“မဝင်းမင်းသန်း” ပြောတဲ့ သူမ အကြောင်း

blank

မဝင်းမင်းသန်းဆိုတာ ဘယ်သူလဲ။

သူမ က Yangon In my Heart လို့ အမည်ရတဲ့ facebook စာမျက်နှာမှာ အလှအပနဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ပတ်သက်တဲ့ အကြံပေးချက်တွေကို ရေးသားတင်ဆက်နေတဲ့သူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်း facebook influencer တစ်ယောက်လည်းဖြစ်ပါတယ်။ သဘာဝကျကျ ထိမိတဲ့စကားလုံးတွေ၊ စကားပြောတဲ့အမူအရာနဲ့ လွတ်လပ်ပွင့်လင်းပြီး ဟန်ဆောင်မှု မရှိတဲ့စိတ်ထားတွေကြောင့် ပရိသတ်အများစုရဲ့ချစ်ခင်အားပေးခြင်းကို ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

သူမ ဖွင့်ဆိုတဲ့ အောင်မြင်ခြင်းရဲ့ အဓိပ္ပာယ်

အောင်မြင်မှုလို့ပြောလိုက်ရင် လူတွေက နာမည်ကြီး အနုပညာရှင်ဖြစ်မှ အောင်မြင်တာမဟုတ်ပါဘူး။ အမေတစ်ယောက်အနေနဲ့ အမေတာဝန်တွေ ကျေတယ်ဆိုရင်၊  အဖေ တစ်ယောက်အနေနဲ့လည်း ကိုယ့်တာဝန်တွေ ကျေတယ်ဆိုရင် ဒါဟာ အောင်မြင် တာပါပဲ။  သားသမီးတစ်ယောက်၊ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကိုယ်ကျေပွန်တယ်ဆိုရင် သားသမီးတစ်ယောက်၊ လူငယ်တစ်ယောက်အနေနဲ့ ဒါဟာလည်း အောင်မြင်တာပါပဲ။

အောင်မြင်မှုကို ဆက်လက်အဓွန့်ရှည်ဖို့ဆိုတာရယ်နဲ့ အောင်မြင်မှုဒဏ်ကို ခံနိုင်ဖို့ဆိုတာက ချိတ်ဆက်နေတဲ့အရာလို့ မြင်တယ်။ ကိုယ့်ရဲ့ ဝါသနာ၊ စေတနာ၊ ဝမ်းစာနဲ့  ကိုယ်လုပ်တဲ့အလုပ် တစ်ထပ်တည်းကျဖို့ အရေးကြီးတယ်။ ဒါမှ ကိုယ်ဝါသနာပါတဲ့အလုပ်၊ စေတနာပါတဲ့အလုပ် လုပ်တဲ့အခါမှာ အလုပ်လို့မမြင်တော့ဘဲ ပိုကြိုးစားချင်စိတ်ပေါက်မယ်။ ပြီးတော့ အောင်မြင်မှုဒဏ်ကို ခံနိုင်ဖို့ဆိုတာ လူတစ်ယောက်ချင်းစီရဲ့ ခံယူချက်တွေနဲ့လည်း ဆိုင်မယ်လို့ မြင်တယ်။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေက လွဲမှားနေမယ် ဆိုရင် ကိုယ်က အောင်မြင်မှုဒဏ်ကော၊ ကျရှုံးမှုဒဏ်ကော ခံရလိမ့်မယ်။ ဒါပေမဲ့ ကိုယ် အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ တာဝန်ယူ တဲ့စိတ်၊ တာဝန်ခံတဲ့စိတ်နဲ့ လုပ်သွားမယ်ဆိုရင် ဒီအောင်မြင်မှုကို ပိုပြီး စံစားရမယ်လို့ထင်တယ်။ ဒါ့ကြောင့် အောင်မြင်မှုအတွက် တာဝန်ယူမှုနဲ့ တာဝန်ခံမှုရှိဖို့ လိုမယ်။

သူမရဲ့ အမှန်တရားအပေါ်ရပ်တည်တတ်မှု

စကားပြောလိုက်ရင် အမြဲတမ်း ကိုယ်က အမှန်အတိုင်းပဲ ရာခိုင်နှုန်းအပြည့် ချပြတယ်။ ဒါပေမဲ့ ကိုယ်ပြောတဲ့စကား၊ ကိုယ်အမူအရာ အပြောအဆိုက လူတွေအပေါ်လိုက်ပြီး တစ်ခါတလေ အရောင်ပြောင်းသင့်တာလည်းရှိသလို လိုက်လျောညီထွေ နေသင့်တာလည်း ရှိတယ်။ နောက်တစ်ခု ဘာလို့ပွင့်ပွင့်လင်းလင်းနေဖြစ်လဲဆိုရင် ကိုယ်က အဲ့ဒီလောက် ဉာဏ်များဖို့ အစီအစဉ်မရှိဘူး။ တစ်ခါလိမ်မယ်ဆိုရင် နောက်အခေါက်တွေလည်း ထပ်ပြီး လိမ်ရမယ်။ အဲ့ဒီမှာ အားနည်းချက် ရှိလာတာက ကိုယ်ဘယ်သူ့ကို လိမ်လို့ လိမ်မိထားမှန်း မသိတဲ့အတွက် နောက်တစ်ခေါက် အဲ့ဒီလူရှေ့ရောက်လာတဲ့အခါ  ဘယ်လိုနေရမှန်း၊ ဘာလုပ်ရမှန်း မသိတော့ဘူး။ အဲ့ဒါကြောင့် ကိုယ့်ဘေးနားကသူတွေကိုပဲ ဖြစ်ဖြစ်၊ online ပေါ်ကလူတွေကိုပဲဖြစ်ဖြစ် ကိုယ်နေပုံထိုင်ပုံ၊ စားသောက်ပုံတွေနဲ့ ပတ်သက်ရင် အမှန်အတိုင်းပဲ ချပြဖြစ်တယ်။

သူမရဲ့ စီးပွားရေးအပေါ် စေတနာအရင်းခံချက်ဆိုတာ

ပထမအချက် – ထုတ်လုပ်ရောင်းချသူတွေအနေနဲ့ မှန်ကန်တဲ့ပစ္စည်းကို မှန်ကန်တဲ့စေတနာထားပြီး ရောင်းချစေချင်တယ်။ အဲ့ဒီမှာ သိစေချင်တာက လိမ်တဲ့ပစ္စည်းတွေဆိုရင် အချိန်အတိုင်းအတာတစ်ခုအထိပဲ ရောင်းရလိမ့်မယ်။ တစ်ချိန်ချိန်မှာတော့ ဒီအလိမ် ပေါ်မှာမို့ ရေရှည်သွားချင်တယ်ဆိုရင် မှန်ကန်တဲ့ပစ္စည်းကို ဈေးမှန်မှန်၊ စေတနာမှန်မှန်နဲ့ ရောင်းချပေးရမယ်။

ဒုတိယအချက် – စားသုံးသူမှာလည်း တာဝန်ရှိတယ်။ ကိုယ်စားမယ့်ပစ္စည်း၊ ကိုယ်သုံးစွဲမယ့်ပစ္စည်း ဘယ်ကလာတယ်။ ဘယ်သူလုပ်တယ်ဆိုတာ ကိုယ်ကိုယ်တိုင်လည်း သိကိုသိရမယ်။ ဘာလို့လဲဆိုတော့ ဘာပစ္စည်းမှန်းမသိဘဲနဲ့ ဘာလို့ ကိုယ့်ခန္ဓာကိုယ်ထဲ ထည့်မှာလဲ။ ကိုယ့်အသားအရေပေါ် တင်မှာလဲ။ ဒီထဲမှာ ဘာပါလဲဆိုတာ ကိုယ်သိနားလည်ထားရင် မှန်ကန်တဲ့ဟာနဲ့ မှားယွင်းတဲ့ဟာ ရွေးချယ်တတ်လာမယ်။ ထုတ်ကုန်ပစ္စည်း ၁ဝဝ တိုင်းမှာ ၁ဝဝလုံးက အမှန်အကန်ပါလာမှာ မဟုတ်ဘူး။ အဲ့ဒီတော့ မှားနေတဲ့ဟာကို ကိုယ်ရွေးချယ်တတ်လာဖို့ ကိုယ်ကိုယ်တိုင်ကလည်း စူးစမ်းလေ့လာဖို့ လိုပါတယ်။

ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူမ သူငယ်ချင်းတွေ ရင်ဖွင့်လာတဲ့အခါ

အစ်မကတော့ အမှန်ဘက်ကပဲ ရပ်တည်တယ်။ တစ်ခါတလေ သူငယ်ချင်းတွေ ကိုယ့်ကို ရင်လာဖွင့်တာ နားထောင်နေရင်း နားလည်လာတာက “ ဒါက …နင့်ယောကျာ်းမှားတာ မဟုတ်ဘူး။ နင်မှားတာ ” ဆိုပြီး ကိုယ်က မှန်တဲ့ဘက်ကပြောရတယ်။ ကိုယ့်ဆီ မိန်းမတွေ ရင်လာဖွင့်တိုင်း ဒီမိန်းမတွေပဲ အမြဲတမ်းမှန်နေတာ မဟုတ်ဘူးလေ။ တကယ်လို့ ကိုယ်သူငယ်ချင်းတစ်ယောက် သူ့ယောကျာ်းကို တစ်ချိန်လုံး ဖုန်းတွေဆက်ပြီး သူ့ယောကျာ်းဘယ်သွားသွား၊ နောက်ကနေလိုက်ပြီး ပြဿနာတွေရှာနေတယ်ဆိုရင် အစ်မ တားဖြစ်တယ်။ “နင်တောင် ငါနဲ့တွေ့နေသေးတာပဲ၊ နင့်ယောက်ျားမှာ သူ့ကိုယ်ပိုင်အချိန်ဆိုတာ ရှိကိုရှိရမယ်လေ ” ဆိုပြီးတော့ အစ်မ မှန်တဲ့ဘက်ကနေတားတယ်။ ဒါပေမဲ့ တစ်ချိန်လုံး ရန်ဖြစ်၊ စကားများလိုက်၊ တော်ကြာ အချိန်တန်ရင် သူတို့ဘာသာသူတို့ အချင်းချင်း ပြန်တည့်မယ့်သူတွေရဲ့ ရင်ဖွင့်စကားကိုတော့ အာရုံစိုက်ပြီး အစ်မ နားမထောင်ပေးနိုင်ပါဘူး။

သူမ တွေးမိတဲ့ အဆိုးနဲ့အကောင်း

အဆိုးနဲ့ အကောင်းဆိုတာ ဒွန်တွဲနေတယ်။ ဘယ်အရာမှလည်း အဆိုးကြီးပဲဖြစ်မနေသလို ဘယ်အရာမှလည်း အကောင်းကြီး တွေချည်းပဲ ရှိမနေနိုင်ဘူး။ အဲ့ဒီတော့ ကိုယ်အရှေ့မှာ တွေ့ကြုံထားတဲ့ အတွေ့အကြုံ၊ မှားထားတဲ့အမှား၊ ရထားတဲ့အောင်မြင်မှု၊ ဖတ်မှတ်လေ့လာထားတဲ့ ဒီပညာတွေအားလုံးနဲ့ ကိုယ်က ဆင်ခြင်တုံတရားနဲ့ ဝေဖန်ပိုင်းခြားရမှာပဲ။ စလုပ်ကတည်းက ဘယ်သူမှ ဒါကြီးက မဖြစ်တော့ဘူးလေဆိုပြီး စခဲ့တာမဟုတ်ဘူး။ ဒါလေးကိုတော့ ဖြစ်အောင်လုပ်မယ်၊ ဖြစ်ချင်တယ်ဆိုပြီး စခဲ့ကြတာချည်းပဲ။ အဲ့ဒါကြောင့် ကိုယ်ဖြစ်ချင်လို့ စခဲ့ပြီး ဖြစ်ဖို့အတွက် သွားနေတဲ့လမ်းမှာ ငါ ဘယ်လိုသွားမလဲ။ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေ ကြုံလာရင် ငါ ဘယ်လိုဖြေရှင်းမလဲဆိုပြီး လက်ရုံးရည်၊ နှလုံးရည်နဲ့ပြည့်စုံဖို့ ပြင်ဆင်ထားဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။

သူမ ဒေါသကို ထိန်းချုပ်တဲ့ နည်းလမ်း

စိတ်တိုစရာ၊ ဒေါသထွက်စရာတွေရှိနေတယ်ဆိုရင် ချက်ချင်း မတုံ့ပြန်ဘူး။ အရမ်းကို စိတ်တိုနေတယ်ဆိုရင်တော့ လေ့ကျင့်ခန်း လုပ်လိုက်တာမျိုး၊ ချည်တစ်ချောင်းထိုးလေး ထိုင်ထိုးနေလိုက်တာမျိုး လုပ်ဖြစ်တယ်။ တစ်ခါတလေ ရေခဲသေတ္တာထဲက မုန့်တွေကို အားရပါးရစားလိုက်တာမျိုး၊ သူငယ်ချင်းနဲ့ မုန့်ထွက်စားလိုက်တာမျိုးနဲ့ ကိုယ့်စိတ်ကို ခဏလေးပြောင်းသွားမယ့် အရာလေးကို လုပ်လိုက်တယ်။

အဲ့ဒါ‌ကြောင့် အကျင့်ကောင်းလေးတစ်ခု လုပ်ထားတာက ဒေါသထွက်ရင် ချက်ချင်း စကားမပြောဘူး။ အသက်ရှူ လေ့ကျင့်ခန်းလေး လုပ်တယ်။ စိတ်အေးအေးထားတယ်။ ပြီးတော့မှ ဒေါသနဲ့ယှဉ်တဲ့စိတ်နဲ့ မစဉ်းစားဘဲ ဆင်ခြင်တုံတရားနဲ့ ယှဉ်တဲ့စိတ်နဲ့ ကိုယ်ဘာလုပ်ခဲ့တာ မှားလဲ။ ငါ ဘာကိုလုပ်ဖို့လဲ ဆိုပြီး ဒီပြဿနာကို ပြန်စဉ်းစားသုံးသပ်ဖြစ်တယ်။

အဲ့ဒီလိုလုပ်တဲ့အရာတွေက ကိုယ့်ဘဝကို ကောင်းကျိုးပေးတာများပြီး ရုတ်တရတ် တုံ့ပြန်လိုက်တဲ့ အရာတွေက ကိုယ့်ဘဝမှာ နောင်တတွေအဖြစ်နဲ့ ကျန်လာတာကို ကိုယ်ကိုယ်တိုင် သိလာခဲ့ပြီးနောက်မှာ ပိုပြီးပညာပါတဲ့နည်း၊ ရေရှည်မှာ ကိုယ့်အတွက် အသုံးဝင်တဲ့နည်းကို အသုံးချတတ်လာတယ်။

သူမရဲ့ Social Media အပေါ်ခံယူချက်

ကိုယ်လည်း သွေးနဲ့ကိုယ်၊ သားနဲ့ကိုယ် လူပဲလေနော်။ ကိုယ်အကြောင်း မဟုတ်တာတွေ Social Media ပေါ်မှာပြောထားတာမြင်ရင် တစ်ခါတလေ အရမ်းစိတ်တိုတယ်။ ကိုယ်ဘက်က မှန်ရင် တုံ့ပြန်သလို ကိုယ့်ဘက်ကမှားနေတယ်ဆိုရင်လည်း တုံ့ပြန်ဖို့ဝန်မလေးဘူး။

ဒါပေမဲ့ ကိုယ့်ထက် အတွေးအခေါ်နိမ့်ပါးနေတဲ့သူတွေ လာပြောထားတဲ့စကားတွေဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် စိတ်အထိခိုက် မခံဘူး။ ကိုယ့်ထက် တန်ဖိုးရှိတဲ့သူတွေ၊ ပညာပိုရှိတဲ့သူတွေ လာပြောတဲ့စကားတွေဆိုရင် အရေးတယူလုပ်ပြီး ပြန်စဉ်းစားဖြစ်တယ်။ ကိုယ့်ထက် ပညာပိုတတ်တဲ့သူတွေက အောက်တန်းကျတဲ့နည်းနဲ့ မတိုက်ခိုက်ဘူး။ ကိုယ့်ထက် ပညာပိုတတ်ကျတဲ့သူတို့တွေက စေတနာပါ ပိုကြီးတယ်။ အဲ့ဒါကြောင့် သူတို့တွေ လာပြောပြတဲ့အရာတွေကျရင် သေချာပြန်နားထောင်ဖြစ်ပြီး ဆင်ခြင်သုံးသပ်ဖြစ် သလို စေတနာမပါဘဲ အောက်တန်းကျတဲ့ အပေါစားတိုက်ခိုက်မှုတွေကိုတော့ စိတ်မဆိုးနိုင်အောင်ကျင့်နေသလို စိတ်ဆိုးတဲ့အခါ ကျရင်လည်း စိတ်ဆိုးတဲ့အတိုင်း ပြန်ပြောလိုက်မိတာ ရှိပါတယ်။

သူမရဲ့ လူငယ်တွေကျန်းမာရေးအပေါ် အကြံပေးချက်

အခုခေတ်က ကျန်းမာတာကို ဂုဏ်ယူတဲ့ခေတ် ရောက်လာပြီ။ တကယ်လို့ လူငယ်တွေက ကျန်းမာတာကိုဂုဏ်မယူတတ်သေးဘူး ဆိုရင် အစ်မတို့ အရမ်းကို ခေတ်နောက်ကျကျန်ခဲ့လိမ့်မယ်။ အစ်မတို့ အဖိုးအဖွားခေတ်တုန်းကလို၊ အဖေအမေခေတ်တုန်းကလို အခုစားသောက်တဲ့ အစားအသောက်တွေက မလတ်ဆတ်တော့ဘူး။ နေထိုင်တဲ့ ပတ်ဝန်းကျင်တွေက မသန့်ရှင်းတော့ဘူး။ ဒါကို ကိုယ်က အမြင်ကျယ်ကျယ်နဲ့ ကျန်းမာရေး မလိုက်စားဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ မစားဘူးဆိုရင် ကျန်းမာရေးချို့ယွင်းလာမယ်။ ကျန်းမာရေးချို့ယွင်းလာပြီဆိုရင် တစ်အချက်က အရမ်းခံစားရတယ်။ နှစ်အချက်က မလှဘူး။

ပြီးတော့ ဒီခေတ်ကြီးထဲမှာ နေမကောင်းဖြစ်ရင် ဆေးကုရတာ ပိုက်ဆံအရမ်းကုန်တယ်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းတယ် ဆိုတဲ့ ရှေးစကားလေးတွေကို ပစ်ပယ်ထားလို့ မရတော့တဲ့အတွက် ဒီစကားလေးအတိုင်း ကျန်းကျန်းမာမာဖြစ်အောင် နေမယ်ဆိုရင် ကျန်းမာတဲ့သူက  ပိုပြီးပျော်ရွှင်ရမယ်။ ပိုပြီးတော့ စိတ်ဖီးစီးမှုနည်းတယ်။ အောင်မြင်မှုလည်း ပိုများတယ်ဆိုတာကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားပြီးပြီ။  အဲ့ဒါကြောင့် ကျန်းမာအောင်နေပါ။ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပါ။ ပိုပြီး ပညာပါတဲ့ နည်းလမ်းကို ရွေးပါ။ လူတိုင်း ဆေးသမား၊ ဘိန်းသမားအဖြစ်နေလို့ရတယ်။ အိမ်ထဲမှာနေပြီး ဆေးရှုလိုက်၊ ဘိန်းရှုလိုက် လုပ်ရုံပဲ။ ဒါအရမ်းလွယ်တယ်။ ဒါပေမဲ့ အိမ်ထဲမှာမနေဘဲ အပြင်ထွက် လှုပ်ရှားသွားလာပြီး ကိုယ်က သွက်သွက်လက်လက်၊ တက်တက် ကြွကြွနဲ့ ကမ္ဘာကြီးနဲ့အတူ အဆက်အသွယ် မပြတ်အောင် ထိတွေ့နေဖို့က အသိပညာပါတယ်။ ကိုယ်က ပညာပါတဲ့သူ ဖြစ်ချင်လား။ ပညာမဲ့ပြီး အစုတ်အပြတ်ဖြစ်ချင်လားဆိုတာ ကိုယ့်ရွေးချယ်မှုမှာ မူတည်တယ်။

စာချစ်သူတို့ကော မဝင်းမင်းသန်းရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။