“ မမေသက်” ပြောတဲ့ သူမရဲ့အကြောင်း

blank
မမေသက်ဆိုတာ ဘယ်သူလဲ…။

သူမက Media Mall Company Limited ရဲ့ Chief Strategic Officer တစ်ဦးဖြစ်သလို Mega Mark ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ Owner and Founder တစ်ဦးလည်းဖြစ်ပါတယ်။ Follow Her blog ရဲ့ပဲ့ကိုင်ရှင်တစ်ဦးလည်းဖြစ်ကာ Life style နဲ့ပတ်သက်တဲ့ အတွေးအမြင်နဲ့စာလေးတွေကို မျှဝေပေးနေတဲ့အပြင် မိန်းကလေးတွေအတွက် အလှအပနဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေလည်း မျှဝေနေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

သူမ ပထမဆုံးရေးခဲ့စာ

မေ Follow Her Page လေးစထောင်တုန်းက ပထမဦးဆုံးရေးတဲ့ letter လေးက ဘဝမှာပျော်ရွှင်ချင်ရင် စွန့်လွှတ်သင့်တဲ့ အရာတွေကို စွန့်လွှတ်ရတယ်ဆိုတာပါ။ အဲ့ဒီအချိန်တုန်းက မေ့ဘဝမှာ အလုပ်စလုပ်တဲ့အချိန်လည်းဖြစ်တော့ လူ့လောကရဲ့ ကြုံရ၊ ဆုံရမယ့် အရာတွေ စကြုံလာရတဲ့ အချိန်ကလေးမှာ မေ ပိုင်ဆိုင်လာရတဲ့ အရာတွေရှိသလို ဆုံးရှုံးရတဲ့ အရာတွေလည်း ရှိလာတယ်။ ကိစ္စတော်တော်များများကို တွယ်တာစိတ်၊ ပိုင်ဆိုင်ရယူလိုစိတ်တွေ ရှိတဲ့ဘက်ကနေ တွေးကြည့်ရင် အခက်အခဲတွေအဖြစ် မြင်ရတာကို တွေ့ရတယ်။ ဒါကြောင့်မို့ ဘဝမှာ တချို့စွန့်လွှတ်သင့်တဲ့အရာတွေကို စွန့်လွှတ်လိုက်တဲ့အခါ မေတို့ ထမ်းထားတဲ့ ဝန်ထုပ်ဝန်ပိုးကြီးက သိသိသာသာ လျော့သွားပြီး ပျော်ရွှင်လာရတယ်။ အဲ့ဒီစာလေးက မေ့ရဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး ဖြစ်ပေါ်လာတဲ့ခံယူချက် အချို့ကို ရေးခဲ့တာပါ။

သူမနဲ့ အလှအပရေးရာ

လှပကျန်းမာဖို့အတွက် မေ မဖြစ်မနေလုပ်လေ့ရှိတာကတော့ Yoga လုပ်တယ်။ ရေများများသောက်တယ်။ Skincare ပုံမှန်လုပ် ပါတယ်။

သူမနဲ့ စကားလုံးများ

“စကား” တစ်ခွန်းကြောင့် ကျရှုံးစေသလို ရှင်သန်စေတာလည်း ရှိပါတယ်။ စကား အသုံးအနှုန်းကွာသွားတာနဲ့ သက်ရောက်မှု ကွာသွားတယ်။ ကိုယ်ပြောလိုက်တဲ့ စကားကတစ်ဆင့် ဖြစ်လာမယ့် အခြေအနေကို ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းက တစ်ဖက်သားကို ဘယ်လောက်အထိ သက်ရောက်သွားစေနိုင်သလဲဆိုတာကို ဒီအချက်လေးတွေနဲ့ စဉ်းစားကြည့်ကြရမယ်။

၁။ ဒီစကားက ပြောဖို့လိုအပ်လား။
၂။ ဒီစကားက ငါလိုချင်တဲ့ အချက်အလက်အတွက် ထိရောက်မှုရှိမလား။
၃။ အပျက်သဘောမဟုတ်ပဲ အပြုသဘောဖြစ်အောင် ဘယ်လို စကားမျိုးသုံးနှုန်းမလဲ။
၎။ ဒီစကားရဲ့အကျိုးဆက်ကရော ဘာတွေရှိမလဲ။
၅။ ငါ့စကားတစ်ခွန်းက ဘယ်သူ့ကို တိုက်ရိုက်ထိခိုက်စေမလဲ။
၆။ ကိုယ်ချစ်ခင်ရတဲ့ သူတွေကိုကော နာကျင်စေမှာလား။
ဒါတွေကို သေချာစဉ်းစားပြီးမှ ပြောရင် အမှားနည်းပြီး အဆိုးသက်ရောက်မှုတွေ နည်းသွားမှာ သေချာပါတယ်။ ကိုယ့်အနေနဲ့ အမြဲတမ်းအပြုသဘောဆောင်တဲ့စကားတွေ ပြောရင်တော့ အကောင်းဆုံးပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူမနဲ့ Empowerment

မေက အမြဲတမ်း empowerment ဘက်ကို ဦးတည်ပြီး သွားဖြစ်တာမို့ အဓိက လုပ်ဆောင်ဖြစ်တာကတော့ မေ့ရဲ့ လုပ်ငန်းခွင်နဲ့ လူမှုအသိုင်းအဝိုင်းမှာပါ။ လုပ်ငန်းခွင်ဆိုတာ ကိုယ်နဲ့အတူ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းများစွာရဲ့ စိတ်ပိုင်းဆိုင်ရာတွေ မြှင့်တင်ပေးနိုင်ဖို့က မေတို့ company ရဲ့ စစ်ဆင်ရေးထဲမှာ ပါတာပေါ့နော်။ အရမ်းအရေးကြီးတာ ကတော့ သူတို့ ဘဝတက်လမ်းဟာ level တစ်ခုမှာ မရပ်နေဘဲ ဆက်ကြိုးစားပြီး ပိုမြင့်တဲ့နေရာ ရောက်ရှိသွားနိုင်ဖို့ HR ပိုင်းဆိုင်ရာတွေမှာ အားစိုက်ပေးရပါတယ်။

လူမှုအသိုင်းအဝိုင်းဘက်မှာတော့ မေအားကျရတဲ့ စီနီယာတွေ၊ ကြိုးစားအောင်မြင်နေကြတဲ့ လူငယ်လုပ်ငန်းရှင်တွေနဲ့အတူ seminar တွေ၊ forum တွေမှာ ပါဝင်ပြီး တစ်ဖက်တစ်လမ်းကနေ အားဖြည့်ပေးနိုင်အောင် မေကြိုးစားနေပါတယ်။

ချီးကျူးသံ၊ ဝေဖန်သံတွေကြားက သူမ

အသံနှစ်ခုစလုံးက အဆိုးဆိုတာမရှိဘူးလို့ မေမြင်ပါတယ်။ အဓိကက ကိုယ်ခံယူတဲ့ စိတ်နေစိတ်ထားကအရေးကြီးပါတယ်။ ချီးကျူးစကားပြောခံရချိန်မှာ ကိုယ့်စိတ်က တည်ငြိမ်နေရမှာ ဖြစ်သလို ဝေဖန်လာတဲ့အခါမှာလည်း တည်ငြိမ်နေရပါမယ်။ တည်ငြိမ်နေမှ အမှားအမှန်တွေ၊ အကျိုးအကြောင်းသင့်လျော်မှု ရှိ၊ မရှိကို ခွဲခြားသိနိုင်မှာပါ။

တစ်ဖက်က ပြောလာတဲ့ စကားက ကိုယ့်ရဲ့လုပ်ရပ် မှန်တယ်၊ မှားတယ်ဆိုတာကို မှန်ကန်စွာ ထောက်ပြထားတယ်ဆိုရင် ဒီ အကြံပေးချက်ကို လက်ခံရပါမယ်။ ကိုယ့်အတွက် အကျိုးမရှိတဲ့ ဝေဖန်အကြံပေးမှုဆိုရင်တော့ လက်ခံစရာမလိုပါဘူး။

ကိုယ်မှန်တယ်ထင်တိုင်းလုပ်လို့မရသလို ဘေးပတ်ဝန်းကျင်ကလည်း အမြဲမမှန်နေပါဘူး။ ကိုယ်သွားနေတဲ့ လမ်းကြောင်းမှာ မှားယွင်းမှု မရှိနိုင်အောင် စဉ်းစဉ်းစားစားဆုံးဖြတ်နိုင်ဖို့အတွက် ကိုယ့်အပေါ်တုံ့ပြန်လာတဲ့ အရာအားလုံးအပေါ် တည်တည်ငြိမ်ငြိမ်နဲ့ ခံယူဖို့က အရေးကြီးပါတယ်။

သူမ ဘဝရပ်တည်ချက်နဲ့စိတ်ထားခံယူချက်

မေအရမ်းကြိုက်တဲ့ စကားပုံလေးတစ်ခုရှိတယ်။ “ လူတစ်ယောက်နားမှာပဲ တပည့်ခံလိုက်ရင် လူပေါင်းမြောက်မြားစွာရဲ့ ဆရာအဖြစ် တစ်သက်လုံးနေသွားလို့ရပြီ ”ဆိုတဲ့စကားလေးပါ။
ဒါကြောင့် မေက ဘာကိုပဲဖြစ်ဖြစ် ဘယ်သူ့နားမှာမှ မေးမြန်းဖို့ကို လက်မတွန့်တတ်ပါဘူး။ ဒါကတော့ technical အပိုင်းပါ။
နောက်တစ်ခုကတော့ အတွေ့အကြုံတွေက မေ့ကို သန်မာစေတယ်။ ဘဝရပ်တည်ချက်ကို ခိုင်မာစေတယ်။ ဘဝပေးသင်ခန်းစာတွေကတော့ နေ့စဉ်ကြုံတွေ့နေရတာမို့ ဒီအရာတွေအပေါ် ကိုယ်လက်ခံထားတဲ့ ပုံစံတွေကို သင်ခန်းစာအဖြစ်နဲ့ မှတ်သားထားပြီး အတွေ့အကြုံတွေကို စာလေးတွေက တစ်ဆင့်ပြန်ပြီး မျှဝေပေးဖြစ်တာပါ။

ဒါကြောင့် မေ စာတွေရေးရင် များသောအားဖြင့် အတွေ့အကြုံနဲ့ ယှဉ်ပြီး ရေးသားဖြစ်တာပါပဲ။
စာချစ်သူတို့ကော မမေသက်ရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။