” ဒေါက်တာစောနေနွယ်” ပြောပြတဲ့ သူမအကြောင်း

blank
ဒေါက်တာစောနေနွယ် ဆိုတာ ဘယ်သူလဲ။

သူမက Pacific AA Group ရဲ့ လက်ထောက်ညွန်ကြားရေးမှူးတစ်ဦးဖြစ်သလို ဆရာဝန်တစ်ဦးလည်း ဖြစ်ပါတယ်။ ဘာသာတရားကိုင်းရှိုင်းတဲ့ သူမဟာ ဘဝကို ရိုးရှင်းတဲ့စိတ်ထားနဲ့ ဖြတ်သန်းနေသူဖြစ်ပြီး ပရဟိတနဲ့ အလှူအတန်းပိုင်းမှာလည်း ရက်ရောတဲ့သူတစ်ဦးဖြစ်ပါတယ်။

သူမနဲ့ ပျော်ရွှင်မှု

ပျော်ရွှင်မှုဆိုတာ ကိုယ်ထားတဲ့စိတ်အပေါ်မှာပဲ မူတည်တယ်။ ကျေးဇူးတရားနဲ့ပတ်သက်ပြီး အမှတ်ရစေတဲ့ စာလေးတွေကို စာအုပ်ထဲမှာ ချရေးဖြစ်တယ်။ နေ့စဉ် လုပ်ခဲ့တဲ့ အောင်မြင်မှုလေးတွေအကြောင်း ၊ အစ်မကို ကျေးဇူးပြုတဲ့သူတွေအကြောင်း၊ အစ်မ ကူညီလိုက်ဖြစ်လိုက်တဲ့အရာတွေအကြောင်း အဖြစ်အပျက်သေးသေးကြီးကြီး ချရေးဖြစ်တယ်။ အဲ့ဒီလိုရေးထားတာတွေကို  ပြန်ဖတ်လိုက်တဲ့အခါ ပီတိဖြစ်ရတယ်။ အဲ့ဒီအခါ ဘဝမှာ အဆိုးတွေချည်း ဖြစ်နေတာမဟုတ်ဘူး။ ကောင်းတဲ့အရာလေးတွေလည်း ရှိတာပဲဆိုတဲ့အတွေးရပြီး ကိုယ့်ပျော်ရွှင်မှုကို ကိုယ်ဖန်တီးဖြစ်တယ်။

သူမနဲ့ အချိန်စီမံခန့်ခွဲပုံ

အစ်မအနေနဲ့ မိသားစုကော၊ အလုပ်မှာပါ မလစ်ဟင်းအောင် တစ်နေ့တာအတွက် To do list လုပ်တယ်။ အစ်မကော၊ အစ်မမိသားစုကော အင်တာနက်သုံးချိန်တွေကို လျှော့ချပါတယ်။ သိပ်အရေးမကြီးတဲ့ လူမှုရေးပွဲတွေ မသွားဘူး။ အဲ့ဒီအခါ မိသားစုအတွက် အချိန်ပိုရလာတာပေါ့။ ဒါ့အပြင် ရုံးကမန်နေဂျာတွေကို သူတို့တာဝန်ပိုင်းတွေကို ကျေပွန်အောင် ထမ်းဆောင်စေတဲ့အခါ အလုပ်အတွက် လိုအပ်တဲ့ strategy တွေကို အစ်မ ပိုစဉ်းစားဖြစ်တာပေါ့။ ဒီလိုနည်းအားဖြင့် အစ်မ အချိန်တွေကို စီမံခန့်ခွဲပါတယ်။

သူမနဲ့ အိမ်ထောင်ရေးခံယူချက်

အိမ်ထောင်ရေးတစ်ခုမှာ အချစ်ရှိမှ အဆင်ပြေနိုင်တယ်လို့ အစ်မမြင်မိတယ်။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိမှု၊  ယုံကြည်မှု၊ အချင်းချင်းအပြန်အလှန်လေးစားမှုပေါ့။ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု၊  အချင်းချင်းသည်းခံ နားလည်မှုနဲ့ တစ်ယောက်အပေါ်တစ်ယောက် စာနာနားလည်ပြီး ပူးပေါင်းလုပ်ဆောင်တတ်မှုတွေ လိုမယ်လို့ မြင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူမနဲ့ လုပ်ငန်းခွင်ကို ဦးဆောင်တဲ့ အမျိုးသမီးတိုင်းအတွက် အချက် (၃) ချက်

၁။ နည်းပညာပိုင်းတွေကို သိနားလည်ရုံမက ကိုယ့်company ရဲ့ ရှယ်ယာရှင်တွေ၊ ဖောက်သည်တွေနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး ကိုယ့်လုပ်ငန်းကို တိုးတက်အောင်မြင်အောင်‌တွေးတောလုပ်ကိုင်ပါ။

၂။ ကိုယ့်ကုမ္ပဏီက service ကိုရောင်းတာလား။ Product ကိုရောင်းတာလား။ ဘာကိုပဲရောင်းရောင်း၊ ဦးဆောင်တဲ့သူက ရောင်းချနိုင်ရမယ်။

၃။ ကိုယ့်ကုမ္ပဏီ အဆင်ပြေနေသည်ဖြစ်စေ၊ မပြေနေသည်ဖြစ်စေ ကိုယ့် strategy ကို အာရုံစိုက်ပြီး ချမှတ်ထားတဲ့ Vision၊ Missionတွေ ရောက်တဲ့အထိ ကြံ့ကြံ့ခံခရီးဆက်သွားနိုင်ဖို့ သိပ်အရေးကြီးတယ်။

သူမနဲ့ ကောင်းမွန်တဲ့လုပ်ငန်းခွင်ဆိုတာ

လုပ်ငန်းရှင်ဘက်က ကိုယ့်လုပ်ငန်းကို ဘယ်ရည်မှန်းချက်အထိ ရောက်ချင်တယ်၊ ရည်မှန်းချက်ကို ရောက်တဲ့အခါ ဝန်ထမ်းတွေ ဘာပြန်လည်ရရှိနိုင်မယ် ဆိုတာကို ပြောပြထားမယ်ဆိုရင် နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ win-win situation ကို ဖန်တီးနိုင်ပြီး အပြုသဘောဆောင်တဲ့ လုပ်ငန်းခွင်ကို ဖန်တီးလာနိုင်မယ်။ ကြိုးစားအားထုတ်ကြတဲ့ ဝန်ထမ်းတွေကို အသိအမှတ်ပြု ဆုပေးတာတို့၊ ရာထူးတိုးပေးတာတို့ လုပ်ပေးမယ်ဆိုရင် အလုပ်လုပ်ရတာ စိတ်ဓာတ်တက်ကြွလာနိုင်သလို ရာထူးအလိုက် သင့်တင့်တဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တို့ကိုပေးတယ်ဆိုရင် အလုပ်မှာ ပိုဖန်တီးခွင့်ရလာပြီး ပိုင်ရှင်စိတ်ရှိလာမယ်။ အဲ့ဒီအခါ လုပ်ငန်းခွင်ရဲ့ လည်ပတ်မှုကလည်း ပိုကောင်းမွန်လာနိုင်တယ်။

သူမနဲ့ အောင်မြင်မှုကို ဖွင့်ဆိုခြင်း

လူတစ်ယောက်နဲ့တစ်ယောက် အောင်မြင်မှုကို သတ်မှတ်ပုံချင်းမတူညီကြဘူး။  အစ်မအလုပ်စလုပ်ခဲ့တဲ့ အချိန်ကနေ အခုချိန်ထိ ဝန်ထမ်းပေါင်းများစွာကို အလုပ်အကိုင် အခွင့်အရေးပေးနိုင်ခဲ့တာက အစ်မအတွက် အောင်မြင်မှုတစ်ခုပဲ။  နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်လုပ်ငန်းကနေတဆင့် နိုင်ငံတော်ကို ၇နှစ်ကျော်ကြာ large tax payer အနေနဲ့ အခွန်ပေးဆောင်နိုင်ခဲ့တာလည်း အောင်မြင်မှုတစ်ခုပဲ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ပရိယတ္တိသာသနာနဲ့ ပဋိပတ္တိ သာသနာပြန့်ပွားအောင် လှူဒါန်းနိုင်ခဲ့တာတွေကလည်း အစ်မအတွက် အောင်မြင်မှုတစ်ခုပဲ။ အခုလို ကိုဗစ်ရောဂါဖြစ်ပွားနေချိန်မှာ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိကို စစ်ဆေးနိုင်တဲ့ COBAS 6800 စက်ကို လှူဒါန်းနိုင်ခဲ့တာကလည်း အစ်မအတွက် အောင်မြင်မှုတစ်ခုပဲလို့ ခံစားမိပါတယ်။

သူမရဲ့ လူငယ်တိုင်းအတွက် အကြံပေးစကား

လူငယ်တွေက ကိုယ့်အတိတ်ဘဝကံကိုပဲ ညည်းညူနေတာတွေ့ရတယ်။ ဥပမာ- ငါကံမကောင်းဘူး။ ငါ့မှာ ကျောထောက်နောက်ခံမရှိဘူး စသဖြင့်ပေါ့နော်။ အဲ့ဒီလိုညည်းညူနေမယ့်အစား အလုပ်သေးသေးလေး စလုပ်မယ်။ ကြိုးစားလုပ်ကိုင်ရင်းကနေ အလုပ်ကြီးကြီးတွေ လုပ်နိုင်လာမယ်။ ဒါဆို ဝင်ငွေတွေလည်းပိုတိုးမယ်။ အချိန်တစ်ခု ကြာလာတဲ့အခါမှာ အများကြီးတိုးတက်ပြောင်းလဲလာတာကို တွေ့ရမယ်။  ကြိုးစားအားထုတ်နေတဲ့သူက ဘယ်တော့မှ နောက်ကျမကျန်ခဲ့ဘူး။ ရပ်ပြီး ညည်းနေတဲ့သူကသာ နောက်ကျကျန်ခဲ့မှာဖြစ်ပါတယ်။

စာချစ်သူတို့ကော ဒေါက်တာစောနေနွယ်ရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။