လူ့ခန္ဓာကိုယ်မှာ တန်ဖိုးအရှိဆုံး အစိတ်အပိုင်းက ဘာလဲ

blank

မေမေက ကျွန်မကို မကြာခဏမေးတတ်တဲ့ မေးခွန်းတစ်ခု ရှိတယ် ။ အဲဒါကတော့ “ခန္ဓာကိုယ်မှာ ရှိတဲ့ တန်ဖိုးအရှိဆုံး အစိတ်အပိုင်းက ဘာဖြစ်မလဲ” တဲ့။

ကျွန်မလည်း ကိုယ်မှီသလောက် အသိဥာဏ်လေးနဲ့ ကြိုးစားဖြေလေ့ရှိတယ်။ ငယ်ငယ်တုန်းကတော့ “နားတွေပေါ့မေမေ။ အသံတွေကြားရဖို့ သိပ်အရေးကြီးတယ်။ ဒါကြောင့် နားတွေက အဖိုးတန်ဆုံး အစိတ်အပိုင်းတွေ”လို့ဖြေခဲ့တယ်။

မေမေကတော့ “မမှန်ဘူး။ ဆက် စဉ်းစားအုံး။” လို့ ပြန်ပြောခဲ့ပါတယ်။ “လောကကြီးမှာ နားမကြားတဲ့ သူတွေအများကြီးပဲ ဒါပေမယ့် သူတို့ ဘဝမှာ ရပ်တည်နေနိုင် ကြတယ်လေ။” လို့ ဆိုပါတယ်။

နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ ကျွန်မ အတွေ့အကြုံလေးတွေလည်း ထိုက်သင့်သလောက် ရနေပြီမို့ ဒီတစ်ခါ မေမေမေးရင် အမှန်ကန်ဆုံးဖြေနိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့တယ်။ ဒီတစ်ခါမှာတော့ ကျွန်မ မေမေ့ကို “အမြင်က လူတိုင်းအတွက် သိပ်ကိုအရေးကြီးတယ် မေမေ၊ ဒီတော့ သမီးတို့ မျက်လုံးတွေက ခန္ဓာကိုယ်ရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတွေပေါ့” လို့ ဖြေလိုက်တယ်။

အဲဒီအခါ အမေက “အရင်ကနဲ့စာရင်တော့ သမီးအများကြီး တိုးတက်လာပါပြီ။ ဒါပေမယ့် မေမေလိုချင်တဲ့ အဖြေ မဟုတ်သေးဘူး။ လောကမှာ မျက်စိမမြင်တဲ့သူတွေမှ အများကြီး သူတို့ ဘဝဘယ်မှာ ဆုံးသွားသေးလို့လဲ” တဲ့။

နောက်ထပ်မေမေ မေးလာလို့ ကျွန်မဖြေလိုက်တိုင်းလည်း မေမေလိုချင်တဲ့ အဖြေ မရခဲ့ပါဘူး။

တစ်နေ့မှာတော့ ကျွန်မ အနှစ်နှစ်အလလက ရှာဖွေလာခဲ့တဲ့ အဖြေကိုရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီနေ့က မှတ်မှတ်ရရ အဖိုးဆုံးပါးသွားတဲ့ နေ့ပါ။ အိမ်မှာရှိတဲ့လူတွေအားလုံး ဝမ်းနည်းပူဆွေးပြီး ငိုကြွေးနေခဲ့ကြတယ်။ ငိုနေကြတဲ့လူတွေထဲမှာ တစ်ခါမှ မငိုဖူးတဲ့ ကျွန်မအဖေတောင် ပါပါသေးတယ်။

အဖိုးကို နောက်ဆုံးနှုတ်ဆက်စကားဆိုကြတာ ကျွန်မအလှည့်လည်း ရောက်ရော မေမေက ကျွန်မမျက်လုံးတွေကို တည့်တည့်ကြည့်ပြီးမေးတယ်။ “သမီး… မေမေမေးတဲ့ မေးခွန်းကို အခုရော ဖြေနိုင်ပြီလား” တဲ့။
ဒီလိုအချိန်မှာ ဒီမေးခွန်းကို ကြားလိုက်ရတော့ ကျွန်မအရမ်းအံ့သြ သွားခဲ့တယ်။ ဒါဟာ ကျွန်မနဲ့မေမေကြားက ကစားနည်းတစ်ခုလို့ပဲ ကျွန်မထင်ထားခဲ့တာ။

ဒါကို ရိပ်မိတဲ့ မေမေကတော့ “မေမေဒီမေးခွန်းကို ဒီအချိန်မှာ မေးတာအလကားမဟုတ်ပါဘူး။ သမီး ဒီအချိန်ဟာ ဒီအဖြေကိုရှာဖို့အကောင်းဆုံး အချိန်မို့လို့ပါ။” လို့ပြောပါတယ်။ မေမေက ကျွန်မကို နူးညံ့နွေးထွေးစွာ ငုံ့ကြည့်လိုက်ရင်း “သမီးမှတ်ထား လူ့ခန္ဓာကိုယ်မှာ အဓိကအရေးအကြီးဆုံး နဲ့ တန်ဖိုးအရှိဆုံး အစိတ်အပိုင်းတွေက ပုခုံးတွေပေါ့။”လို့ ပြောလိုက်ပါတယ်။

ကျွန်မက “ဘာလို့လဲ မေမေ ဦးခေါင်းကို ထိန်းထားပေးရလို့လား” လို့ပြန်မေးတော့

မေမေက “မဟုတ်ဘူး သမီး။ ချစ်သူခင်သူတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ ဝမ်းနည်းပူဆွေးတဲ့အခါ မှီခိုလို့ရလို့ပေါ့။ အဲဒီပခုံး မှာ ကိုယ်ချင်းစာစိတ်တွေ နွေးထွေးမှုတွေ အပြည့်ပါတယ်။ အခြားသူတွေရဲ့ နာကျင်မှုတွေနဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ဖယ်ရှားပေးနိုင်တာမို့ ဘာနဲ့မှ နှိုင်းယှဉ်လို့မရလောက်အောင် တန်ဖိုးရှိတယ် သမီး။ ဒါကြောင့် မေမေက ပခုံးဟာ ခန္ဓာကိုယ်မှာ အရေးအကြီးဆုံး အစိတ်အပိုင်းလို့ ပြောတာပေါ့။ မေမေ သမီးလေးအတွက် သမီးလေးဝမ်းနည်းတဲ့အခါ မှီခိုအားကိုးလို့ရမယ့် ပခုံးလေးတွေ ရှိစေချင်တယ်။ အဲဒီအတွက် သမီးကိုယ်တိုင်လည်း အခြားသူတွေ အားကိုးမှီခိုလို့ရမယ့် ပခုံးတစ်ခုပိုင်ဆိုင်နိုင်အောင် ကြိုးစားပါ။ လူတွေက သမီးပြောခဲ့တဲ့ စကားလုံးတွေကို မေ့ကောင်းမေ့သွားလိမ့်မယ်။ သမီးလုပ်ပေးခဲ့တဲ့ အရာတွေကိုလည်း မေ့ကောင်းမေ့သွားနိုင်တယ်။ ဒါပေမယ့် သမီးသူတို့ကို ပေးခဲ့တဲ့ နှစ်သိမ့်မှုတွေနဲ့ သမီးပေးခဲ့တဲ့ ခံစားမှုတွေကိုတော့ ဘယ်တော့မှ မေ့သွားမှာ မဟုတ်ပါဘူး။ ဆိုတာ အမြဲသတိရနေပါ သမီး”လို့ပြောခဲ့ပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။