မတည်မြဲတဲ့ လောကကြီးမှာ စိတ်ဓာတ်ကလေးထားတတ်သူများ ဖြစ်စေဖို့…

blank

ကလေးလေးတစ်ယောက်က ဒူးကိုထောက်ပြီး ပလက်စတစ်ပုံးလေးနဲ့ သဲမြေပေါ်မှာ ဆော့ကစားနေတယ်။ သူက ပလက်စတစ်ပုံးလေးထဲကို သဲမြေတွေထည့်ပြီး ရဲတိုက်လေးတစ်ခု ပုံပေါ်လာအောင် ဆောက်နေတာပါ။ ဒီ အင်ဂျင်နီယာငယ်လေး ဆောက်လိုက်တော့ သဲပုံလေးကနေ ရဲတိုက်လေးလို ဖြစ်သွားတော့တယ်။

ကလေးလေးက တစ်နေကုန် သူ့အလုပ်သူပဲ ဆက်လုပ်နေတယ်။ သူက ပတ်ပတ်လည်မှာလည်း ကျုံးနံရံလေးတွေ လုပ်နေတယ်။ တံခါးဝလေးကိုလည်း သူသေချာ လုပ်နေရှာတယ်။ ရေဘူးခွံလေးတွေ ကိုတော့ အစောင့်စစ်သားတွေ အဖြစ် နန်းတော်ရှေ့မှာ ထားထားတယ်။ ရေခဲချောင်း ဒုတ်ချောင်းကိုတော့ တံတားလေးတစ်ခု အဖြစ်ပေါ့။ နောက်ဆုံးတော့ သူ့ရဲတိုက်လေးက ခမ်းခမ်းနားနား ပြီးဆုံးသွားခဲ့တယ်။

မြို့ကြီးတစ်မြို့မှာတော့ ကားတွေကလည်း ကျပ်နေတာပဲ။ လမ်းမှာကလည်း ဟွန်းတီးသံတွေနဲ့ ဆူညံနေတာပဲ။ တော်တော်စိတ်ရှုပ်စရာပါပဲ။

အဲ့ဒီိမြို့ကြီးမှာတော့ တကယ့်အင်ဂျီနီယာတစ်ယောက်ဟာ သူ့ရုံးခန်းထဲမှာ အလုပ်လုပ်နေပါတယ်။ သူ အလုပ်ထိုင်လုပ်နေတဲ့ စားပွဲခုံပေါ်မှာ ဖိုင်တွဲတွေ၊ စာရွက်စာတမ်းတွေနဲ့ပဲ ရှုပ်လို့ပွလို့။ ပြီးတော့ သူ့ကိုကြည့်ရတာ ကလည်း ဖုန်းကိုတောင် လက်နဲ့ မကိုင်နိုင်ဘူး။ နားနဲ့ ပခုံးကြားမှာ ညှပ်ပြီး ပြောနေရတယ်လေ။သူ့ကိုကြည့်ရတာ စိတ်ရှုပ်စရာကြီး။ အဲ့ဒါနဲ့ကို မပြီးသေးဘူး။ သူ့အဖြစ်က ဘယ်လောက်တောင် ဆိုးလည်းဆိုရင် လက်တစ်ဖက်က စာရွက်တစ်ခုမှာ လက်မှတ်ထိုးနေပြီး ကျန်တစ်ဖက် ကွန်ပျူတာကို ရိုက်နေရတယ်။ ဒီလူကတော့ အလုပ်တော်တော်ကို များနေတာပဲ။

သူ့ဘဝတစ်ခုလုံးမှာ အလုပ်ကိုပဲ တစိုက်တမတ်လုပ်ခဲ့တယ်။ သူလုပ်ရမယ့် အလုပ်တွေကို အစီအစဉ်ချ၊ နောက်လာမယ့် အနာဂတ်အကြောင်းတွေကိုလည်း ထည့်စီစဉ်ရသေး။ သူ့အလုပ်ကနေရလာတဲ့ ဝင်ငွေတွေ ကလည်း သူ့ဘဝရဲ့ လုံခြုံမှုပေါ့။ ကြီးမားတဲ့ အောင်မြင်မှုတွေကတော့ သူ့ဘဝဖြောင့်ဖြူးဖို့ တံတားထိုးပေးနေ သလိုပါပဲ။ သူလည်း သူ့ဘဝရဲ့ အောင်မြင်မှုပန်းတိုင်ဆီ ချောချောမွေ့မွေ့ ရောက်နေပါပြီ။

ဒါကတော့ ရဲတိုက် တည်ဆောက်သူ နှစ်ယောက်ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကို ယှဉ်ကြည့်လိုက်ရင် ယေဘူယျအားဖြင့် မကွာခြားပါဘူး။ ကလေးလေးက ဘာမှမဟုတ်တဲ့ သဲပြင်လေးကို ရဲတိုက်အသွင်ပြောင်းလဲနိုင်ခဲ့တယ်။ အဲ့ဒီလိုပဲ အင်ဂျင်နီယာကြီးကလည်း သူ့ဘဝကို အောင်မြင်တဲ့ဘဝလေးဖြစ်အောင် ပြောင်းလဲနိုင်ခဲ့တယ်။ သူတို့က ဇွဲလုံလနဲ့ အလုပ်ကို ကြိုးစားနေကြ သူတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ရက်ရက်မှာတော့ သူတို့အောင်မြင်မှုက ကျရှုံးသွားနိုင်ပါတယ်။

အဲ့ဒီလို ပြိုကျသွားမယ်ဆိုတာကို ကလေးလေးကတော့ ကြိုတင်ပြီး သိနေတယ်။ အဲ့ဒီတော့ သူက ဒါကို လက်ခံနိုင်တယ်။ ဒါပေမယ့်လည်း အင်ဂျီနီယာကြီးကတော့ အဲ့ဒါကို လက်ခံနိုင်မယ် မထင်ပါဘူး။ အဲ့ဒီလို သူ့ရဲတိုက်လေး ပြိုကျသွားမှာကို လက်ခံနိုင်တဲ့ ကလေးလေးရဲ့ လုပ်ဆောင်မှုလေးကို လေ့လာကြည့်ကြအောင်။

ရေလှိုင်းတွေက တဖြည်းဖြည်း ကမ်းခြေဘက်ကို နီးကပ်လာပြီ။ အဲ့ဒါကို သိလိုက်တဲ့ ကလေးလေးက ချက်ချင်းထပြီး ပျော်ပျော်ရွှင်ရွှင်ပဲ လက်ခုပ် တီးလိုက်တယ်။ သူ့မှာ စိုးရိမ်မှု ဆိုတာ မရှိဘူး။ ကြောက်ရွံ့မှု ဆိုတာ မရှိဘူး။ နောင်တ ဆိုတာလည်း မရှိဘူး။ သူက သူ့ရဲတိုက်လေး ပြိုကျသွားမှာကို ကြိုသိထားတယ်လေ။ အဲ့ဒါကို သူ အံ့သြခြင်း မရှိဘူး။ ခဏနေကျတော့ ရေလှိုင်းကြီးက ရိုက်ခတ်လာတယ်။ သူ အပမ်းတကြီး ဆောက်ခဲ့တဲ့ ရဲတိုက်လေးက တစ်ခါတည်း ရေထဲပါသွားတယ်။ အဲ့ဒါကို ကြည့်ပြီး သူတစ်ချက် ပြုံးလိုက်တယ်။ သူက အပြုံးလေးကို အစဉ်မပြတ် ဆောင်ထားပြီး သူ့ပစ္စည်းလေးတွေကို လက်တစ်ဖက်ကိုင်၊ ကျန်တစ်ဖက်က သူ့အဖေရဲ့ လက်ကိုကိုင်ပြီး အိမ်ပြန်သွားခဲ့တယ်။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

အင်ဂျင်နီယာကြီးကတော့ သူ နှစ်ပေါင်းများစွာ တိုင်အောင် ကြိုးစားခဲ့တဲ့ အောင်မြင်မှုတွေ ကျရှုံးသွားတော့ သူ မခံစားနိုင်တော့ဘူးလေ။ သူ့အောင်မြင်မှုတွေက တစ်ဖုန်းဖုန်း ကျရှုံးလာတော့ သူက စိတ်ဓါတ်ကျသွားခဲ့ပြီး သူအဲ့ဒါကို လက်မခံနိုင်လောက်အောင် ဖြစ်သွားခဲ့တယ်။ “အဲ့ဒါက ငါ့အောင်မြင်မှုတွေ၊ ငါအနှစ်နှစ် အလလ ကြိုးစားခဲ့ရတာတွေ ” ဆိုပြီး ကယောင်ခြောက်ခြား အော်ဟစ်နေပေမယ့် သူသာမောသွားပါတယ်။ ဘယ်သူမှ သူ့စကားတွေကို အရေးလုပ်မနေဘူးလေ။

ကျွန်တော်ကတော့ ရဲတိုက်တွေအကြောင်း သိပ်မသိပါဘူး။ ဒါပေမယ့် ကလေးတွေကတော့ နားလည်ပါတယ်။ သူ့ကို ကြည့်ပြီး ကျွန်တော်တို့ သင်ယူ သင့်ပါတယ်။ ဘဝမှာ ကိုယ်လုပ်စရာရှိတာ လုပ်တာက ဘာမှ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကိုယ်လုပ်တဲ့ အခါမှာ အဲ့ဒီ ကလေးလေးရဲ့ စိတ်ထားကိုတော့ မွေးမြူပြီး လုပ်ပါ။ ကမ္ဘာလောကကြီးက မတည်မြဲပါဘူး။ ဘယ်အချိန်မှာ ဘာဖြစ်သွားမလဲ ဆိုတာကို ဘယ်သူမှ ခန့်မှန်းလို့မရပါဘူး။ အဲ့ဒီလိုပဲ ကျွန်တော်တို့လည်း တစ်ချိန်ချိန်မှာ ကျရှုံးသွားနိုင်ပါတယ်။ အဲ့ဒီလိုမျိုး အခြေအနေတွေမှာလည်း ကိုယ့်ကိုယ်ကို အမြဲ အားတင်းထားပြီး ဘဝကို အပြုံးတစ်ခုဆောင်ရင်း ဆက်လက် ရင်ဆိုင်သွားရမှာပါ။

 

စိတ်ဓါတ်ခွန်အားလေးရလိုက်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း Share ပေးလိုက်ပါ။