Grace Oo ( မိုင်းနေခြည်နှင်းပွင့်ဦး ) ပြောတဲ့သူမအကြောင်း

blank

Grace Oo ဆိုတာ ဘယ်သူလဲ။

သူမဟာ ကလေးတွေကို သီချင်းသီဆိုခြင်းအနုပညာနဲ့ မိမိခန္ဓာကိုယ်ကို မိမိနားလည်ခြင်းတွေနဲ့ပတ်သက်ပြီး သင်ကြားပေးနေပါတယ်။ ဂီတဟာ စိတ်ခံစားချက်ကို ဖော်ပြနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်စွမ်းပိုမိုမြင့်မားစေတာမို့ ဂီတကိုလေ့လာခြင်းအားဖြင့် လူတွေရဲ့စိတ်အာရုံကို ပိုမိုနိုးကြားစေနိုင်ကြောင်းကို လက်တွေ့သင်ကြားပြသနေသူတစ်ဦးဆိုလည်း မှန်ပါတယ်။

သူမနဲ့ ဂီတဆိုတဲ့ ဘာသာရပ်တစ်ခု

ဂီတလေ့လာခြင်းက ကလေးတွေရဲ့ ကျောင်းစာသင်ယူမှုကို အထောက်အကူပြုပါတယ်။ အနောက်နိုင်ငံတွေမှာဆိုရင် ဂီတကို မူကြိုမှာကတည်းက မသင်မနေရစနစ်အနေနဲ့ထည့်ထားတယ်။ စနစ်တကျသာ သင်ကြားပေးမယ်ဆိုရင် ကျောင်းစာတွေကို မထိခိုက်နိုင်ပါဘူး။ ဂီတဟာ သင်္ချာပါ။ ဂီတဟာ ဘာသာစကားပါ။ ဂီတဟာ သမိုင်းပါ။ ဂီတဟာ သိပ္ပံပါ။ ဂီတဟာ အတွေးအခေါ် ပညာပါ။ ဂီတဟာ စိတ်ပညာလည်း ပါပါတယ်။ အထူးသဖြင့် သင်္ချာ၊ သိပ္ပံ၊ အနုပညာနဲ့ ဘာသာစကားဘက်တွေမှာ ထူးချွန်ကြတယ် ဆိုတာကို Richard Miller ဆိုတဲ့ ပညာရှင်က လေ့လာဖော်ပြခဲ့တယ်။ အသက်ငယ်ငယ်လေးကတည်းက ဂီတကိုလေ့လာတဲ့ ကလေးတွေက ကျောင်းပညာရပ်တော်တော်များများမှာ သူများထက် ပိုပြီးအားကောင်းတာကို တွေ့နိုင်တယ်။

ဂီတသင်ယူထားတဲ့သူတွေရဲ့ ဦးနှောက်က ဂီတကိုထောက်ပံ့သလို အခြားလှုပ်ရှားမှုတွေမှာလည်း အလားတူထောက်ပံ့ပေးတာကြောင့် လူတစ်ယောက်က ဂီတကို သင်ယူတတ်မြောက်တယ်ဆိုရင် အခြားအရာတွေကို သင်ယူတတ်မြောက်ဖို့ကလည်း လွယ်ကူပါတယ်။ ဒါကြောင့် ကိုယ့်သားသမီးကို ကျောင်းစာနဲ့အတူ အားလပ်ချိန်တွေမှာ ဂီတပညာကို တွဲသင်စေခြင်းအားဖြင့် အာရုံစူးစိုက်မှုအား ပိုကောင်းလာမှာဖြစ်တဲ့အတွက် မိဘတွေက နည်းလမ်းမှန်နဲ့ လမ်းကျောင်းပေးမယ်ဆိုရင် Music သင်ကြားခြင်းက ကျောင်းစာကို မထိခိုက်တဲ့အပြင် ပိုပြီးအထောက်အကူပြုနိုင်ပါတယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ အတင်းအကြပ် မသင်ပေးဖို့လည်း လိုအပ်ပါတယ်။

သူမ အဓိပ္ပာယ်ဖွင့်ဆိုတဲ့ အချစ်နဲ့ဂီတ

ဂီတက အချစ်ပဲ။ ဘယ်လိုမျိုးလဲဆိုရင် အချစ်က နူးညံ့တယ်။ ဒီလိုပဲ တစ်ဖက်မှာလည်း ကြံ့ခိုင်တယ်။ ဒါကြောင့် အချစ်အတွက်ဆို လူတွေက အရာရာကျော်လွှားနိုင်တယ်။ ဂီတကလည်း အဲ့ဒီလိုပဲ အရမ်းနူးညံ့တယ်။ ဒါပေမဲ့ ဂီတကို ဖန်တီးသူတွေရဲ့ နှလုံးသားက နူးညံ့ပေမယ့် စိတ်ဓာတ်ကမာတယ်။ ကြံ့ကြံ့ခံနိုင်ကြတယ်။ ဒါကြောင့် အဲ့ဒီနှစ်ခုက ခွဲထားလို့မရပါဘူး။

သူမနဲ့ တပည့်တွေကြားက ရင်းနှီးချစ်ခင်မှု

ကိုယ်တွေငယ်ငယ်ကဆို ကြောက်ရတဲ့ ဆရာ၊ ဆရာမတွေနဲ့ကြီးပြင်းခဲ့ရပါတယ်။ အဲ့ဒီလို အခြေအနေကို အစ်မ မကြိုက်ဘူး။ ကိုယ့်ကို သူများတွေက ငါ့ဆရာမက အမေလိုပဲ စောင့်ရှောက်တယ်။ အစ်မလိုပဲ ဆုံးမတယ်လို့ပြောရင် အရမ်းအားကျခဲ့တာဆိုတော့ ကိုယ်ဆရာမဖြစ်လာတဲ့ အလှည့်ကျရင် “ ငါဆရာမကွ” ဆိုပြီးနေတာထက် ပွင့်ပွင့်လင်းလင်းနေဖို့ လမ်းဖွင့်ထားပေးတယ်။
သူတို့နဲ့ သူငယ်ချင်းလိုပဲ ပေါင်းတယ်။ နွေးထွေးတဲ့ဆက်ဆံမှုကို လိုချင်တယ်။ သူတို့က ဓါတ်ပုံရိုက်လို့ ပေါမယ်ဆိုလည်း ပေါလိုက်တာပေါ့နော်။ ခုန်မယ်ဆိုလည်း ခုန်လိုက်တာပေါ့။ တပည့်တွေကို ဆုံးမသင့်တာဆုံးမပြီး ပျော်အောင်ထားတယ်။ ဒါပေမဲ့ အဲ့ဒီလိုနေလို့ အရိုအသေမတန်သွားဘူးနော်။ ကျောင်းသားတိုင်းက လေးစားမှုရှိကြတဲ့အပြင် သူတို့ရဲ့ ချစ်ခင်မှုကိုပါ ပိုရလာတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူမနဲ့ တပည့်အမျိုးမျိုး

တပည့်တွေကတော့ ပုံစံအမျိုးမျိုးပါပဲ။ နာခံတဲ့တပည့်ရှိသလို အာခံတဲ့တပည့်ဆိုတာလည်းရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်နေနေ တပည့်တိုင်းက တပည့်ပဲလေနော်။ အာခံတဲ့တပည့်တွေကိုလည်း အစ်မကတော့ မတုံ့ပြန်တာများပါတယ်။ မသိချင်ယောင်ဆောင် ပေးနေတာပိုများတယ်။ အချိန်တန်လို့ ကိုယ့်အကြောင်းသိသွားတော့လည်း သူတို့ အားနာသွားတာပေါ့။ တစ်ခါတလေတော့လည်း ဝမ်းနည်းရတာတွေတော့ ရှိတယ်။ ဒါပေမဲ့ အစ်မအပေါ်မှာ လွန်လွန်ကျူးကျူးမဟုတ်ရင် တုံ့ပြန်တာကတော့ နည်းပါတယ်။

သူမနဲ့ ဂီတလေ့လာခြင်းရဲ့ အကျိုးကျေးဇူး

ဂီတသင်ယူခြင်းအားဖြင့် ကလေးတွေဟာ အာရုံစူးစိုက်မှုကောင်းတယ်။ ပြီးရင် ဆက်စပ်တွေးခေါ်မှုပိုင်းတွေမှာလဲ မြင့်တက်လာတယ်။ ဝေဖန်ပိုင်းခြားနိုင်မှုအားတွေလည်း ကောင်းလာတယ်။ ပေါင်းသင်းဆက်ဆံရေးပိုင်းမှာလည်း ဝင်ဆံ့လာတယ်။ ပြီးတော့ စည်းကမ်းပိုင်းမှာလည်းကောင်းလာတယ်။ ဥပမာအားဖြင့် ကလေးတွေက ကိုယ့်ပစ္စည်းကိုယ်သိမ်းရတဲ့အတွက် သိမ်းဆည်းတဲ့ အကျင့်နဲ့ ကိုယ့်ပစ္စည်းကိုယ်တန်ဖိုးထားတဲ့ အကျင့်လေးတွေရရှိမယ်။

ဂီတကိုသင်ယူရင်း အစုအဝေးနဲ့ အတူတကွ လုပ်ကိုင်ရတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ တည်ဆောက်နိုင်မယ်။ ဥပမာ – Choir (သံပြိုင်သီဆိုရတဲ့သီချင်း) ဆိုရတဲ့အခါ သီချင်းဆိုတာ မကောင်းတဲ့သူလည်း ရှိမယ်။ ကောင်းတဲ့သူလည်း ရှိမယ်။ ဒါကိုငါက အဆိုကောင်းတယ်ဆိုပြီး အာပြဲကြီးနဲ့ဆိုချလိုက်လို့မရဘူး။ တခြားသူတွေနဲ့ ညှိဆိုပေးရတယ်။ အဲ့ဒါတွေကြောင့် အဖွဲ့နဲ့ပူးပေါင်းပြီး အလုပ်လုပ်တတ်တဲ့စိတ်ထားတတ်လာမယ်။

နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ ကလေးငယ်လေးတွေဟာ ဂီတကို သင်ကြားရင်းနဲ့ မိမိတို့ရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်မှု စွမ်းရည်မှာလည်း ပိုမိုမြင့်မားလာနိုင်တယ်။ ဒါ့အပြင် ကလေးငယ်တွေရဲ့ အကြားစွမ်းရည်၊ အာရုံစူးစိုက်မှုစွမ်းရည်တို့ကိုလည်း မြင့်တက်စေပါတယ်။

သူမ နဲ့ အလှတရားဖွင့်ဆိုချက်

အစ်မက သီချင်းအဆိုသင်တော့ အဆိုနဲ့ ပိုဦးစားပေးပြီး ပြောပြပါမယ်။ အစ်မဆို နှာခေါင်းနည်းနည်းပွတော့ ငယ်ငယ်တုန်းကဆို နှာခေါင်းနဲ့ပတ်သက်ပြီး လူတွေက တော်တော်လေးစနောက်ကြတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဒီနှာခေါင်းမရှိရင် တော်တော်လှမှာလို့ ထင်ခဲ့ဖူးတယ်။ သီချင်းဆိုတိုင်းလည်း နှာခေါင်းကိုပဲ စိတ်ရောက်နေလို့ နှာသံပေါက်ခဲ့ဖူးတယ်။ ကိုယ့်ကိုယ်ကိုယ် လက်ခံလိုက်တော့ လည်း ပြေပြစ်နေတာပါပဲ။ အစ်မငယ်ငယ်တုန်းကဖြစ်ခဲ့သလို တချို့တွေက သီချင်းဆိုတဲ့အခါ ပါးစပ်တွေ မပွင့်တာ၊ ကိုယ့်မျက်နှာမှာ ဘာဖြစ်နေတာ၊ ကိုယ့်ခန္ဓာကိုယ်အချိုးအစားက ဘယ်လိုဆိုတာတွေအပေါ် စိတ်ရောက်နေတတ်ပြီး သီချင်းဆိုရင် ပိုပြီးပုံပျက်ပန်းပျက် ဖြစ်တတ်ကြတယ်။ အဓိကတရားခံက သူများပြောတာကို နားထောင်ခဲ့ရပြီး စိတ်ဒဏ်ရာရနေတာပေါ့။
ဒါကြောင့်မို့ အစ်မက အစ်မဆီရောက်လာတဲ့ကလေးတွေကို ဘာကြီးပဲဖြစ်နေပါစေ။ သီချင်းဆိုရင် သီချင်းကိုပဲ အာရုံစိုက်ဖို့က နံပါတ် (၁) ၊ သီချင်းဆိုတာကောင်းနေရင် လူတွေက သင်ဘယ်လိုလှပသလဲဆိုတာကိုတောင် အာရုံမစိုက်နိုင်တော့လောက်အောင် တစ်လောကလုံး သင်ပဲအလှဆုံးလို့ ထင်လိမ့်မယ်လို့ အားပေးပါတယ်။ ကိုယ့်ရဲ့အလှ၊ ကိုယ့်ရဲ့အသံကို တန်ဖိုးထားချစ်ခင်တတ်ဖို့လည်း လိုအပ်ပါတယ်။

သူမ ကြိုက်နှစ်သက်တဲ့ ဆောင်ပုဒ်

“ မဖြစ်နိုင်တာ မရှိဘူး။ မဖြစ်သေးတာပဲ ရှိတယ်။ ”

သီချင်းဆိုဖို့ လာကြတဲ့အခါ အများဆုံးပြောတဲ့စကားက သား (သို့) သမီးကတော့ အသံမကောင်းဘူး။ ဆိုလို့မရဘူးဆိုတာတွေကို အရင်ကြားရတယ်။ လူတိုင်းက သီချင်းဆိုတတ်ပါတယ်။ အသံမညှိရသေးတာ၊ အဆိုမလေ့ကျင့်သေးတာပဲရှိပါတယ်။ ဥပမာ- ကျွန်မတို့ ဂစ်တာတစ်လက် ဝယ်ကြမယ်ဆိုရင် ကြိုးမညှိရသေးတဲ့ ဂစ်တာကြီးကို ဘယ်သူကမှ အသံလည်းမတည့်ဘူး၊ မကောင်းဘူး၊ မတီးဘူးကွာ ဆိုပြီး ချောင်မထိုးထားပါဘူး။ အရင်ဆုံးကြိုးညှိကြည့်၊ အသံထွက်လာတော့မှ စပြီး တီးခတ်ကြတာဖြစ်တဲ့အတွက် မဖြစ်သေးတာနဲ့ နေရာမှန်မရောက်သေးတာပဲ ရှိတာပါ။ မဖြစ်နိုင်ဘူးဆိုတာတော့ မရှိပါဘူးလို့ အစ်မ သုံးသပ်မိတယ်။

သူမနဲ့ အောင်မြင်မှု

အောင်မြင်မှုဆိုတာ ဘယ်လိုအရာကို ကိုယ်က အောင်မြင်တယ်လို့ခေါ်တာလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အစ်မကတော့ အောင်မြင်တယ်ဆိုတာ ဒီနေ့အတွက် ကိုယ်အတန်းတစ်တန်းကို အောင်မြင်စွာသင်ကြားပြီးရင် ဒါ ဒီနေ့ အတွက်အောင်မြင်မှုပဲ။ ကိုယ်လုပ်ရမယ့် အလုပ်တစ်ခုချင်းစီတိုင်းကို ပြီးမြောက်အောင်မြင်အောင် လုပ်နေတာကလည်း ကိုယ့်အောင်မြင်မှုပဲ။
ဒီလိုအောင်မြင်မှုတွေရဖို့ ဘာတွေလုပ်ရမလဲဆိုတာ အမြဲရှာဖွေနေရတယ်။ ကျရှုံးမှူတွေဆီကနေ အမြဲသင်ယူဖြစ်တယ်။ တစ်ခါတလေ အဆိုသင်တဲ့အခါ မအောင်မြင်တဲ့ ရက်တွေ၊ ကိုယ်သင်ကြားပေးလို့မရခဲ့တဲ့ရက်တွေ အများကြီးရှိခဲ့တယ်။ အဲ့အခါမှာ ကိုယ်က သူတို့ရဲ့ အခက်ခဲတွေကိုကြည့်ပြီးတော့ ပြန်သင်ယူပြီး ငါ့မှာလိုအပ်နေတာ ဒါပါလားဆိုပြီး ပြန်ဖြည့်ရတယ်။ ဒါလည်း အစ်မအတွက် အောင်မြင်မှုတစ်ခုပဲ။

ငါအောင်မြင်တဲ့ အဆိုတော်ကြီးဖြစ်ချင်တယ်။ ဆရာမတစ်ယောက်ဖြစ်ချင်တယ်ဆိုပြီး ကိုယ်လုပ်နေရတဲ့ အရာသေးသေးလေးတွေ အပေါ် အထင်သေးပြီး အောင်မြင်အောင်မလုပ်ရင် အောင်မြင်မှုအကြီးကြီးက ဘယ်တော့မှရလာမှာ မဟုတ်ဘူးလို့ ခံယူထားပါတယ်။
စာချစ်သူတို့ကော Teacher Grace Oo ရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။