မေဂျူးဆိုတာ ဘယ်သူလဲ။
မေဂျူးဟာ သူမရဲ့လူမှုကွန်ရက်တွေမှာ အမေတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်နဲ့ အတွေ့အကြုံလေးတွေကို အမြဲဖွင့်ဟ ပြောပြလေ့ရှိသူတစ်ဦးပါ။ သူကိုယ်တိုင်ကလည်း အလုပ်လုပ်နေတဲ့မိခင်တစ်ယောက်ဖြစ်တာကြောင့် အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတိုင်း၊ မိခင်တိုင်း အတွက် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်၊ ဂရုစိုက်တတ်ကြဖို့ စာတွေရေးပြီး အမျိုးသမီးတွေကို စိတ်ဓာတ်ခွန်အားပေးနေသူ တစ်ယောက်ပါ။
သူမ ဘဝရပ်တည်ချက်အတွက် အရေးကြီးဆုံးအချက် ( ၅ ) ချက်
၁။ ကိုယ်ချင်းစာတရား။
၂။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ခြင်း။
၃။ မိသားစုကိုချစ်တဲ့စိတ်။
၎။ စဉ်ဆက်မပြတ် သင်ယူလေ့လာခြင်း။
၅။ သည်းခံစိတ်ရှိခြင်း။
သူမ မျှဝေတဲ့ မိခင်တစ်ယောက်ရဲ့ အနုပညာ
“ ကလေးငယ်လေးကို ကိုယ့်စိတ်ကြိုက်ခြယ်မှုန်းလို့ရတဲ့ ပန်းချီကားတစ်ချပ်လို့ တင်စားမယ်ဆိုရင် ပိတ်ကားချပ်ပေါ်မှာ ဖျက်ရာမပါဘဲ သူ့နေရာနဲ့သူ အရောင်တွေ ပေါင်းစပ်လှပနေပြီး မြင်ရတဲ့သူတိုင်းက ဖန်တီးသူရဲ့ အနုပညာထက် ဒီပန်းချီကားရဲ့ခမ်းနားမှုကို ရင်သပ်ရှုမောနေမယ့် ပန်းချီကားတစ်ချပ်ပဲ ဖြစ်စေချင်တယ်။”
တချို့မိခင်တွေက ကိုယ့်ကလေးကို ကိုယ်ဘယ်လိုလုပ်ပေးထားတာ၊ ကိုယ်သင်ပေးထားလို့ သူတတ်တာ ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ရှေ့တန်းတင်တာမျိုး လုပ်ကြတယ်။ အဲ့ဒါလေးတွေ မြင်ပြီး အစ်မလည်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မိတယ်။
ကိုယ်ကမွေးထားတဲ့ သမီးလေးဆိုပေမဲ့ သူ့မှာလည်း ကိုယ်ပိုင်ခံစားချက်၊ အတွေးတွေရှိမယ်။ အဲ့ဒါတွေကို ကိုယ်က လေးစားပေးရမယ်။ ငါဆိုတဲ့ အတ္တကြီးကို နောက်ဆုတ်ထားပြီး ငါသာ သားသမီးဆိုရင် ငါ့အမေဆီက ဘာများ လိုချင်မိမလဲဆိုတဲ့ အတွေးလေးနဲ့ တွေးပေးလေ့ရှိတယ်။
သူမ ကြုံခဲ့ရတဲ့ အခက်အခဲအချို့
အလုပ်လုပ်နေတဲ့ မိခင်တစ်ယောက်အနေနဲ့ အခက်အခဲတွေက အများကြီးပါပဲ။ အစ်မသမီးလေး ၃လအရွယ်က ရုံးသွားခါနီးတိုင်း ကလေးကိုထားပြီးရုံးသွားရတဲ့အခါ စိတ်မကောင်း တော်တော်ဖြစ်ရတယ်။
အဲ့ဒီအချိန်တုန်းကဆို အစ်မတို့ မြန်မာ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်ကနေ ကလေးကိုပစ်ပြီး အလုပ်လုပ်ရကောင်းလား။ အလုပ်ဆိုတာ ဘယ်အချိန်ပြန်လုပ်လုပ်ရတယ်။ ဆိုပြီး ပြောတဲ့ ဒဏ်တွေကို ခံခဲ့ရတယ်။ နောက်တစ်ချက်က ကိုယ်က အလုပ်လုပ်ဖို့ ရုံးသွားရပေမဲ့ အိမ်မှာထားခဲ့ရတဲ့ သမီးလေးကို မိခင်နို့သေချာတိုက်နိုင်ဖို့ နည်းလမ်းတွေကို အစ်မ တော်တော်လေ့လာခဲ့ရတယ်။ အခုခေတ်လို အွန်လိုင်းပေါ်မှာ နည်းလမ်းတကျ စာရေးပြီး ပြောပြတဲ့သူတွေလည်း သိပ်မရှိသေးဘူးလေ။
သူမနဲ့ အလှအပရေးရာ
အမျိုးသမီးတစ်ယောက် ဘယ်အချိန်မှာ မဆို လှလို့ရတယ်။ ကလေးမွေးပြီးရင် လှလှပပ မနေရနိုင်တော့ဘူးဆိုတဲ့ အတွေးတွေ ဒီခေတ်မှာမရှိတော့တာမို့ ကလေးမွေးပြီးရင် ဗိုက်စည်းထားပါ။ ကိုယ့်ဘာသာကိုယ် လှလှပပ သပ်သပ်ရပ်ရပ် ချပ်ချပ်ကပ်ကပ်နေပါ။ ကလေးထိန်းရင်းနဲ့ လှအောင်နေလို့ရတဲ့ နည်းလမ်းတွေ အများကြီးဝေမျှထားကြတဲ့ အစ်မတွေ၊ ညီမတွေရှိပါတယ်။ သူတို့ပြောတာလေးတွေကို လေ့လာပြီး အလှဆုံးဖြစ်အောင်နေပါ။
သူမရဲ့ အနာဂတ်စိတ်ကူး (မိခင်တိုင်းအတွက်)
အနာဂတ်မှာ အစ်မဖြစ်စေချင်တာက ကလေးမွေးထားတဲ့ မိခင်တွေ လုပ်ငန်းခွင်ပြန်ဝင်ကြတဲ့အခါ သူတို့ကလေးတွေကို ရုံးခေါ်လာရင် Day Care လိုမျိုး ကလေးထိန်းပေးတဲ့နေရာလေးတွေ ဖန်တီးပေးထားတာမျိုးရှိရင် အဆင်ပိုပြေမယ်။ အစ်မကိုယ်ပိုင်အတွေ့အကြုံအရပြောရရင် ကလေးမွေးပြီးနောက် အလုပ်ပြန်လုပ်တဲ့အခါ ပိုပြီးတော့ ကြိုးစားချင်စိတ်တွေ၊ ရာထူးတိုးချင်စိတ်တွေ၊ အလုပ်မှာအောင်မြင်ချင်တဲ့စိတ်တွေ များလာတာကြောင့် ကလေးမွေးထားတဲ့ မိခင်တိုင်း လုပ်ငန်းခွင်ပြန်ဝင်လာတဲ့အခါ လုပ်ငန်းရှင်တွေကကော၊ လုပ်ဖော်ကိုင်ဖက်တွေကကော သူတို့ကို လိုအပ်တဲ့နေရာကနေ အတတ်နိုင်ဆုံး ထောက်ပံ့ပေးကြမှ သူတို့ကလည်း ပိုပြီးတော့ ကြိုးစားချင်စိတ်တွေဖြစ်လာမှာပါ။
သူမ ယှဉ်တွဲပြတဲ့ အိမ်ထောင်ရေးနဲ့ ငွေရေးကြေးရေး
အစ်မတို့ အိမ်ထောင်သက်တမ်း အခုဆို ၅နှစ်ရှိပြီ။ တစ်ယောက်ကိုတစ်ယောက်ချစ်လို့ ယူထားတာဆိုပေမဲ့ ယူတဲ့အချိန်တုန်းက ငယ်သေးတော့ ငွေရေးကြေးရေးတွေ အများကြီး မစဉ်းစားမိခဲ့ဘူး။ နှစ်ယောက်တစ်ဘဝ ရုန်းကန်ကြရတဲ့အခါ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး အခန့်မသင့်ရင် စကားများရတာတွေ ရှိပေမဲ့လည်း ချစ်လို့ ယူထားတာဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းပြီး နေထိုင်ရတာပေါ့။ ဒါပေမဲ့ သေသေချာချာ အစီအစဉ်ချထားခဲ့တာ မဟုတ်တော့ ဘဝက တော်တော်ရုန်းကန်ရခဲ့တယ်။
မောင်လေးတွေ၊ ညီမလေးတွေကို အကြံပေးချင်တာက အိမ်ထောင်ပြုမယ်ဆိုရင် ထိုက်သင့်တဲ့ ပမာဏတစ်ခု ရောက်တဲ့အထိ ငွေစုပါလို့ အစ်မအတွေ့အကြုံအရ ပြောပြချင်တယ်။ အိမ်ထောင်မပြုခင် သေချာအစီအစဉ် ချစေချင်ပါတယ်။
သူမရဲ့ မြန်မာ့အိမ်ထောင်ရေးအပေါ်အမြင်…
အိမ်ထောင်တစ်ခုမှာ ယောကျာ်းက ငွေရှာ၊ မိန်းမက ဟင်းချက်၊ ကလေးထိန်း၊ ကလေးနဲ့ပတ်သက်တာတွေအကုန် လုပ်ရမယ်ဆိုတာမျိုးနဲ့ အစ်မတို့တွေရဲ့ မြန်မာ့ အိမ်ထောင်ရေးစနစ်ကြီးကို ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့ကြတယ်။ အစ်မခံယူချက်အရ အမျိုးသမီးတွေက အိမ်မှုကိစ္စနဲ့ ကလေးရဲ့ကိစ္စအဝဝကို တာဝန်အရဆိုတဲ့စိတ်နဲ့ မလုပ်ဘဲ ချစ်တဲ့စိတ်တစ်ခု တည်းနဲ့ ကူညီလုပ်ဆောင်ခဲ့ကြတာပါ။ ဒါကိုမှ ယောကျာ်းအလုပ်၊ မိန်းမအလုပ်ဆိုပြီး သတ်မှတ်ခွဲခြားနေဦးမယ်ဆိုရင် အိမ်ထောင်ရှင်မမှာ အကူအညီနည်းနည်းလေးတောင်မရဘဲ တာဝန်တွေပိလာတဲ့အခါ ပြဿနာသေးသေးလေးတွေစုပြီး သည်းမခံနိုင်တော့တဲ့အဆုံး ပေါက်ကွဲထွက်လာတဲ့အဖြစ်တွေ ရှိနိုင်ပါတယ်။ သည်းခံပြီးနေပြန်ရင်လည်း စိတ်ဖိစီးမှုတွေနဲ့ တော်တော်လေးလံလာမှာပါ။
ဒါကြောင့်မို့ အမျိုးသားတွေကလည်း ကိုယ့်အမျိုးသမီးကို သူ့နေရာမှာ ငါဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့တွေးပြီး သူ့တာဝန်၊ ငါ့တာဝန်မခွဲဘဲ တစ်ယောက်ကိုတစ်ယောက်ကူညီကြစေချင်ပါတယ်။ အိမ်ထောင်ရှင်အမျိုးသားက တတ်နိုင်သလောက် ကူညီပေးတဲ့အခါ အိမ်ထောင်ရှင်မအတွက်လည်း စိတ်ဓာတ်ခွန်အားတွေ ပိုပြီးရလာနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေတိုးပြီး ပိုသာယာတဲ့ အိမ်ထောင်ရေးကို ဖန်တီးနိုင်ပါတယ်လို့ ပြောချင်ပါတယ်။
အခုခေတ်မှာ ပြောင်းလဲသွားတဲ့အားသာချက်ကတော့ အမျိုးသမီးတွေကလည်း ကလေးမွေးရုံတင်သာမက မိသားစုတာဝန်ကို တစ်ဖက်တစ်လမ်းကနေ ထမ်းဆောင်မယ်လို့ တွေးတဲ့အတွက် အပြင်ထွက် အလုပ်လုပ်လာကြပြီ။ ဝင်ငွေကောင်းလာပြီ။ အိမ်တွင်းစီးပွားရေးတွေမှာ အောင်မြင်လာကြတာတွေ ရှိလာပါပြီ။
စာချစ်သူတို့ကော မမေဂျူးရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။
တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။