“ Arabelle Yee ”  ပြောတဲ့ သူမ အကြောင်း

blank
Arabelle Yee ဆိုတာ ဘယ်သူလဲ။

          သူမက Int’l Speaker, Life Strategist, Leadership Trainer & Social Influencer တစ်ယောက်ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအတွက် လိုအပ်တဲ့ အသိပညာတွေနဲ့ ဘဝကိုရင်ဆိုင်ဖြတ်သန်းရာမှာ အရေးပါတဲ့ အတွေးအခေါ်တွေကို ဖြန့်ဝေပေးနေသူ ဖြစ်ပါတယ်။ သူမရဲ့ ရည်ရွယ်ချက်ကတော့ သူငယ်ချင်း၊ မိတ်ဆွေတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာပြီး အတွေးအခေါ်အသစ်တွေနဲ့ ဘဝမှာကောင်းတဲ့ပြောင်းလဲမှုလေးတွေ တဖြည်းဖြည်းလုပ်ဆောင်စေလာနိုင်ဖို့ပဲ ဖြစ်ပါတယ်။

သူမ ခံစားချက်တွေ ကိုင်တွယ်ဖြေရှင်းပုံ

         ကျွန်မမှာ ပြုတ်ကျသွားတဲ့အခိုက်အတန့်တွေရှိရင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပေးခံစားလိုက်တယ်။ စီးနေတဲ့ရေကို ကျောက်တုံးနဲ့ ပိတ်ထားလိုက်ရင် အဲ့ဒီရေက ကြာလာရင် ပုတ်သွားတယ်မလား။ ခံစားချက်ဆိုတဲ့ emotion ဟာလည်း energy တစ်ခုဖြစ်တဲ့အတွက် အဲ့ဒီအားကို ထုတ်မပြဘဲ ဖိနှိမ်ထားမယ်ဆိုရင် ရေလိုပဲ ပုတ်လာနိုင်တယ်။ ဒါ့ကြောင့် ထုတ်ပြစရာရှိတာ ပြလိုက်ပြီးတော့ လုပ်စရာရှိတာ ဆက်လုပ်ဖို့ ကြိုးစားတယ်။ အမြဲတမ်း strong ဖြစ်ပြနေဖို့အတွက် မျက်နှာဖုံးတွေ စွပ်ထားစရာမလိုဘူး။ 

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူမရဲ့ အကြံပေးစကား ( အမှားတွေကို အမှန်အဖြစ်သို့ ပြောင်းလဲခြင်း)

နံပါတ် (၁) –  ဒီအမှားကနေ ဘဝသင်ခန်းစာတစ်ခုယူရမယ်ဆိုရင် အဲ့ဒါဘာဖြစ်မလဲ။

နံပါတ် (၂) –  ဒီအမှားကို ထပ်မလုပ်ဖြစ်တော့တဲ့ အဆင့်ထိရောက်နေပြီဆိုရင် ဒီအမှားကနေ ဘာသင်ခန်းစာရပြီး ဘာပြောင်းလဲမှုတွေ လုပ်လိုက်လို့ ဒီလိုပိုကောင်းတဲ့သူတစ်ယောက် ဖြစ်လာတာလဲ။

နံပါတ် (၃) –  ကိုယ့်ကိုယ်ကိုယ် အမြဲ အပြစ်ပေးဖို့ ကြိုးစားနေတဲ့သူဆိုရင် ပြန်တွေးကြည့်၊ ကိုယ်ငယ်စဉ်ကနေ ကြီးလာတဲ့အထိ ဒီလို ပုံစံခွက်တွေ၊ အလေ့အကျင့်တွေကို ဘယ်သူ့ဆီက ရခဲ့ရတာလဲ။  ဒီအရာတွေကို ဒီလူတွေဆီကနေ သင်ယူလိုက်မိတာလည်း ဖြစ်နိုင်ပါတယ်။  ဒီလို ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်တာလေးကို အမြဲလုပ်ရင်း ကိုယ့်ကိုယ်ကိုယ် ပိုသတိထားမိလာပါမယ်။ ကိုယ့်ကိုယ်ကိုယ် မကြည့်ချင်တဲ့ အရာတွေကို ကိုယ်သတိထားလိုက်ခြင်းက ပြောင်းလဲမှုတွေ စတင်ဖို့ ပထမခြေလှမ်းပါပဲ။ 

သူမနဲ့ ကိုယ့်ကိုယ်ကိုယ်ချစ်မြတ်နိုးမှု

           ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးတယ်ဆိုတာဟာ ကိုယ့်ကိုယ်ကိုယ် တကယ် တန်ဖိုးထားတာ။ ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိတာပါပဲ။ လူတိုင်းက ကိုယ့်ကိုယ်ကိုယ်တော့ ချစ်တယ်ထင်နေကြတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့အတွက် လူတိုင်းနီးပါးက မေ့နေတတ်ကြပါတယ်။ ကိုယ့်ရဲ့ စိတ်၊ ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲက အသံကို အမြဲတမ်းနားထောင်နေဖို့ လိုတယ်။

သူမနဲ့ ခိုင်မာတဲ့ရပ်တည်ချက်ဆိုတာ

            ရပ်တည်ချက်ခိုင်မာတဲ့သူဆိုတာ ကိုယ်ဆုံးဖြတ်ချက်တစ်ခုကို ချပြီးပြီဆိုရင် စိတ်ဓာတ်မယိမ်းယိုင်ဘဲ ဒါကိုပြီးဆုံးအောင် လုပ်တဲ့သူပါ။  လူတိုင်း၊ လူတိုင်းက နေ့တိုင်းနီးပါး ရွေးချယ်မှုတွေကို လုပ်နေကြတာကြောင့် ခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိတဲ့သူ ဖြစ်ဖို့  စတင်ပြောင်းလဲချင်တယ်ဆိုရင် လွယ်လွယ်လေးတွေက စတင်ပါ။ ကိုယ့်စိတ်ကို သေချာအောင်ဆုံးဖြတ်တဲ့ အကြိမ်ရေများလာလေလေ၊ စိတ်က ဆုံးဖြတ်လာတာ ပိုခိုင်မာလာလေလေပါပဲ။

 သူမနဲ့ အလှအပ၊ ကျန်းမာရေးဂရုစိုက်မှု

            ကျွန်မ ဘယ်လောက်အလုပ်ရှုပ်ရှုပ် မနက်မိုးလင်းတာနဲ့ သပ်သပ်ရပ်ရပ်လှလှပပဝတ်စားလိုက်တယ်။ အဲ့ဒီအခါမှာ အလုပ်လုပ်ရတာပိုစိတ်ချမ်းသာတာပေါ့။   မကျန်းမာစေတဲ့ အစားအစာတွေ မစားဘူး။ တကယ့်အာဟာရဖြစ်စေတဲ့ အသီးအနှံဖျော်ရည်တွေကို မနက်တိုင်း တစ်ခွက်စီသောက်ပြီး လေ့ကျင့်ခန်းလုပ်ပါတယ်။ Collagen ပါတဲ့ ဆေးတွေ သောက်ဖြစ်တယ်။ ကျန်းမာရေးနဲ့အလှအပအတွက် အပြင်ပိုင်းကော၊ အတွင်းပိုင်းကော ကျန်းမာရေးပိုပြီးကောင်းမွန်အောင် ဂရုစိုက်ဖြစ်ပါတယ်။

 သူမမျှဝေတဲ့ အောင်မြင်မှုအတွက် အချက် (၃)ချက်

အောင်မြင်မှုဆိုတာရဲ့အောက်မှာ ကျွန်မယုံကြည်တဲ့အချက်တွေက –

နံပါတ် (၁) –  ကိုယ်ပိုင်စည်းကမ်းရှိဖို့လိုတာကြောင့် အောင်မြင်တဲ့နေရာကို ရောက်ဖို့အတွက် ကိစ္စသေးသေးလေးတွေမှာကအစ စည်းကမ်းရှိရှိနဲ့ စတင်ပြောင်းလဲပါ။

နံပါတ် (၂) –  ကိုယ့်ကိုယ်ကိုယ် ပိုသိလေ၊ ကိုယ့်ဘဝမှာ ကိုယ်ဖန်တီးချင်တဲ့အရာတွေကို ဖန်တီးရတာ ပိုလွယ်လေ ဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် သေချာသိဖို့အတွက် ကိုယ်တိုင်ဆန်းစစ်ပါ။ 

နံပါတ် (၃) – နေ့တိုင်း၊ နေ့တိုင်း အမြဲတမ်းကြိုးစားအားထုတ်မှုရှိဖို့လိုတာကြောင့် ဘယ်အရာမှာမဆို တစ်နေ့ကို ၁%လေးပဲ ကြိုးစားအားထုတ်ကြည့်ပါ။ ရက် ၃ဝ ဆိုရင် ၃ဝ% လောက်ပြီးမြောက်သွားပြီလေ။

စာချစ်သူတို့ကော Ma Arabelle ရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။