လှပတဲ့မျက်နှာလေးကို ဆုံးရှုံးလိုက်ရပေမယ့် ဘဝကို လှပစွာ ဆက်လက်ဖြတ်သန်းနိုင်ခဲ့သူ လက်ခ်ျမီး အဂါဝယ်လ် (Laxmi Agarwal)

အလှအပကြိုက်တတ်တာဟာ မိန်းကလေးတွေရဲ့ သဘာဝပါ။ မျက်နှာမှာ ဝက်ခြံသေးသေးလေးထွက်ရင်တောင် အလှပျက်မှာ စိုးရိမ်နေတတ်တာလည်း မိန်းကလေးတွေပါပဲ။

အဲ့ဒီလိုအလှကြိုက်တဲ့မိန်းကလေးအနေနဲ့ လှပတဲ့ မျက်နှာကို အက်ဆစ်နဲ့ ရက်ရက်စက်စက် အပက်ခံရရင် ဘယ်လောက် ခံစားရမလဲ။ ဘဝကိုကော ဘယ်လိုရှေ့ဆက်မလဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစွာ တက်လှမ်းဖို့ကော ဖြစ်နိုင်မလား။

အိန္ဒိယနိုင်ငံက လက်ခ်ျမီး အဂါဝယ်လ် (Laxmi Agarwal) လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ လှပချောမောတဲ့ မျက်နှာကို အက်ဆစ်နဲ့ အပက်ခံခဲ့ရပါတယ်။ သူမထက်အသက် နှစ်ဆကြီးတဲ့ သူတစ်ယောက်ရဲ့ လက်ထပ်ခွင့်တောင်းခံမှုကို  ငြင်းဆိုလိုက်လို့ အငြိုးထားပြီး အက်ဆစ်နဲ့ပက်ခြင်းကို ခံခဲ့ရတာပါ။ အသက် (၁၅) အရွယ်မိန်းကလေးတစ်ယောက်အတွက် အရမ်းခါးသီးတဲ့ ဖြစ်ရပ်တစ်ခုပေါ့။

အဆိုတော်နဲ့ ကသက်ခ် (kathak) အကသမားတစ်ယောက်ဖြစ်ချင်ခဲ့တဲ့သူမဟာ ဆာဗိုဒါရာ ကန်ညာ ဗစ်ဒ်ယာလေး (Sarvodaya Kanya Vidyalay) ရဲ့သင်တန်းသူတစ်ယောက်ပါ။ အဲ့ဒီဖြစ်ရပ်ဆိုးကြီးကို တစ်နေ့ သူမသင်တန်းတက်ဖို့အသွားမှာ ကြုံတွေ့ခဲ့ရတာပါ။ အသက်မသေအောင် အချိန်မီကုသနိုင်ခဲ့ပေမယ့် ဘဝကို အရှုံးပေးချင်စိတ်ပေါက်လောက်အောင် ခွဲစိတ်မှုတွေ အကြိမ်ကြိမ်ခံယူခဲ့ရပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါပေမဲ့ လက်ခ်ျ်မီးဟာ လွယ်လွယ်ကူကူ စိတ်ဓာတ်မကျခဲ့ဘူး။ သူမလိုအဖြစ်မျိုး ကြုံတွေ့သူ ထပ်မရှိရလေအောင် ဈေးကွက်ထဲမှာ အလွယ်တကူဝယ်ယူလို့ ရရှိနိုင်နေတဲ့ အက်ဆစ်အရေးနဲ့ပတ်သက်ပြီး အပြင်းအထန်လှုပ်ရှားခဲ့တယ်။  လူတွေကို လှုံ့ဆော်စည်းရုံးခဲ့တဲ့နောက်မှာ အက်ဆစ်အလွယ်တကူရောင်းဝယ်ဖောက်ကားနေမှုကို ကန့်ကွက်ကြောင်း လက်မှတ်ထိုးမှုတွေနဲ့အတူ အိန္ဒိယရဲ့ ကောင်စီရုံးအထိ စာတင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူမကို အက်ဆစ်နဲ့ ပက်ခဲ့တဲ့ တရားခံတွေကိုလည်း အရေးယူဖို့ဆောင်ရွက်နိုင်ခဲ့တယ်။

သူမရဲ့ လှုပ်ရှားမှုတွေနဲ့ ပက်သက်ပြီး အမေရိကန်သမ္မတဟောင်း ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ဇနီး မီရှဲလ် အိုဘားမား (Michelle Obama) က သူမကို International Woman of Courage ဆုကို ချီးမြှင့်ခဲ့ပါတယ်။ သူမကို အဲ့ဒီနှစ်ရဲ့ အိန္ဒိယ NDTV ( New Delhi Television Limited) လို့တောင် ခေါ်ဆိုခဲ့ကြပါတယ်။

၂ဝ၁၄ ခုနှစ်မှာတော့ သူမဟာ Chhanv ဖောင်ဒေးရှင်းရဲ့ တည်ထောင်သူနဲ့ ညွှန်ကြားသူဖြစ်လာခဲ့ပါတယ်။ Chhanv ဖောင်ဒေးရှင်းရဲ့ အဓိကရည်ရွယ်ချက်က အက်ဆစ်တိုက်ခိုက်မှုမှာ သားကောင်ဖြစ်ခဲ့ရသူတွေကို ကူညီဖို့ပါ။ အဲ့ဒီနှစ်မှာပဲ သူမနဲ့အတူ အက်ဆစ်တိုက်ခိုက်မှုတွေရပ်ဖို့ SAA (Stop Acid Attack) campaign မှာ အတူတူလှုပ်ရှားခဲ့တဲ့ အာလိုခ် ဒစ်ဆစ်တ် (Alok Dixit) နဲ့လက်ထပ်ပြီး သမီးလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ကမ်ပိန်းအသစ်တစ်ခုဖြစ်တဲ့ “Face of Courage” က သူမကို သူတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့  Brand Ambassador အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်တွေအဆုံးမှာတော့ သူမဟာ လူတကာရဲ့ လေးစားအတုယူဖွယ်ရာ လူတစ်ယောက်ဖြစ်လာပါတော့တယ်။

“အက်ဆစ်ဟာ မျက်နှာကိုပဲ ဖျက်ဆီးလို့ရမယ်။ အိပ်မက်တွေကို ဖျက်ဆီးပစ်လို့မရပါဘူး။ အောင်မြင်ပျော်ရွှင်တဲ့ဘဝတစ်ခုကို တည်ဆောက်ပြပြီး ကိုယ့်အပေါ် မကောင်းကြံခဲ့တဲ့သူတွေကို အနိုင်ယူပါ” လို့ သူမရဲ့ ဇာတ်လမ်းလေးကိုဖတ်ပြီး သင်ခန်းစာရလိုက်ပါတယ်။

စာချစ်သူတို့ကော ဘယ်လိုသင်ခန်းစာလေးတွေရလိုက်လဲ။

ဒီဆောင်းပါးလေးကို နှစ်သက်သဘောကျတယ်ဆိုရင် မျှဝေပေးသွားပါဦးနော်။