မိန်းမကိုယ်က ဆင်းတဲ့အရည်လေးတွေကိုကြည့်ပြီး သင့်ကျန်းမာရေးအခြေအနေကိုသိနိုင်ပါတယ်။

blank

အမျိုးသမီးတွေမှာ ရာသီစက်ဝန်းကြား အရည်လေးတွေဆင်းတတ်တာက သဘာဝပါ။ တစ်ခါတလေမှာ ကျန်းမာရေးအခြေအနေတွေကိုတောင် ဆင်းတဲ့အရည်လေးတွေရဲ့ အနံ့၊ အရောင်အဆင်း၊ အပျစ်အချွဲကို ကြည့်ပြီး သိနိုင်ပါတယ်။ မိန်းမကိုယ်ကဆင်းတဲ့အရည်ကို ကြည့်ပြီး သိနိုင်တဲ့ ကျန်းမာရေးအခြေအနေလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ ကျန်းမာနေတယ်ဆိုရင်

ရာသီစက်ဝန်းတစ်ခုလုံး၊ တစ်လလုံးမှာ မိန်းမကိုယ်ကနေ အရည်လေးတွေဆင်းတတ်တာ သဘာဝပါ။ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း အရည်လေးတွေဆင်းတတ်ပါတယ်။ ဒီလိုအရည်လေးတွေဆင်းတာဟာ မိန်းမကိုယ်ကို သန့်စင်ပေးခြင်းလည်းဖြစ်ပါတယ်။ ကျန်းမာနေတဲ့အခါမှာ ဆင်းတတ်တဲ့အရည်လေးတွေက ယေဘုယျအားဖြင့် ကြည်လင်တယ်၊ ဒါမှမဟုတ် နို့ရောင်ဘက်သမ်းတတ်ပါတယ်။

၂။  သားဥကြွေပြီး သန္ဓေအောင်နိုင်တယ်ဆိုရင်

ပိုပျစ်ချွဲပြီး ကြက်ဥအကာလိုအရည်လေးတွေ ဆင်းတတ်ပါတယ်။ အထူးသဖြင့် သားဥကြွေချိန်တွေမှာပေါ့။ ကြွေပြီးတဲ့သားဥလေးဆီကို သုတ်ကောင်လေးတွေ ပိုပြီးချောချောမွေ့မွေ့ရောက်လာနိုင်အောင် ဒီအရည်လေးတွေက ကူညီပေးပါတယ်။

၃။ ကိုယ်ဝန်အတွက် အန္တရာယ်ရှိနေတယ်ဆိုရင်

ကိုယ်ဝန်ဆောင်ထားချိန်မှာ အညိုရောင်အရည် (ဒါမှမဟုတ်) သွေးရည်လေးတွေ ဆင်းတယ်ဆိုရင် သန္ဓေသားပျက်ကျနိုင်တဲ့လက္ခဏာ၊ ဒါမှမဟုတ် နေရာမှားပြီး သားဥတွယ်တဲ့ လက္ခဏာဖြစ်ပါတယ်။

၎။ သိုင်းရွိုက်ဂလင်းဆိုင်ရာ ပြဿနာရှိနေပြီဆိုရင်

မိန်းမကိုယ်ကနေ အရည်လေးတွေ မဆင်းတတ်ပါဘူး။ ဒါပေမဲ့ မိန်းမကိုယ်ကနေ အရည်မဆင်းတာနဲ့တင် သိုင်းရွိုက်ပြဿနာလို့ တပ်အပ်မပြောနိုင်ပါဘူး။ အရည်မဆင်းတဲ့အပြင် သာမန်ထက်ပိုချမ်းနေတာ၊ ဝမ်းချုပ်တာ၊ ဆံပင်ကျွတ်လွန်းတာ၊ စိတ်မလန်းဆန်းတာတွေပါ ဖြစ်နေတယ်ဆိုရင် သိုင်းရွိုက်ဂလင်းဆိုင်ရာ သွေးစစ်တာတွေ လုပ်သင့်ပါတယ်။ သွေးဆုံးခါနီးရင်လည်း မိန်းမကိုယ်ကနေ အရည်မဆင်းဘဲ ခြောက်သွေ့နေတတ်ပါတယ်။

၅။ မိန်းမကိုယ်နဲ့ မွေးလမ်းကြောင်းတစ်လျှောက်မှာ ဘက်တီးရီးယားပိုးဝင်တယ်ဆိုရင်

မိန်းမကိုယ်တစ်ဝိုက်မှာ ကောင်းတဲ့ ဘက်တီးရီးယားနဲ့ မကောင်းတဲ့ဘက်တီးရီးယား ပမာဏမမျှတဲ့အခါမှာ၊ ပြီးတော့ ကာမဆက်ဆံပြီးတဲ့အခါတွေမှာ ပျစ်ချွဲပြီး ညှီစို့စို့အနံ့ရှိတဲ့ အရည်လေးတွေ ဆင်းတတ်ပါတယ်။ ဒါဟာ ဘက်တီးရီးယားပိုးဝင်တဲ့ လက္ခဏာပါ။ သားဖွားမီးယပ်ဆရာဝန်ဆီမှာ ကုသမှုခံယူပါ။

၆။ မိန်းမကိုယ်တစ်ဝိုက်မှာ မှိုရောဂါဖြစ်နေတယ်ဆိုရင်

အမျိုးသမီး ၇၅% လောက်က ဒီလိုမျိုး မှိုရောဂါဖြစ်တတ်ကြပါတယ်။ နို့နှစ်ရောင် ပျစ်ချွဲချွဲအရည်တွေဆင်းတယ်၊ ပြီးတော့ ယားလည်းယားသေးတယ်ဆိုရင် မှိုရောဂါဖြစ်နေလို့ပါ။ မိန်းမကိုယ်တစ်ဝိုက်ရဲ့ အမြဲစိုစွတ်နေတတ်တဲ့ သဘာဝကြောင့် မှိုရောဂါဖြစ်လွယ်ပါတယ်။ အမြဲသန့်ရှင်းနေအောင် ဆေးကြောပါ။ အတွင်းခံတွေကို သေချာလျှော်ဖွပ်ပြီးမှ ဝတ်ပါ။

၇။ Trichomoniasis ရောဂါဖြစ်နေတယ်ဆိုရင်

Trichomoniasis ဆိုတာ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ မှိုရောဂါတစ်မျိုးပါ။ လိင်ဆက်ဆံဖက်များတဲ့သူ၊ ဒါမှမဟုတ် မိမိရဲ့ အဖော်က လိင်ဆက်ဆံဖက်များတယ်ဆိုရင် ဒီရောဂါဖြစ်နိုင်ခြေများပါတယ်။ ဒီရောဂါဖြစ်နေရင် မိန်းမကိုယ်ကဆင်းတဲ့အရည်က အစိမ်းရောင်သမ်းနေတတ်ပြီး ဆီးသွားရင်နာကျင်တာ၊ ယားယံနီရဲတာ၊ ပူလောင်လောင်ဖြစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

၈။ ပုံမှန်ဆိုရင်

အမျိုးသမီးအများစုက အရည်လေးတွေဆင်းရင် ပုံမှန်မဟုတ်ဘူးဆိုပြီး စိတ်ပူတတ်ကြတယ်။ တကယ်တော့ ရာသီစက်ဝန်းကာလအတွင်းမှာ သဘာဝအတိုင်း အရည်လေးတွေဆင်းတတ်ကြပါတယ်။ အဲဒီအရည်လေးတွေက သားအိမ်နဲ့ မွေးလမ်းကြောင်းတစ်လျှောက်ကို သန့်စင်ပေးပါတယ်။ ယားယံတာ၊ အနံ့ဆိုးထွက်တာ၊ အရောင်ပြောင်းတာတွေ မရှိသရွေ့တော့ ဒါဟာ ပုံမှန်အခြေအနေလို့ပဲ ပြောလို့ရပါတယ်။

ဗဟုသုတရစရာ ကျန်းမာရေးစာစောင်လေးကို SHARE လိုက်ပါဦးနော်။