစ်နှစ်၊ နှစ်နှစ်မှာ ကိုယ်ဘယ်လိုလူလဲဆိုတာကို ပြတဲ့ သင်္ကေတလေးတွေ ဖြစ်တာကြောင့် အားလုံးပဲ ဒီနေ့မှာ ငါဘာတွေလုပ်နေလဲ၊ ငါနေ့ရက်တိုင်းမှာ ဘယ်လိုအကျင့်လေးတွေ လုပ်ပြီး ကျော်ဖြတ်နေလဲဆိုတာ စဉ်းစားလိုက်ခြင်းအားဖြင့် မောင်လေးတို့၊ ညီမလေးတို့အားလုံး  နောက်တစ်နှစ် နှစ်နှစ်မှာ ဘယ်လိုလူဖြစ်လဲဆိုတာ တွေ့ရှိသွားမှာ အသေအချာပါပဲ။

စာချစ်သူတို့ကော မပို့ပို့ကြည်ရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။