“မစန္ဒီအောင်” ပြောပြတဲ့ သူမအကြောင်း

blank
မစန္ဒီအောင် ဆိုတာ ဘယ်သူလဲ။

သူမက Forté Global (Centre for Learning & Development) ရဲ့ တည်ထောင်သူဖြစ်ပြီး လုပ်ငန်းအောင်မြင် တိုးတက်ဖို့ လိုအပ်တဲ့ စိတ်ဓာတ်၊ အသိပညာနဲ့ ခံယူချက်ကို တိုးတက်မြင့်မားလာစေမယ့် နည်းလမ်းတွေကို လူငယ်တွေအတွက် မျှဝေသင်ကြားပေးနေသူတစ်ယောက်ဖြစ်ပါတယ်။

သူမ ဖွင့်ဆိုတဲ့ အောင်မြင်မှုရဲ့ အဓိပ္ပာယ်

လူတိုင်းက အောင်မြင်မှုကို ဖွင့်ဆိုသတ်မှတ်ကြပုံချင်း မတူညီကြပါဘူး။ ငယ်ရွယ်တုန်းကတော့ ကိုယ်ငယ်စဉ်ကျောင်းတတ်တဲ့ အချိန်မှာ ဝင်ငွေရှာနိုင်ရမယ်။ အလုပ်လုပ်တဲ့အခါမှာလည်း ကိုယ်သတ်မှတ်ထားတဲ့အရာတွေ ပြီးမြောက်ခဲ့ရင် ဒါကို အောင်မြင်မှုလို့ သတ်မှတ်တယ်။ ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်တော့ ကိုယ့် customer portfolio ပိုကြီးနိုင်ရမယ်။ Customer ကပေးတဲ့ ကျေနပ်မှုအဆင့်သတ်မှတ်ချက် (satisfactory rate) ပိုမြင့်လာလေလေ ကိုယ့်အတွက် အောင်မြင်မှုပိုကြီးလာလေလေပေါ့။ ဒါပေမဲ့ ကိုယ်ပိုင်လုပ်ငန်း စတင်ပြီး ၆နှစ်ကျော် ကြာလာတဲ့အခါ ကိုယ်တကယ်စိတ်ပါဝင်စားတဲ့ အလုပ်တစ်ခုကို စိတ်အေးချမ်းသာစွာနဲ့ အလုပ်လုပ် နေနိုင်တယ်ဆိုတာကို အစ်မက အောင်မြင်မှုတစ်ခုလို့ သတ်မှတ်မိပြန်ပါတယ်။

ဒါကြောင့်မို့ ကိုယ်လက်ရှိရောက်နေတဲ့ ဘဝရဲ့အခြေအနေ၊ အချိန်အခါနဲ့ ဘဝပေးအတွေ့အကြုံတွေပေါ် မူတည်ပြီး အောင်မြင်မှုကို သတ်မှတ်ကြပုံတွေက မတူညီနိုင်ဘူးလို့ မြင်မိပါတယ်။

သူမရဲ့ အားသာချက်နဲ့ အားနည်းချက်အား ဆန်းစစ်ပုံ

အားသာချက်၊ အားနည်းချက်တွေကို ပြန်ဆန်းစစ်ဖြစ်တဲ့အခါ အစ်မ ကျောင်းနေစဉ်ကာလမှာ စကားပြောနည်းတာတွေ၊ လူတွေနဲ့ သိပ်ရင်းရင်းနှီးနှီးမနေတာတွေက အားနည်းချက်တစ်ခုလို ဖြစ်နေခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အားပေးခဲ့ရတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ဒီလိုအားနည်းချက်တွေနောက်မှာ ဘယ်လိုအားသာချက်တွေများရှိနိုင်မလဲတွေးကြည့်လိုက်တဲ့အခါမှာ ကိုယ်က စကားနည်းတဲ့ အတွက် သူများပြောတာကို ပိုနားထောင်ဖြစ်တယ်။ ပိုနားထောင်ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုဆက်သွယ်တဲ့ အခါမှာ ပိုအကျိုးရှိရှိ စကားပြောဖြစ်တယ်။

ဒါကြောင့် ကိုယ်သာတကယ်နားလည်မယ်ဆိုရင် ကိုယ့်ရဲ့အားနည်းချက်ကိုလည်း အားသာချက်ဖြစ်အောင် ပြန်ပြောင်းလဲလို့ရနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူမနဲ့ စကားလုံးများရဲ့ အရေးပါပုံ

လုပ်ငန်းခွင်နယ်ပယ်မှာတင်မက မိသားစုအတွင်းမှာပါ စကားပြောဆိုမှုကြောင့် တစ်ယောက်အပေါ်တစ်ယောက် အထင်လွဲစရာတွေ မရှိရအောင် စကားပြောဆိုတဲ့အခါ တစ်ဖက်သား နားလည်လက်ခံနိုင်မယ့် စကားလုံးတွေနဲ့ လိုရင်းတိုရှင်းပြောဆိုဖို့၊ ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့က အရမ်းအရေးကြီးတာမို့ ဂရုစိုက်ပြောဆိုဖြစ်ပါတယ်။

ကိုယ်စကားပြောတဲ့အခါမှာ ပွင့်ပွင့်လင်းလင်းပြောဆိုဖို့အပြင် ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန်ပြောဆိုတတ်ဖို့လည်း လိုအပ်ပါတယ်။

သူမရဲ့ အလှအပနဲ့ ကျန်းမာရေး

အစ်မ အရင်တုန်းကဆိုရင် ကိုယ်ခန္ဓာကျန်းမာဖို့အတွက် လေ့ကျင့်ခန်းလုပ်တယ်။ ယောဂလုပ်တယ်။ ဒါပေမဲ့ ကိုယ်ကော စိတ်ပါ ကျန်းမာဖို့လိုအပ်ပါတယ်။ ဒါကြောင့် မိန်းကလေးအများစု ကိုယ့်ရုပ်ရည်လှပဖို့အတွက် skin care လုပ်တယ်။ မိတ်ကပ်လိမ်းတယ်ဆိုတာ အရေးကြီးသလို ကိုယ့်စိတ်နှလုံးလှပဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့်မို့ အစ်မ တစ်နေ့ကို ၅မိနစ် (သို့) ၁ဝမိနစ်လောက် အချိန်ပေးပြီး စိတ်တည်ငြိမ်အောင် တရားထိုင်တာမျိုး လုပ်ပါတယ်။ အဲ့ဒီလိုအချိန်ပေးပြီး တရားထိုင်ခြင်းအားဖြင့် ကိုယ်စိတ်ကလည်း ကြည်လင်သွားတဲ့အတွက် ကိုယ့်မျက်နှာလေးကလည်း ပိုကြည်လင်လာပါတယ်။

သူမ ပြောတဲ့ ကိုယ့်ကိုယ်ကိုယ်မေးသင့်တဲ့ မေးခွန်း

လူတော်တော်များများဟာ အောင်မြင်နေတဲ့လူတွေရဲ့ အကြောင်းအရာတွေကိုကြည့်ပြီး ငါ လုပ်ရင်ကော သူ့လောက်ဖြစ်ပါ့မလားဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် သံသယစိတ်တွေ အရမ်းဖြစ်တတ်ကြတယ်။  “ငါ…ဒါလုပ်ရင် အောင်မြင်ပါ့မလား” ဒီလိုအပျက်သဘောဆောင်တဲ့မေးခွန်းမျိုးတွေ မေးတာထက်စာရင် အပြုသဘောဆောင်တဲ့ မေးခွန်းလေးတွေ ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။  ဥပမာ – “ငါ…ဒါလုပ်လို့အောင်မြင်သွားရင်ကော ဘာဆက်လုပ်ရမလဲ။” တကယ်အောင်မြင်သွားရင် ဘာဆက်လုပ်မလဲဆိုတဲ့ မေးခွန်းလေးက စဉ်းစားစရာတွေ အများကြီးပါလာတဲ့အတွက် ဖြေဖို့အတွက် အရမ်းနက်နဲပါတယ်။

တကယ်လို့ ကိုယ့်ကိုယ်ကိုယ်ကြောက်စိတ်တွေ၊ သံသယစိတ်တွေ ဝင်လာခဲ့မယ်ဆိုရင် “ငါ… ဒါလုပ်လို့ အတိုင်းအတာတစ်ခုထိ အောင်မြင်သွားမယ်ဆိုရင် ဘာဆက်လုပ်မလဲ” အပြုသဘောဆောင်တဲ့ မေးခွန်းမျိုးတွေ ကိုယ့်ကိုယ်ကိုယ်မေးပြီး ကိုယ့်မှာရှိတဲ့ ကြောက်စိတ်ကို တိုက်ထုတ်ပစ်ပါလို့ အားပေးချင်ပါတယ်။

သူမ ကျင့်သုံးတဲ့အချက်သုံးချက်

၁။ ကိုယ်လုပ်ချင်တဲ့အလုပ်တစ်ခုကို ဘယ်သူကမှ ပြောစရာမလိုဘဲ တွန်းအားတစ်ခုအဖြစ်ပေးနိုင်တာ စိတ်အားထက်သန်မှုပါ။  ဒါကြောင့် ဘာပဲလုပ်လုပ် စိတ်အားထက်သန်မှု ရှိဖို့ အရေးကြီးပါတယ်။

၂။ စိတ်အားထက်သန်မှုရှိရုံနဲ့ မလုံလောက်သေးပါဘူး။ ကိုယ့်ရဲ့တစ်နေ့တာ အချိန်ဇယားကိုလည်း အစီအစဉ်ကောင်းကောင်း ချမှတ်ရေးဆွဲတတ်ဖို့လည်းလိုပါတယ်။ ဒါမှ ကိုယ့်ရဲ့အချိန်၊ ကိုယ့်ရဲ့အင်အားတွေကို သေချာစီမံခန့်ခွဲတတ်မှာပဲ ဖြစ်ပါတယ်။

၃။ အနားယူချိန်မှာ ပြည့်ပြည့်ဝဝနားပါ။ ကိုယ်ပင်ပင်ပန်းပန်းနဲ့ ကြိုးကြိုးစားစားအလုပ်လုပ်ပြီးရင် ကျန်တဲ့အရာတွေကို နောက်ဆံမတင်းနေဘဲ သေသေချာချာအနားယူဖို့လည်း လိုအပ်ပါတယ်။

လူငယ်တွေအတွက် သူမရဲ့ အကြံပေးစကား

လူငယ်တစ်ယောက် တိုးတက်အောင်မြင်ဖို့လိုအပ်မယ့်အချက်တွေထဲကမှ အရေးကြီးဆုံးအချက်တွေက

၁။ ကိုယ်လုပ်မယ့် အလုပ်တစ်ခု အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ ဘယ်သူမှ ကြိုမသိတဲ့အတွက် တကယ်လို့ ပထမအကြိမ် မဖြစ်မြောက်ခဲ့ဘူးဆိုရင်တောင် အရှုံးမပေးဘဲ နောက်ထပ်ကြိုးစားမယ်ဆိုတဲ့စိတ်ရှိရမယ်။  ကိုယ်တစ်ခုခုကိုမသိဘူးဆိုရင် တစ်ယောက်ယောက် လာသင်ပေးမှာကို စောင့်မနေဘဲ ကိုယ်ကိုယ်တိုင် ကြိုးစားပြီး သင်ယူချင်တဲ့စိတ်ရှိပါစေ။

၂။ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်မျိုးနဲ့ ဘာတွေပဲဖြစ်ဖြစ် ရှေ့ဆက်မယ်ဆိုတဲ့ သတ္တိမျိုးရှိရပါမယ်။ မိုက်ရူးရဲပြီး တဇွတ်ထိုးလုပ်တတ်တဲ့ သတ္တိမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။

၃။ လူငယ်တွေအနေနဲ့ ဘယ်လမ်းကမှန်လဲဆိုတာထက် ဘယ်လမ်းကမြန်လဲဆိုပြီး အလွယ်လမ်းတွေ၊ ဖြတ်လမ်းကနေ မလိုက်ကြပါနဲ့။ အလုပ်တစ်ခုကို မြန်မြန်ပြီးဖို့ထက် မှန်မှန်ကန်ကန်နဲ့ ပြီးဆုံးနိုင်ဖို့က ပိုအရေးကြီးပါတယ်။

စာချစ်သူတို့ကော မစန္ဒီအောင် ရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။