လူအများစုအပေါ် သက်ရောက်နေတဲ့ လစာထုတ်ရက် သောကြာနေ့ရဲ့ အန္တရာယ်

စာချစ်သူတို့ရေ….။

ဒီနေ့က လစာထုတ်ရက်ဖြစ်တဲ့အပြင် သောကြာနေ့လည်းဖြစ်တယ်ဆိုတော့ ပျော်နေကြတယ်ဟုတ်။ သင်လစာထုတ်ပြီးပြီးချင်း ဘာလုပ်မယ်လို့ စဉ်းစားထားလဲ။

လူအများစုဟာ လစာထုတ်ပြီးတဲ့အခါ ရှော့ပင်းထွက်ကြလိမ့်တယ်၊ စားသောက်ဆိုင်ကောင်းကောင်းတွေမှာ စားသောက်ကြလိမ့်မယ်။ ရုပ်ရှင်ကြည့်သူက ကြည့်ပြီး စနေ-တနင်္ဂနွေမှာ လျှောက်လည်သူက လျှောက်လည်ကြလိမ့်မယ်။ တစ်လလုံး အလုပ်လုပ်ခဲ့တဲ့ ပင်ပန်းမှုတွေကို အားရပါးရဖြေဖျောက်ကြလိမ့်မယ်။ ငွေပိုငွေလျှံတွေ များနေသလို ငွေတွေကို သုံးမိလိမ့်မယ်။ တစ်လလုံးမှာ ငွေကိုဘယ်လို မျှတအောင် သုံးမလဲဆိုတာကို အနည်းစုကပဲ စဉ်းစားမိပြီး အများစုကတော့ လိုတာတွေကော၊ မလိုတာတွေကော ဝယ်မိလိမ့်မယ်။  တကယ်တော့ ကျွန်မတို့မစဉ်းစားမိတာက အဲ့ဒီငွေတွေဟာ…..

  • နောင်ရေးအတွက် စုဆောင်းဖို့၊
  • အရေးပေါ် အသုံးစရိတ်တွေအတွက် ချန်ထားဖို့
  • ရင်းနှီးမြှပ်နှံမှုလေးတွေ လုပ်ထားဖို့
  • ပုံမှန်အသုံးစရိတ်အတွက် ချန်ထားဖို့
  • လူမှုရေးတွေအတွက် အသုံးပြုဖို့ ငွေတွေပဲဖြစ်ပါတယ်။

ဒါပေမဲ့ ကျွန်မတို့အများစုဟာ လစာငွေလက်ထဲရောက်လာတာနဲ့ ဘယ်လိုအသုံးပြုမလဲဆိုတာထက်၊ ဘယ်လိုသုံးပစ်မလဲဆိုပြီး အရင်ဆုံးတွေးနေတတ်တယ်။ လစာမရောက်လာသေးခင်မှာ ဝယ်မယ့်ပစ္စည်းတွေကို စာရင်းပြုစုထားတတ်ကြတယ်။ အဲ့ဒီပစ္စည်းတွေဟာ ကျွန်မတို့

  • လိုအပ်တဲ့ ပစ္စည်းတွေလား။
  • လိုချင်နေတဲ့ ပစ္စည်းတွေလား ဆိုတာကို စဉ်းစားကြည့်ဖို့ မေ့နေတတ်ကြတယ်။

ကျွန်မတို့ဝယ်တဲ့ ပစ္စည်းတွေဟာ လိုအပ်တဲ့ပစ္စည်းတွေထက်၊ လိုချင်တဲ့ပစ္စည်းတွေဖြစ်နေတာက များပါတယ်။ လစာထုတ်လာတဲ့အခါမှာ ပစ္စည်းတွေဝယ်ရမယ်၊ သုံးရမယ်ဆိုတဲ့ စိတ်ကလေးလည်း ဝင်နေတတ်တယ်။  ဒါ့ကြောင့်လည်း လအစတွေမှာ ရေလျှံပြီး လဝက်ကျော်လာတာနဲ့ ရေခမ်းတဲ့ အဖြစ်မျိုးတွေ ကြုံရတတ်ပါတယ်။ လက်ထဲငွေပြတ်သွားတော့ ချေးငှားပြီးသုံး၊ လစာထုတ်တဲ့အခါမှာ ပြန်ဆပ်နဲ့ သံသရာလည်နေတတ်တယ်။ သင့်အနေနဲ့ လစာထုတ်ရက် သောကြာနေ့ရဲ့ အန္တရာယ်စက်ဝန်းကနေ ကင်းလွတ်ချင်တယ်ဆိုရင် “အသုံးနဲ့အဖြုန်း၊ လိုချင်တာနဲ့ လိုအပ်တာ” ကို ကောင်းကောင်းခွဲခြားပါ။ ဈေးဝယ်ထွက်တော့မယ်ဆိုရင် ဝယ်မယ့်ပစ္စည်းတွေကို စာရင်းပြုစုပါ။ တကယ်လိုမှဝယ်ပါ။ လအစမှာ သုံးပြီး လကုန်ရက်နီးလာတဲ့အခါ အသက်ရှူကြပ်ရတာမျိုးတွေ မဖြစ်ရအောင် သတိထားပါနော်။

ဒီနေ့က သောကြာနေ့၊ လစာထုတ်ရက်ဆိုတော့ စနေ-တနင်္ဂနွေ နှစ်ရက်မှာ စူပါမားကတ်တွေ၊ ရှော့ပင်းစင်တာတွေဘက်ကို ဦးတည်နေတဲ့ ခြေထောက်လေးတွေကို ချုပ်ထားလိုက်ပါနော်။

စာချစ်သူတွေအားလုံး သောကြာနေ့ လစာထုတ်ရက် အန္တရာယ်ကို ပါးနပ်စွာ ရှောင်ရှားနိုင်ကြပါစေ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။