ဘဝပျော်ရွှင်မှုအတွက် ဘာတွေကို စောင့်စားနေတာလဲ

blank

ကျွန်မတို့ လူအများစု လက်ခံယုံကြည် ထားကြတာက အိမ်ထောင်ကျပြီး သားတွေ၊ သမီးတွေနဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေ ရှိလာရင် ဘဝက ပိုပြီး ပျော်ရွှင်စရာ ကောင်းလာ လိမ့်မယ်ပေါ့။ ဒါပေမယ့် ကလေးတွေ ရလာပြီး သူတို့လေးတွေ အတွက် လိုအပ်ချက်တွေ များလာတာတွေ၊ ဘဝနောင်ရေး စိတ်မအေး ရတာတွေနဲ့ တွေ့ကြုံလာတဲ့ အခါမှာတော့ အဲ့ဒီ စိတ်ကူးယဉ် နိဗ္ဗာန်ဘုံလေးဟာ အငွေ့ပျံ ပျောက်ဆုံး သွားပါတော့တယ်။

ကျွန်မတို့ရဲ့ ဆယ်ကျော်သက်အရွယ် ဘဝနုနုလေး တွေဟာလည်း အဲ့ဒီ စိတ်ကူးရေယဉ်ကျောမှာပဲ တစ်ဝဲလည်လည် ဖြစ်နေခဲ့ရတယ် ဆိုတာပါပဲ။ ကျွန်မတို့ဟာ တစ်ချိန်ကျရင်တော့ အားရပါးရပျော်ရမှာပဲ ဆိုတဲ့ အိပ်ရာဝင်ပုံပြင်ကို ဖတ်ရင်း မရေရာ မသေချာတဲ့ အနာဂါတ်ကိုမျှော်လင့် နေခဲ့ကြပါတယ်။

အိမ်ထောင်ကျရင်တော့ ဆိုတဲ့ အတွေးများစွာ…၊ လက်တွဲဖော်နဲ့ အတူ ကြိုးစားရင်တော့ ဘဝက ပြည့်စုံလာမှာပါ ဆိုတာမျိုး၊ ကားဝယ်ပြီးရင် အတူတူ ခရီးတွေ ထွက်ပစ်မယ် ဆိုတာမျိုး၊ ဒီလိုနဲ့ပဲ ဘဝဇာတ်လမ်း တစ်ပုဒ်က ပြည့်စုံပျော်ရွှင်စွာနဲ့ ပေါင်းဖက် သွားကြလေသတည်း ဆိုတာမျိုးတွေ ဖြစ်လာမှာပဲလို့ ကိုယ့်ကိုယ်ကို ချွေးသိပ်ရင်း အချိန်တွေကို ကုန်ဆုံးလာခဲ့ကြတယ်။

တစ်ကယ်တမ်းကျတော့ ဘာမှန်းမသိတဲ့ နောင်တစ်ချိန်ထက် လက်ရှိအချိန်ကိုသာ တန်ဖိုးရှိရှိ အသုံးချပြီး ပျော်ရွှင်တဲ့ ဘဝကို ဖန်တီးသင့်တာပါ။ အရာရာ မတည်မြဲတဲ့ လောကကြီးမှာ ဘယ်အရာမှ အပိုင်တွက်ထားလို့ မရပါဘူး။ ကဲ ဒီတော့ နေကောင်းရက်သာ ရွေးမနေဘဲ အခုပဲ လက်ရှိဘဝကို အကောင်းဆုံး ဖြတ်သန်းဖို့ စတင်လိုက်ပါတော့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဘဝဆိုတာ စိန်ခေါ်မှုတွေနဲ့ အမြဲ ပြည့်နှက်နေတတ်တာပါ။ အကောင်းဆုံးကတော့ ဒါကို လက်ခံနိုင်ဖို့နဲ့ ဘယ်လိုအခြေအနေပဲ ကြုံရကြုံရ အဆိုးထဲက အကောင်း ရှာဖွေပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားဖို့ပါပဲ။

ကျွန်မအကြိုက်ဆုံး ဆိုရိုးလေးတစ်ခုကတော့ အယ်လ်ဖရတ်ဒ် ဒီ ဆောက်စ် (Alfred D. Souse) ရဲ့ ဆိုရိုးလေးပါပဲ။ သူဘာပြောလဲ ဆိုတော့ “ တစ်ချိန်က ကျွန်တော် တွေးခဲ့ဖူးတယ်။ ကျွန်တော့် စိတ်ထဲမှာ မှန်းထားတဲ့ အရာတစ်ခု ပြီးမြောက်သွားပြီဆိုရင်တော့ ကျွန်တော် ဘဝကို ကိုယ့်စိတ်ကြိုက်ဖြတ်သန်းတော့မယ်ပေါ့။ ဒီလိုနဲ့ မှန်းထတားတဲ့အရာ တစ်ခု ပြီးမြောက်သွားပြန်တော့ နောက်တစ်ခုပေါ်လာပြန်ရော။ ဒီလိုနဲ့ပဲ အသက်သာကြီးသာသွားတယ်။ ဘဝက စကိုမစနိုင်ဘူး ဖြစ်နေတော့တယ်။ နောက်ဆုံးမှာ သိလိုက်ရတာကတော့ ဒီလိုအတားအဆီးတွေနဲ့ ရင်ဆိုင် ရုန်းကန်နေရတာကိုက ဘဝပဲဆိုတာကိုလေ။”

ကျွန်မလည်း ဒီလို အမြင်ကြောင့် ပျော်ရွှင်စရာ နည်းလမ်း မရှိဘူးလို့ ထင်ခဲ့ဖူးပါတယ်။

အရင်းစစ်ကြည့်တော့ ပျော်ရွှင်မှုအတွက် နည်းလမ်း ဆိုတာ ရှိစမြဲပါ။ ကိုယ့်အတွက် တန်ဖိုးရှိတဲ့ သူတွေကို အချိန်ပေး၊ သူတို့အတွက် ပျော်စရာ အချိန်တွေ ဖန်တီးပေး ရတာကိုက တန်ဖိုးဖြတ်မရဘူး ဆိုတာလည်း သိလာပါတော့တယ်။ နောက်တစ်ခု သတိချပ်ရမှာက ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းဖို့ ဘာကိုမှ စောင့်ဆိုင်းနေစရာ မလိုဘူး ဆိုတာကိုပါပဲ။

ဒီတော့ စောင့်နေတာတွေ ရပ်လိုက်ကြပါစို့… ကျွန်မတို့ အများစု ပျော်ရွှင်တဲ့ ဘဝရဖို့ အရေး ဘာတွေကို စောင့်နေကြလဲ ဆိုတော့…

  • ကျောင်းပြီးတဲ့ အထိ
  • ကျောင်းပြန်ဖွင့်တဲ့ အထိ
  • ပိုက်ဆံကောက်ရတဲ့ အထိ
  • သားသမီးတွေရတဲ့အထိ
  • သားသမီးတွေ အတောင်စုံသွားတဲ့ အထိ
  • အလုပ်ရတဲ့အထိ
  • ပင်စင်ယူတဲ့ အထိ
  • အိမ်ထောင်ကျတဲ့ အထိ
  • ကွာရှင်းတဲ့ အထိ
  • သောကြာနေ့ည ရောက်တဲ့ အထိ
  • စနေနေ့ မနက် ရောက်တဲ့ အထိ
  • ကားအသစ်၊ အိမ်အသစ် ဝယ်နိုင်တဲ့ အထိ
  • ကားဖိုး၊ အိမ်ဖိုး ငွေအကြေပေးပြီးတဲ့ အထိ
  • ဆောင်းဦး ရောက်တဲ့ အထိ
  • နွေဦး ရောက်တဲ့ အထိ
  • မိုးတွင်း ရောက်တဲ့ အထိ
  • စားသောက်ပြီးတဲ့ အထိ
  • အရက်မူးပြေတဲ့ အထိ
  • သေတဲ့ အထိ
  • ပြန်မွေးဖွားတဲ့ အထိ

ဒီလို ဘယ်အထိ၊ ညာအထိ ဆိုတာတွေကို စောင့်မနေတော့ဘဲ အခုအချိန်လောက် ပျော်ရွှင်ဖွယ် ကောင်းတဲ့ အချိန် မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ ဘဝကို စတင်လိုက်ကြပါစို့လား။

“ပျော်ရွှင်မှုဆိုတာ ဘဝတစ်လျှောက်လုံး ခံစားသွားသင့်တဲ့အရာပါ၊ အဆုံးသတ်မှ သိမ်းကျုံး ယူလို့ ရတဲ့အရာမဟုတ်ပါဘူး” ။ – ခရစ်စတယ်လ် ဘွိုင့်ဒ်(Crystal Boyd)

“ငွေဆိုတာကို စိတ်မဝင်စားဘဲ အလုပ်လုပ်ပါ၊ အသည်းကွဲမှာ ကြောက်မနေဘဲ ချစ်ခြင်းကို ခံစားပါ၊ ဘယ်သူတွေ ကြည့်နေပါစေ ဂရုမစိုက်ဘဲ ကခုန်မြူးတူးလိုက်ပါ။ “

– ရမ်ဒယ်လ် ဂျီ လတ်တန်န် (Randall G Leighton) ၏ ဘဝသင်ခန်းစာများ စာအုပ်မှ

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။