မနှင်းနန္ဒာဝေ ( Nandar’s Kitchen ) ပြောတဲ့ သူမ အကြောင်း

blank
မနှင်းနန္ဒာဝေ ( Nandar’s Kitchen ) ဆိုတာ ဘယ်သူလဲ။

သူမက Social Influencer တစ်ဦးလည်းဖြစ်ပြီးတော့ Nandar’s Kitchen လို့ခေါ်တဲ့ Cooking blog ကို  ၂ဝ၁၇ ခုနှစ်မှ စပြီး တည်ထောင်ခဲ့သူပါ။ သန့်ရှင်းသပ်ရပ်ပြီး အရသာရှိလှတဲ့ ဟင်းချက်နည်းတွေကို စိတ်ပါဝင်စားစွာ အများနှင့်မတူအောင် အမြဲတင်ဆက်ပေးနေတဲ့ မနှင်းနန္ဒာဝေဟာ ၂ဝ၁၈ ခုနှစ်ရဲ့ Influencer of the year 2018 ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။

သူမနဲ့ Nandar’s Kitchen ( Cooking blog စတင်ခဲ့ချိန် )

Nandar’s Kitchen ဆိုတဲ့ Cooking blog လေးကို စခဲ့တာ ၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာလ လကုန်ခါနီးတုန်းကပေါ့နော်။ အဲ့ဒီတုန်းက အစ်မက ကုမ္ပဏီတစ်ခုမှာ Digital Marketing ပိုင်းဆိုင်ရာကို တာဝန်ယူလုပ်ကိုင်ပေးတဲ့ အချိန်ပြည့်ဝန်ထမ်းဖြစ်တာမို့ တစ်ပတ်ကို ခြောက်ရက် အလုပ်လုပ်ရပြီး တစ်ရက်ပဲ ကိုယ်ပိုင်အားလပ်ရက်ရှိခဲ့တယ်။ အဲ့ဒီအားလပ်ရက်တစ်ရက်ရတဲ့အချိန်မှာ အချိန်ကိုရအောင် ဆွဲထုတ်ပြီး အဲ့ဒီအချိန်မှာ ဟင်းချက်တယ်။ ဓာတ်ပုံတွေ သေချာရိုက်တယ်။ ကိုယ်ချက်စားလေ့ရှိတဲ့ ဟင်းတွေရဲ့ချက်ပြုတ်နည်းကို  သူများတွေလည်း သိစေချင်တဲ့အတွက် ဟင်းချက်နည်းကို သေချာရေးပေးပြီးတော့ လိုင်းပေါ်တင်ပေးခဲ့တယ်။ ကိုယ်က ဟင်းချက်နည်းတွေကို အများကြီး တင်ပေးချင်ပေမယ့် တစ်ပတ်လုံးမှာမှ တစ်ရက်ပဲလုပ်ရတာကြောင့် အချိန်အများကြီး မရှိခဲ့ဘူး။ အဲ့ဒီလိုအခက်အခဲလေးတွေတော့ အစ်မမှာ ရှိခဲ့တယ်။

ဒီလိုနဲ့ ငါးလလောက်ကြာတဲ့အခါ နောက် ကုမ္ပဏီတစ်ခုကို ပြောင်းလိုက်တော့ အဲ့ဒီအလုပ်က တစ်ပတ်ကို ငါးရက်ပဲ ရုံးသွားရတာ ဖြစ်တဲ့အတွက် နှစ်ရက်လောက်က အချိန်ပိုထွက်လာတယ်။ အဲ့ဒီရက်တွေမှာ အစ်မ ဟင်းချက်တဲ့နည်းနဲ့  ဗဟုသုတတွေကို ပိုမျှဝေပေးနိုင်လာတယ်။ ကုမ္ပဏီမှာလည်း အချိန်ပြည့်ဝန်ထမ်းအဖြစ်လုပ်ရင်း Nandar’s Kitchen မှာလည်း အားတဲ့အခါ တင်ပေးရင်းနဲ့  အစ်မက Nandar’s Kitchen ကို စတင်ခဲ့တာဖြစ်ပါတယ်။

သူမနဲ့ Social Influencer of the Year 2018

Cooking blogger တစ်ယောက်အနေနဲ့  Social Influencer of the Year 2018 ဆုကတော့ အစ်မ လုံးဝမမျှော်လင့်ဘဲ ရခဲ့တဲ့ ဆုလေးပါ။ ဒီဆုလေးရခဲ့တာက အစ်မဘဝရဲ့ မှတ်တမ်းတစ်ခုဖြစ်စေခဲ့တယ်။ Nandar’s Kitchen ဆိုတဲ့ Pageလေးမှာ အစ်မမျှဝေခဲ့တဲ့ ဟင်းချက်နည်းတွေ၊ မီးဖိုချောင်နဲ့ ပတ်သက်တဲ့ ဗဟုသုတအားလုံးကို ယုံယုံကြည်ကြည်နဲ့ ဖတ်ရှုကြတဲ့ ဟင်းချက်ဝါသနာရှင်တွေ အားလုံးရဲ့ အားပေးမှုကြောင့် ဒီဆုလေးရခဲ့တာပါ။

ပြီးတော့ အစ်မက သူတို့အပေါ်မှာထားရှိတဲ့ စိတ်စေတနာ၊ ကိုယ်သိသလိုမျိုး သူတို့ကို သိစေချင်တဲ့ စိတ်စေတနာက မှန်ကန်တဲ့အတွက်ကြောင့်လည်း ဒီဆုလေးကို ရခဲ့တယ်လို့ မြင်ပါတယ်။

သူမနဲ့ မျှဝေတတ်တဲ့ စိတ်ထား

အစ်မက Nandar’s Kitchen ဆိုတဲ့ Cooking blog လေးကို မတည်ထောင်ခင်က Facebook account မှာ ချက်စားဖြစ်တဲ့ ဟင်းပုံလေးတွေကို ဓာတ်ပုံရိုက်ပြီး အမြဲတင်ဖြစ်တယ်။ အဲ့ဒီအခါ အစ်မ သူငယ်ချင်းတွေက ဒီဟင်းလေးကို ဘယ်လိုချက်ရလဲဆိုပြီး ချက်နည်းလေးတွေ လာမေးရင် တစ်ယောက်ချင်းစီ သေချာပြန်ဖြေပေးဖြစ်တယ်။  နောက်ပိုင်းတွေးမိတာက လူများများ ပိုတွေ့ရအောင် Page တစ်ခုထောင်ပြီး ကိုယ်ချက်စားတဲ့ ဟင်းနဲ့ ဟင်းချက်နည်းတွေကို တင်ပေးမယ်ဆိုရင် ပိုအကျိုးရှိမယ်လို့ အစ်မကတွေးမိတယ်။

အဲ့ဒီနောက်ပိုင်းမှာ Nandar’s Kitchen ဆိုတဲ့ Page လေးကို စထောင်ဖြစ်ပြီး ဟင်းချက်နည်းလေးတွေကို တင်တော့ လူတွေက အစ်မပြောပြတဲ့အတိုင်း လိုက်ချက်ကြတဲ့အခါမှာလည်း တကယ်အဆင်ပြေတယ်ဆိုတာ လာပြောကြတဲ့အခါ Nandar’s Kitchen ကိုလုပ်တာ လူတွေအတွက် တကယ်အကျိုးရှိသွားပါလား။ အကျိုးရှိတဲ့အတွက် ငါ ဒါလေးကို ဆက်လုပ်ဖို့ဆိုရင် ဘာလေးတွေ ဆက်လေ့လာဖို့ လိုအပ်မလဲဆိုတာ စဉ်းစားဖြစ်ခဲ့တယ်။ အဲ့ဒီနောက် အချက်အပြုတ်နဲ့ဆိုင်တဲ့ ဗဟုသုတတွေကို အစ်မရဲ့မေမေဆီ ကနေ တစ်ဆင့်သင်ယူခဲ့ပါတယ်။ ပြီးရင် အစ်မကိုယ်တိုင်လည်း အင်တာနက်ကတစ်ဆင့် ဘယ်အစားအစာတွေက ခေတ်စား နေတယ်။ ဘယ်အစားအစာတွေက လူတွေကြိုက်နှစ်သက်ကြတယ်ဆိုတဲ့အကြောင်းတွေ လေ့လာဖြစ်တယ်။ ပြီးရင် ဟင်းချက်နည်း တွေကို ပြန်လေ့လာပြီး အိမ်မှာ ပြန်စမ်းချက်ရင်းနဲ့ အဆင်ပြေတဲ့နည်းတွေကို ဝေမျှခဲ့ပါတယ်။

သူမနဲ့ ချစ်ခြင်းတရား

အချစ်ဆိုတာ လူနှစ်ယောက်ချစ်ကြိုက်ကြတာဖြစ်တဲ့အတွက် သူကပဲ ကိုယ့်ကိုအမြဲချစ်နေရမယ်။ သူကပဲ ကိုယ့်ကို အမြဲတမ်း ကိုယ်လိုချင်တာတွေပဲ ဖြည့်ဆည်းပေးနေရမယ် ဆိုတာမျိုးလည်း မကောင်းသလို သူဘာပဲလုပ်နေလုပ်နေ၊ သူဘာပဲဖြစ်နေဖြစ်နေ ကိုယ်ကပဲ သူ့ကို မျက်စိမှိတ်ပြီး လိုက်ချစ်နေရမယ် ဆိုတာမျိုးကိုလည်း အစ်မအနေနဲ့ ကောင်းတယ်လို့ မထင်ဘူး။ လူနှစ်ယောက်ချစ်ကြိုက်ကြတာဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက်လုံး ညီတူညီမျှနဲ့ ချစ်ကြပြီး နားလည်မှုနဲ့ ရှေ့ဆက်သွားတာက ပိုကောင်းတယ်လို့ အစ်မမြင်ပါတယ်။

သူမနဲ့ ဟင်းချက်တဲ့အနုပညာ

ဟင်းချက်တယ်ဆိုတာ အမျိုးသမီးတွေမှမဟုတ်ဘဲ  အမျိုးသားတွေအားလုံးကပါ လေ့လာသင့်တဲ့အရာတစ်ခုလို့ အစ်မအနေနဲ့ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်စားချင်တဲ့အစားအစာ၊ ကိုယ်ကြိုက်တတ်တဲ့ အစားအစာတွေရဲ့ ချက်နည်းတွေကို သိထားမယ်ဆိုရင် ဘယ်နေရာပဲရောက်ရောက်၊ ဘယ်ဒေသပဲသွားသွား အချိန်မရွေး ချက်စားနိုင်တယ်။ ကိုယ်ကျွေးချင်တဲ့သူတွေ ကိုလည်း ကိုယ်ကိုယ်တိုင် လုပ်ကျွေးနိုင်တယ်။

စားဝတ်နေရေးဆိုတဲ့ ကဏ္ဍတွေထဲမှာ အချက်အပြုတ်ဆိုတာ အရေးပါတဲ့ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေတာမို့ အစ်မအနေနဲ့ လူတိုင်းကို အခြေခံအားဖြင့်တော့ လေ့လာစေချင်ပါတယ်။

သူမနဲ့ ဝါသနာ

လူတိုင်းဟာ ကိုယ်ဝါသနာပါတဲ့အရာကို အားသွန်ခွန်စိုက်ကြိုးစားနေတဲ့အချိန်မှာ စိတ်က ကျေနပ်နေတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအားသွန်ခွန်စိုက်ကြိုးစားနေချိန်မှာ ကိုယ်မျှော်လင့်မထားတဲ့အရာ ဖြစ်လာတာမျိုးတွေ၊ အခက်အခဲတွေ ကြုံရတဲ့အချိန်မျိုးတွေမှာ စိတ်ဓာတ်ကျမသွားအောင်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းသင့်တယ်လို့ ထင်တယ်။ ကြုံတွေ့လာရတဲ့ ကိစ္စတစ်ခုရဲ့ အချိန်အခါနဲ့ အခြေအနေအပေါ်မူတည်ပြီး အကောင်းဆုံး ဆုံးဖြတ်ပြီးတော့ ဖြေရှင်းသွားမယ်ဆိုရင် ကိုယ်တကယ် ဝါသနာပါတဲ့အရာကနေ တစ်ဆင့် အောင်မြင်မှုတစ်ခုကို ရရှိနိုင်မယ်လို့ အစ်မယုံကြည်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူမရဲ့အမြင် (ပတ်ဝန်းကျင်ရဲ့ ထင်မြင်သုံးသပ်ချက်အပေါ် )

အစ်မတို့ တစ်ခုခုကို စလုပ်တော့မယ်၊ ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် ပတ်ဝန်းကျင်ရဲ့ ထင်မြင်သုံးသပ်ချက်ကိုလည်း ရာခိုင်နှုန်းတစ်ခုအထိ နားထောင်သင့်တယ်လို့ အစ်မမြင်ပါတယ်။ သူတို့ရဲ့ ထင်မြင်သုံးသပ်ချက်တွေထဲကမှ သူတို့ပြောတာ မှန်နေသလား၊ မှားနေသလားဆိုတာကို ကိုယ့်ဘာသာကိုယ် ပြန်ပြီးတော့ ဆုံးဖြတ်သင့်တယ်။ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး ကိုယ်ဘာလုပ်သင့်လဲ။ ကိုယ်ဘယ်လိုရှေ့ဆက်သွားသင့်လဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချပြီး ရှေ့ဆက်သွားသင့်တယ် လို့ အစ်မမြင်ပါတယ်။

ပတ်ဝန်းကျင်ရဲ့ထင်မြင်သုံးသပ်မှုတွေကို လုံးဝ ရာခိုင်နှုန်းအပြည့် လွှမ်းမိုးမခံပေမဲ့လည်း သူတို့ရဲ့ထင်မြင် သုံးသပ်ချက်တွေကို ရာခိုင်နှုန်းတစ်ခုအထိ နားထောင်ပေးပြီး ကိုယ်ဘယ်လိုရှေ့ဆက်သွားသင့်လဲဆိုတာ တွေးဖို့လိုမယ်လို့ မြင်ပါတယ်။

သူမရဲ့အကြံပေးစကား

လူငယ်တွေအနေနဲ့ ကိုယ်စိတ်ပါဝင်စားတဲ့အရာနဲ့ မိဘကဖြစ်စေချင်တဲ့အရာ မတူညီတဲ့အခြေအနေလေးတွေကို ကြုံလာရပြီဆိုရင် မိဘပေးတဲ့ အကြံဥာဏ်တွေကို ကိုယ်က သဘောမကျဘူးဆိုရင်တောင် လုံးဝနားမထောင်ဘဲ နားပိတ်ပြီး နေနေတာမျိုးကို  အစ်မအနေနဲ့ မလုပ်စေချင်ပါဘူး။

မိဘပြောသွားတာလေးတွေ၊ အကြံဥာဏ်ပေးသွားတာလေးတွေကို နားထောင်စေချင်တယ်။ ပြီးရင် သူတို့စိတ်ချမ်းသာအောင် ကိုယ့်ဘက်ကခွန်အားလေးတစ်ခု စိုက်ထုတ်ပြီး သူတို့အတွက် ကိုယ်လုပ်ပေးနိုင်သလောက်လေး လုပ်ပေးမယ်။ ပြီးရင် ကိုယ့်ရဲ့ကျန်တဲ့အချိန်တွေမှာ ကိုယ်စိတ်ပါဝင်စားတဲ့ အရာဖြစ်ဖြစ်၊ အလုပ်တစ်ခုဖြစ်ဖြစ် အစွမ်းကုန်လေ့လာမယ်။ ဒီလိုဆို ကိုယ်ဖြစ်ချင်တဲ့အရာနဲ့ မိဘဖြစ်စေချင်တဲ့အရာနှစ်ခုကို ညှိနှိုင်းသွားမယ်ဆိုရင် အဆင်ပြေမယ်လို့ အစ်မမြင်ပါတယ်။

စာချစ်သူတို့ကော မနှင်းနန္ဒာဝေ ရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။