“မခင်ဝတီမောင်မောင်” ပြောတဲ့ သူမအကြောင်း။

blank
မခင်ဝတီမောင်မောင်ဆိုတာ ဘယ်သူလဲ…။

သူမက တက္ကသိုလ်ကျောင်းသူအရွယ်ကတည်းက အသားအရေ၊ အလှအပ ဂရုစိုက်ခြင်းနဲ့ ဟင်းလျာချက်ပြုတ်ရတာတို့ကို ဝါသနာကြီးခဲ့သူပါ။ ငယ်ရွယ်သူဖြစ်ပေမယ့် Marble Food Catering နဲ့ Marble Skincares & Cosmetics လုပ်ငန်းတို့ကို တည်ထောင်ဦးစီးနေသူတစ်ယောက်ပါ။ ပြီးတော့ မြန်မာ့ရိုးရာထမင်း၊ဟင်း ချက်ပြုတ်ရတာကိုလည်း နှစ်သက်သူတစ်ယောက်ပါ။

သူမနဲ့လုပ်ငန်းအတွေ့အကြုံ

မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ အလုပ်လုပ်ခါစမှာ အိမ်ပြန်ချိန်တွေနောက်ကျတဲ့အထိ meeting သွားရတာမျိုးတွေ၊ Supplier တွေနဲ့ တစ်ယောက်တည်းစကားပြောတဲ့အခါမှာ အခက်အခဲကြုံခဲ့ဖူးပါတယ်။ အခုတော့ အလုပ်ကသင်ပေးတဲ့ အတွေ့အကြုံရှိလာပြီမို့  ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိလာပါပြီ။

ကိုယ်ပိုင်လုပ်ငန်းလုပ်လာတဲ့အချိန်မှာ ဆုံးဖြတ်ချရတဲ့အပိုင်းတွေ အရမ်းပြောင်းလဲသွားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရှိလာတယ်။ အချိန်တိုအတွင်းမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေနဲ့ ရွေးချယ်မှုတွေ ပိုလုပ်လာနိုင်တယ်။ ဒါတွေက အစ်မရဲ့ တိုးတက်လာမှုတွေပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူမ နဲ့ အတွေးအခေါ်

အစ်မအမြင်ကတော့ ပိုပြီးတွေးခေါ်နိုင်ဖို့ဆိုရင် လူတွေနဲ့ စကားများများပြောကြည့်ရမယ်။ ပေါင်းသင်းဆက်ဆံရေးပြေပြစ်ရမယ်။ လူမှုပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတတ်ရမယ်။ အလုပ်ကိစ္စပဲဖြစ်ဖြစ်၊ တခြားကိစ္စပဲဖြစ်ဖြစ် စကားပြောဆိုညှိနှိုင်းကြတဲ့ အခါမှာ ကိုယ့်ဘက်ကပဲ အမှန်ဆိုတာမျိုးလုပ်နေရင် အတွေးအခေါ်လမ်းကြောင်းတွေ ပိတ်သွားလိမ့်မယ်လို့ ထင်တယ်။ လိုက်လျောညီထွေပြောဆိုတတ်မှ သူများအတွေးတွေကိုလည်း ဖလှယ်လို့ရသလို သူတစ်ပါးအကြံပေးတာတွေကိုလည်း လက်ခံပြီး တွေးခေါ်တတ်ရမယ်လို့ မြင်ပါတယ်။ ပိုပြီးတိုးတက်အောင်မြင်တဲ့အမျိုးသမီးဖြစ်ဖို့ စာများများလည်း ဖတ်ရပါမယ်။

သူမနဲ့ ဟင်းချက်ခြင်းအနုပညာ

ကိုယ်စားစေချင်တဲ့သူကို စားကောင်းပါစေဆိုတဲ့ စေတနာအပြည့်နဲ့ ဟင်းချက်ပေးရင် ဟင်းချက်တဲ့သူ တော်တော်၊ မတော်တော် စားရတဲ့သူရဲ့နှလုံးသားအပြည့်ကိုတောင် သိမ်းပိုက်နိုင်စွမ်းရှိတယ်လို့ မြင်မိပါတယ်။

သူမ အလုပ်နဲ့ဘဝကြားက စီမံခန့်ခွဲမှု

အစ်မ ကိုယ်ပိုင်လုပ်ငန်းမလုပ်ခင် ဝန်ထမ်းဘဝကတည်းက အလုပ်နဲ့ဘဝကိုညီမျှဖို့ဆိုတာထက် အလုပ်နဲ့ဘဝကိုဟန်ချက်ညီညီ စည်းချက်ကျနေဖို့ကို အခြေခံထားခဲ့တယ်။ ဝန်ထမ်းဘဝမှာကော၊ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အချိန်မှာကော အစ်မက အချိန်တိုင်း အလုပ်အကြောင်းကို စဉ်းစားနေတယ်။ မိသားစုနဲ့ အနားယူအပန်းဖြေနေတဲ့အချိန်မှာ အလုပ်ပေါ်လာရင် အလုပ်လုပ်တယ်။ အလုပ်လုပ်နေရင်းနဲ့ အရမ်းပင်ပန်းလာရင် ခဏနားလိုက်တယ်။ အစ်မရဲ့ ဘဝနေထိုင်မှုပုံစံက work/life balance လည်ပတ်မှုနဲ့ မသွားဘဲ work/life harmony နဲ့သွားတယ်။

သူမရဲ့ အသားအရေထိန်းသိမ်းမှု

ကိုယ်စားသောက်တဲ့အစားအသောက်တွေက ကိုယ့်အသားအရေကို အကျိုးသက်ရောက်တာမို့လို့ အဖုအပိန့်တွေထွက်နိုင်တဲ့ အပူအစပ်တွေအစား အသီးအနှံများများနဲ့ အစာအာဟာရအုပ်စု (၃) အုပ်စု မျှတအောင် စားသင့်တယ်။

နောက်တစ်ခုက ကိုယ့်အသားအရေအမျိုးအစားနဲ့ ကိုက်ညီတဲ့ အသားအရေထိန်းသိမ်းနည်းတွေကို ရွေးချယ်သင့်တယ်။ တကယ်လို့ ကိုယ်အသားအရေအမျိုးအစားကို မသိဘူးဆိုရင် အသားအရေအကြောင်းနားလည်တဲ့သူတွေ၊ ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ဆွေးနွေးပါ။

အခြေခံဂရုစိုက်သင့်တဲ့ အဆင့်တွေကတော့ Cleansing လုပ်မယ်။ Toner သုံးမယ်။ ရေဓာတ်အစိုဓာတ်ထိန်းသိမ်းဖို့ Cream or Gel သုံးရမယ်။ နေရောင်ဒဏ်ကာကွယ်ရပါမယ်။ အသားအရေ ပိုကောင်းချင်ရင်တော့ ကိုယ့်အသားအရေနဲ့ လိုက်တဲ့ Serum တွေ လိမ်းပေးသင့်တယ်။ ဒီပစ္စည်းတွေဝယ်ဖို့ လက်လှမ်းမမီနိုင်တဲ့နေရာမျိုးတွေဆီရောက်နေတယ်ဆိုရင် ဖုန်နဲ့အညစ်အကြေးတွေ၊ နေရောင်ဒဏ်တွေမထိတွေ့အောင် အပြင်ထွက်ရင် ထီး၊ ဦးထုပ်ဆောင်းတာ၊ မျက်မှန်တပ်တာတို့၊ ရေများများသောက်တာတို့ လုပ်ကြပါ။

သူမ နဲ့ စီးပွားရေးခံယူချက်

စီးပွားရေးလုပ်တဲ့အခါ သူများတကာတွေထက် ခြေတစ်လှမ်းကတော့ သာရမှာပါ။ ဒါပေမဲ့ အစ်မကတော့ Healthy ဖြစ်ပြီး သန့်သန့်ရှင်းရှင်းနဲ့ ခြေတစ်လှမ်းသာနေတဲ့  စီးပွားရေးမျိုးကို သဘောကျပါတယ်။ အစ်မခံယူထားတာကတော့ အလုပ်တစ်ခု လုပ်တယ်ဆိုရင် ကိုယ့်ဘက်မှာ ကံ၊ ဥာဏ်၊ ဝီရီယ သုံးခုလုံးရှိအောင် ကြိုးစားရမယ်။ အဲ့ဒီထဲမှာ ဝီရိယကောင်းတဲ့သူက စီးပွားရေးမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာမဆို ခြေတစ်လှမ်းသာနေမယ်လို့ ယုံကြည်ပါတယ်။

လူငယ်တိုင်းအတွက် သူမရဲ့ခွန်အားပေးစကား

အစ်မလည်း ဘွဲ့ရကာစကျောင်းပြီးတဲ့အခါမှာ လုပ်ချင်တာတွေအများကြီး ရှိခဲ့ပေမယ့် ဘယ်အရာကို အကောင်အထည်ဖော်ရမှန်း၊ ဦးစားပေးရမှန်း သေချာမသိဘူးဖြစ်ခဲ့တယ်။ သေချာအချိန်ယူပြီး စဉ်းစားခဲ့ရတယ်။ ကိုယ်တကယ်ဘာလုပ်ရမှန်းမသိဘူးဆိုရင် မိဘ၊ဆရာသမားတွေနဲ့ဖြစ်ဖြစ်၊ ကိုယ်ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ တိုင်ပင်ကြည့်ပြီးမှ စဉ်းစားဆုံးဖြတ်ပါ။ စာဖတ်ပါ။ အဲ့ဒါမှ ကိုယ့်ကိုယ်ကိုယ်ဘာလုပ်ချင်လဲ၊ ဘာဖြစ်ချင်လဲဆိုတာ အဖြေပေါ်သွားပါလိမ့်မယ်။

လူတိုင်းကတော့ ဘဝမှာ အခက်အခဲတွေနဲ့ တွေ့ကြရမှာပဲ။ အဲ့ဒီအခက်အခဲတွေကို ကျော်လွှားပြီးမှ အောင်မြင်နိုင်မှာလေ။ အဲ့ဒီတော့ ဘာပဲလုပ်လုပ်၊ ဘယ်နေရာရောက်ရောက် ကိုယ့်ကိုယ်ကိုယ် အကျိုးပြုနိုင်အောင် ကြိုးစားပါ။ ကိုယ့်မိသားစုကော၊ ကိုယ့်ပတ်ဝန်းကျင်ကော၊ ကိုယ့်နိုင်ငံကော အကျိုးပြုနိုင်အောင် ကြိုးစားကြပါ။

စာချစ်သူတို့ကော မခင်ဝတီမောင်မောင်ရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။