အဆိုးမြင်စိတ်များတဲ့ ပတ်ဝန်းကျင်ကနေ ရုန်းထွက်လိုက်ပါ။

blank

စာချစ်သူတို့ရေ….

လူတစ်ယောက်ရဲ့ ဘဝအကောင်းအဆိုးဆိုတာ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုနဲ့လည်း  အများကြီးသက်ဆိုင်တယ်ဆိုတဲ့အဆိုကို သင်လက်ခံပါသလား။ ဒါကို လက်မခံနိုင်တဲ့သူတွေလည်း ရှိကောင်းရှိမှာပါ။ ဒါပေမဲ့ သုတေသနပြုချက်တွေအရ လူတစ်ယောက်နဲ့ ပေါင်းပါများရင် အဲ့ဒီလူရဲ့အမူအကျင့်တွေ ကူးစက်လာတယ်လို့  တွေ့ရှိထားကြပါတယ်။

ရည်မှန်းချက်ရှိသူတစ်ယောက်က ရည်မှန်းချက်မရှိသူတွေနဲ့ပဲ အချိန်ပြည့်ပေါင်းသင်းနေမယ်ဆိုရင် ကြိုးစားလိုစိတ်တွေ လျော့လာပြီး ရည်မှန်းချက်တွေပါ တဖြည်းဖြည်းပျောက်သွားနိုင်ပါတယ်။ စာဖတ်တဲ့သူတွေနဲ့ ပေါင်းသင်းတဲ့အခါ စာဖတ်တဲ့အကျင့်ကောင်းလေးတွေ ကူးစက်လာပါတယ်။ အောင်မြင်ရေးအတွက် ကြိုးစားနေသူတွေနဲ့ ပေါင်းသင်းတဲ့အခါ သူတို့ဘယ်လိုကြိုးစားကြတယ်ဆိုတာ မြင်နေကြားနေရပါများလာတဲ့အခါ သူတို့လိုကြိုးစားချင်စိတ်တွေ ဝင်လာပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အောင်မြင်သူတွေနဲ့ ပေါင်းသင်းတဲ့အခါ သူတို့နဲ့အတူ ကိုယ်လည်း တိုးတက်မြင့်မားအောင် ကြိုးစားဖြစ်လာတယ်။ တကယ်လို့ သင်က ကျရှုံးနေသူ ၉ ယောက်နဲ့ ပေါင်းသင်းမတယ်ဆိုရင် ၁ဝ ယောက်မြောက်ကျရှုံးသူက ကိုယ်ပဲဖြစ်လာပါလိမ့်မယ်။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုတဲ့စကားပုံလိုပါပဲ။ ကြိုးစားအောင်မြင်နေကြတဲ့ ပတ်ဝန်းကျင်မှာ အနေများရင် ကိုယ်အောင်မြင်ဖို့  ဘယ်လိုကြိုးစားရမယ်ဆိုတဲ့ တွန်းအားတွေလည်း ရလာပါတယ်။ ဒါကြောင့် လူတစ်ယောက်အတွက် ပတ်ဝန်းကျင်ကောင်းမှာ ရွေးချယ်နေထိုင်တတ်ဖို့ အလွန်အရေးကြီးပါတယ်။

အဆိုးမြင်စိတ်ရှိသူများတဲ့ ပတ်ဝန်းကျင်မှာ အမြဲနေနေရင် ကောင်းတဲ့ပြောင်းလဲမှုတွေကိုလည်း မျှော်လင့်တတ်တော့မှာ မဟုတ်ပါဘူး။ ကိုယ့်ကို အောက်ဆွဲချနေသူတွေရဲ့ လက်က ရုန်းမထွက်နိုင်သရွေ့ မလုပ်နိုင်ဘူးဆိုတဲ့ ဆင်ခြေတွေ ပေးနေမိဦးမှာပါပဲ။ ဆင်ခြေပေးပါများရင် အောင်မြင်မှုတွေနဲ့လည်း ပိုဝေးသွားမှာပါ။ မကောင်းမြင်စိတ်ဆိုတာ အောင်မြင်မှုကို ဖျက်ဆီးပစ်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးလိုပါပဲ။ ဒါကြောင့် ဘဝထဲက အပြီးပိုင်ဖယ်ထုတ်ပစ်လိုက်ပါ။ ပြီးတော့ ကိုယ့်ကို ကြိုးစားဖို့ အားပေးတဲ့သူတွေ၊ စိတ်ခွန်အားဖြစ်စေတဲ့သူတွေ၊ အတုယူစရာကောင်းတဲ့သူတွေနဲ့ပဲ ဘဝကို ဝန်းရံထားလိုက်ပါ။

ကဲ….အောင်မြင်မှုအတွက် ကြိုးစားနေတဲ့သင်ကော ဒီနေ့မှာ သင့်ပတ်ဝန်းကျင်ကို ဘယ်လိုလူတွေနဲ့ ဝန်းရံထားလဲဆိုတာ ဖြေခဲ့ပေးပါဦးနော်။