ပျော်တဲ့သူနဲ့ မပျော်တဲ့သူဘာကွာသလဲ

blank

လူတစ်ယောက်ပျော်ရွှင်နေတဲ့အချိန်မှာ နောက်တစ်ယောက်က မပျော်ရွှင်နိုင်တာ ဘာကြောင့်လဲ။ ခန္ဓာကိုယ်ထဲက ဓာတုပစ္စည်းတွေကြောင့်လည်း စိတ်ခံစားချက်ကို ပြောင်းလဲနိုင်ပေမယ့် ယေဘူယျအားဖြင့်တော့ ဒီဓာတုပစ္စည်းတွေကြောင့် မဟုတ်ပါဘူး။ တချို့လူတွေက အမြဲတမ်းလိုလို ပြုံးပျော်နေတတ်ကြပြီး တချို့ကတော့ အမြဲတမ်း တစ်ခုခုကို အလိုမကျ ဖြစ်နေတတ်ကြပါတယ်။ ဒါဆို အမြဲပျော်တတ်တဲ့သူတွေက နေ့တိုင်းဘာတွေလုပ်ပြီး ပျော်နေရတာလဲ။ သူတို့မှာ ဘာလျှို့ဝှက်ချက်တွေရှိလို့လဲဆိုတာ မေးစရာရှိလာပါပြီ။

အမှန်တော့ သူတို့ကတခြားသူတွေထက် အပြင်ပန်း ပကာသနတွေ သာလွန်တာက မပြောပလောက်ပါဘူး။ တကယ်တန်း သူတို့ကိုကွဲပြားစေတာက အပြုအမူအနေအထိုင်တွေပါ။ အားလုံးသိတဲ့အတိုင်း အမြဲပြုံးနေတာကိုက ကွဲပြားနေတာလေ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကဲအမြဲပျော်ရွှင်နေတဲ့လူတွေကို တွေ့တဲ့အခါ အောက်ဖော်ပြပါအချက်လေးတွေနဲ့ ယှဉ်ပြီးသုံးသပ်ကြည့်ပါ။ ဒါတွေကသူတို့ရဲ့ အများနဲ့မတူတဲ့ ထူးခြားချက်တွေပါပဲ။

၁။       သူတို့တွေက မိတ်ဆွေဖွဲ့တတ်ကြတယ်။

ပျော်ရွှင်နေတဲ့သူတွေက သူစိမ်းတွေနဲ့ ပေါင်းတတ်သင်းတတ်တယ်လေ။ စိတ်ဓာတ်ကျစေတဲ့ အဓိကအကြောင်းအရာထဲမှာ အများနဲ့ခွဲခြားပြီး တစ်ယောက်တည်း နေတတ်တာကလည်း ပါဝင်ပါတယ်။ အင်တာနက်ပေါ်က လူမှုဆက်ဆံရေး တွေပေါ်လာတာကလည်း ကိုယ့်ကို အထီးကျန်စေပါတယ်။ ဒါကြောင့် Facebook ပေါ်မှာပဲဖြစ်ဖြစ် အခြားလူမှုကွန်ယက်တွေမှာဖြစ်ဖြစ် message တွေနဲ့ပဲ ဆက်သွယ်နေမယ့်အစား အပြင်မှာတွေ့ဆုံကြပါ။

၂။       သူတို့တွေမှာ အကောင်းမြင်တတ်ကြတယ်။

သူတို့တွေရဲ့အမြင်က ရေတ၀က်ရှိတဲ့ဖန်ခွက်တစ်ခွက်ကို တစ်ဝက်ပြည့်နေတယ်လို့ပဲမြင်တယ်။ ဘယ်တော့မှ တစ်ဝက်လျော့နေတယ်လို့ မမြင်ပါဘူး။ သူတို့တွေက ဘာတွေဘယ်လောက် လွှဲမှားနေနေ၊ ရာသီဥတုဆိုးရွားနေရင်တောင် မညည်းတွားတတ်ပါဘူး။ ထို့အပြင် ဘယ်ဟာတွေကမှန်နေလဲဆိုတာကို ရှာပြီး မိုးသည်းထဲမှာ ကနေမယ့်လူမျိုးတွေပါ။

၃။       သူတို့က အရာရာတိုင်းက ပိုက်ဆံနဲ့ဖန်တီးလို့မရဘူးဆိုတာကို နားလည်ကြပါတယ်။

ပျော်ရွှင်ခြင်းကို ဘဏ်ထဲမှာရှိတဲ့ ငွေပမာဏနဲ့တိုင်းတာလို့မရပါဘူး။ ပိုက်ဆံဆိုတာလိုအပ်ပါတယ်၊ ဒါပေမယ့်ရူးသွပ်ရမယ့်အရာမဟုတ်ပါဘူး။ ကိုယ့်ဘ၀ရဲ့ အပျော်ရွှင်ဆုံးအချိန်တွေကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် ပိုက်ဆံနဲ့လုပ်ယူလို့ရတဲ့ အရာတွေပဲ ဟုတ်မယ်မထင်ပါဘူး။

၎။       ပျော်ရွှင်တဲ့သူတွေက ကျန်းမာရေးလိုက်စားကြတယ်။

ကျန်းမာရေးမကောင်းရင် မပျော်နိုင်ဘူးလေ။ ပျော်ရွှင်ဖို့ဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့လိုအပ်ပါတယ်။ သင့်တင့်မျှတစွာ စားသောက်တယ်၊ လေ့ကျင့်ခန်းလုပ်တယ်၊ အမြဲတက်ကြွှနေအောင်နေကြတယ်။ ဒီလိုပါပဲ ကိုယ့်ကိုယ်ကို အနားယူချိန်ပေးပြီး စိတ်ဖိစီးမှုတွေကနေလည်း ကာကွယ်ပေးလို့ရပါတယ်။

၅။       သူတို့တွေက သူတို့နှစ်သက်တဲ့အရာတွေကိုပဲ ပြုလုပ်ပါတယ်။

သူတို့တွေက သူတို့နှစ်သက်တဲ့ အရာတွေကို ရှာဖွေတတ်ကြတယ်။ သူတို့ကို ပျော်ရွှင်မှုတွေ စိတ်ကျေနပ်မှုတွေပေးနိုင်တဲ့ အလုပ်တွေကို ရွေးချယ်လုပ်ကိုင်ကြတယ်။ တခြားသူစိတ်ကျေနပ်ဖို့ထက် သူတို့ကိုယ်တိုင် စိတ်ကျေနပ်နိုင်မယ့် အလုပ်မျိုးကို လုပ်ကြပါတယ်။

၆။       သူတို့တွေက ရည်မှန်းချက်ပန်းတိုင်တွေကို ဘယ်လိုချမှတ်ရတယ်ဆိုတာ နားလည်တယ်။

အပျော်ရွှင်ဆုံးလူတွေက ပန်းတိုင်ချမှတ်နိုင်တဲ့သူတွေပါပဲ၊ အောင်မြင်တဲ့သူတွေလည်း ဖြစ်နိုင်ပါတယ်။ သူတို့တွေက သူတို့ရရှိနိုင်တဲ့ ပန်းတိုင်မျိုးကို ဘယ်လိုချမှတ်ရတယ်ဆိုတာ သိကြတယ်။ ဖြစ်မလာနိုင်မှန်း သိတဲ့ စိတ်ကူးပန်းတိုင်မျိုးကို ချပြီး စိတ်ဓာတ်ကျမနေတတ်ကြပါဘူး။

၇။       သူတို့တွေက လက်ရှိအချိန်မှာ ဘယ်လိုနေရမလဲဆိုတာ သိကြပါတယ်။

အတိတ်ဆိုတာ ပြီးခဲ့ပါပြီ။ အနာဂတ်ဆိုတာလည်း မှန်းလို့မရဘူး။ ပျော်ပျော်နေတတ်တဲ့သူက လက်ရှိအချိန်ရဲ့တန်ဖိုးကို ကောင်းကောင်းနားလည်ကြပါတယ်။ သူတို့တွေက နေ့စဉ်အချိန်တွေကို ဘယ်လိုပျော်ရွှင်စွာဖြတ်သန်းရမယ်၊ လက်ရှိအချိန်မှာ စိတ်ရောကိုယ်ရောနှစ်ပြီး ဘယ်လိုနေထိုင်ရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ အသက်ပြင်းပြင်းလေးတစ်ချက်ရှူလိုက်ပါ။ ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပါ။ ဒါကဘ၀ပါပဲ။ အခုအချိန်လေးက ကျွန်မတို့အားလုံး အမှန်တကယ် ပိုင်ဆိုင်ထားတဲ့ဘ၀လေးမို့လို့ နှစ်ခြိုက်ပျော်ရွှင်လိုက်ပါ။

၈။       သူတို့က အရှိကိုအရှိအတိုင်း ကျေနပ်တယ်။

ကိုယ်ပိုင်ဆိုင်ထားတာတွေနဲ့ အမြဲတမ်းကျေနပ်ပျော်ရွှင်နိုင်ကြပါတယ်။ တချို့ပျော်ရွှင်နေတဲ့လူတွေဆိုရင် သူတို့ပိုင်ဆိုင်တာလေးတွေ နည်းနည်းပဲရှိတာတောင် သူတို့မှာရှိတာနဲ့တင်းတိမ်နိုင်ကြတယ်လေ။ ကိုယ်ပိုင်ဆိုင်ရတာတွေအတွက် ကျေးဇူးတင်ဝမ်းမြောက်ခြင်းက ကိုယ့်ကို စိတ်ကျေနပ်ခြင်း၊ ပျော်ရွှင်ခြင်းတွေကို ပေးနိုင်တာပါ။ ကိုယ့်မှာရှိတဲ့ ကံကောင်းခြင်းတွေကို ရေတွက်ကြည့်လိုက်ပါ၊ များပြားနေတာကို တွေ့ရမှာပါ။

၉။       ပျော်ရွှင်တဲ့သူတွေက ကိစ္စတစ်ခုကို ရှုထောင့်မျိုးစုံကကြည့်ပါတယ်။

အချစ်ဆုံးသူငယ်ချင်းက ကိုယ့်ရဲ့မွေးနေ့ကို မေ့နေရင်လည်း သူကအချစ်ဆုံးသူငယ်ချင်းပါပဲ။ ကိစ္စသေးသေးမွှားမွှားလေးတွေကို ရေးကြီးခွင်ကျယ်မလုပ်တတ်ကြပါဘူး။

၁၀။     သူတို့တွေက အချိန်ကို ညီညီမျှမျှခွဲဝေတတ်ကြတယ်။

အလုပ်လုပ်ချိန်၊ အနားယူချိန်၊ ကစားချိန် အားလုံးကို အချိန်ပေးတတ်ကြပါတယ်။ အလုပ်နဲ့ နားချိန်ကြားမှာ မျှမျှတတကိုင်တွယ်နိုင်ခြင်းက စိတ်ချမ်းသာပျော်ရွှင်ခြင်းအတွက် အရေးကြီးပါတယ်။ ပျော်ရွှင်ချင်တယ်ဆိုရင် အပန်းဖြေဖို့လည်း အချိန်ပေးနိုင်ရမယ်။

၁၁။     ပျော်ရွှင်တဲ့သူတွေက ကြင်နာတတ်ကြတယ်။

အဆိုလေးတွေကြားဖူးကြမှာပါ။ “ကိုယ်ကဖြစ်စေချင်သလို သူများကလည်း ကိုယ့်ကိုဖြစ်စေချင်မှာပဲ” “ရယူခြင်းထက် ပေးဆပ်ခြင်းက ပိုကောင်းပါတယ်” သတိထားကြည့်ပါ၊ ပျော်ရွှင်နေတဲ့သူတွေက သဘောထားကြီးတာကိုတွေ့ရမှာပါ။ အားလုံကို ကြင်ကြင်နာနာ လေးလေးစားစားလည်း ဆက်ဆံတတ်ကြပါတယ်။ မှန်မှန်ကန်ကန်ကြီးနေတာထက် ကြင်ကြင်နာနာနေတာက ပိုကောင်းပါတယ်။

၁၂။     ကိစ္စအသေးအမွှားလေးတွေကြောင့် စိတ်ဒုက္ခအရောက်မခံကြပါဘူး။

ပျော်ရွှင်တဲ့သူတွေက ဘ၀မှာ ဘာတွေက အရေးပါတယ်ဆိုတာသိပါတယ်။ ပြဿနာသေးသေးမွှားမွှားလေးတွေကိုလည်း ခွဲခြားတတ်ပါတယ်။ ကိုယ့်မှာ ပြဿနာတစ်ခုရှိတယ်ဆိုရင် “ဒီပြဿနာက ၁၀နှစ်ကြာလောက် ကိုယ့်ကိုထိခိုက်စေမှာလား” လို့မေးကြည့်လိုက်ပါ၊ မဟုတ်ဘူးဆိုရင် ဘာလို့စိတ်ဒုက္ခရောက်နေမှာလဲ။

၁၃။     သူတို့ဘ၀တွေက ပုံမှန်လေးလည်ပတ်နေကြတယ်။

ပျော်ရွှင်နေတဲ့သူတွေက အချိန်မှန်အိပ်ပြီး စောစောထတတ်ကြတယ်။ ဒီလိုတည်ငြိမ်ပြီး ပုံမှန်ဖြစ်နေတာက အလုပ်ပိုလုပ်နိုင်ပြီး စိတ်ဖိစီးမှုနည်းပါးစေပါတယ်။

၁၄။     သူတို့က လူတော်လူကောင်းတွေနဲ့ မိတ်ဖွဲ့ကြပါတယ်။

သူတို့သူငယ်ချင်းကို ဥာဏ်ရှိရှိရွေးချယ်ကြပါတယ်။ ဒါကဇီဇာကြောင်တာ၊ မောက်မာတာမျိုးမဟုတ်ပါဘူး၊ သူတို့ကအမှန်တရားကို နားလည်လို့ပါ။ “ကိုယ်အပေါင်းဆုံး သူငယ်ချင်းငါးယောက်ရဲ့ယေဘူယျပုံစံက သင်ပါပဲ။ သူတို့အဆိုးမြင်တတ်တာတွေ၊ ရည်မှန်းချက်မရှိတာတွေကို လျှော့မတွက်ပါနဲ့၊ ကိုယ့်အပေါင်းအသင်းတွေက ကိုယ့်ကို ထူးချွန်ထက်မြတ်အောင် လုပ်ပေးနိုင်သလို၊ ကိုယ့်ကိုလည်းအားနည်းသွားအောင် လုပ်ပေးနိုင်ပါတယ်။” Tim Ferriss

၁၅။     ပျော်ပျော်နေတတ်တဲ့သူတွေက မလိမ်ညာတတ်ပါဘူး။

လိမ်ညာမိပြီဆိုရင် တစ်လျှောက်လုံး စိုးရိမ်ပူပန်ပြီး စိတ်ဖိစီးနေရပါတယ်။ “အမှန်တရားက သင့်ကို လွှတ်မြောက်စေတယ်” လို့ ခရစ်တော်ရေရှု ကဆိုမိန့်ခဲ့ပါတယ်။ ဒီလိုလေးနက်တဲ့ စကားလုံးလေးရဲ့အဓိပ္ပာယ်နောက်တစ်ခုက လိမ်ညာခြင်းက သင့်ကို ချုပ်နှောင်ထားတယ်လို့ ဆိုလိုတာပဲလေ။ ဒါကြောင့် ရိုးရိုးသားသားနေပါ၊ ပျော်ရွှင်ရပါလိမ့်မယ်။

ပရိတ်သတ်ကြီးအမြင်မှာ တခြားပျော်ရွှင်စွာနေရတဲ့အချက်လေးတွေ ရှိသေးလား၊ ဒါဆိုရင် အကြံဥာဏ်ကောင်းလေးတွေကို comment section ကနေ မျှဝေပေးကြပါဦးနော်။

အတွေးအခေါ်များကို  မျှဝေပေးတယ်ဆိုတာ ဂရုစိုက်လို့ပါပဲ။ အောက်ပါ Facebook SHARE button လေးကို တစ်ချက်နှိပ်ပြီး သူငယ်ချင်းတွေကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဖော်ပြလိုက်ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်။