ရာသီပန်းပွင့်တဲ့အသက်အရွယ်ကိုကြည့်ပြီး သိနိုင်တဲ့ ကျန်းမာရေးအခြေအနေများ

blank

ရာသီစလာစ အချိန်တွေကို အမှုမဲ့၊ အမှတ်တဲ့ ဖြတ်ကျော်ခဲ့တာလား။ တချို့သူတွေက အသက် (၁ဝ) နှစ်မတိုင်ခင်ကတည်းက ရာသီစောလာပြီး၊ တချို့ကတော့ အသက် (၁၇) ကျော်မှ ရာသီနောက်ကျပြီးလာတတ်ပါတယ်။ အဲဒီလို ရာသီစလာတဲ့အသက်အရွယ်က အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကို ဖော်ပြနေတတ်ပါတယ်။ အကြောင်းရင်းတွေကို ဆက်လက်လေ့လာကြည့်ရအောင်နော်။

၁။ ခန္ဓာကိုယ်အလေးချိန်ကို အကျိုးသက်ရောက်စေတယ်။

အသက် (၁ဝ) နှစ်မတိုင်ခင် ရာသီစောလာတတ်တဲ့သူအများစုဟာ ကလေးဘဝတည်းက အဝလွန်ရောဂါ ခံစားရတတ်သူတွေများပါတယ်။ ပြီးတော့ အရွယ်ရောက်လာတဲ့အခါမှာလည်း သူများတွေထက်ပိုပြီး အဝလွန်ရောဂါကို ခံစားရတတ်ပါတယ်။

၂။  နှလုံးရောဂါ ဖြစ်နိုင်ခြေကို ခန့်မှန်းနိုင်တယ်။

လေ့လာတွေ့ရှိချက်တွေအရ အသက် (၁ဝ) နှစ်မတိုင်ခင် ရာသီစောလာသူတွေနဲ့ အသက် (၁၇) ကျော်မှ ရာသီလာတတ်သူတွေက သူများတွေထက်ပိုပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ပိုများတာကို တွေ့ရပါတယ်။ ရာသီလာချိန်က အဝလွန်ခြင်းနဲ့ ဆက်စပ်နေသလို အဝလွန်ခြင်းက နှလုံးမှာသွားပြီး သက်ရောက်တတ်ပါတယ်။

၃။ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကို ခန့်မှန်းပေးနိုင်တယ်။

အသက် (၁၃) နှစ်ဝန်းကျင်မှာ ရာသီလာတဲ့သူတွေထက် ပိုပြီးရာသီစောလာတဲ့သူ၊ နောက်ကျပြီး ရာသီလာသူတွေက ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေပိုများပါတယ်။ ရာသီစောလာတယ်ဆိုတာ ဟော်မုန်းပြောင်းလဲမှုစောလို့ပါ။ ဟော်မုန်းပြောင်းလဲမှုတွေက အင်ဆူလင်ပမာဏအပေါ်မှာ သက်ရောက်နေတာကြောင့် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေနဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။

၎။ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို အကျိုးသက်ရောက်စေတယ်။

အသက် (၁၂) အရွယ်ဆိုတာ ရာသီစလာတဲ့ ပျမ်းမျှအသက်အရွယ်ပါ။ အဲဒီအရွယ်ထက် စောပြီး ရာသီလာရင်တော့ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ ၂ဝ% ပိုများတာကြောင့် ရင်သားကင်ဆာစစ်ဆေးမှု ပုံမှန်လုပ်ပေးသင့်ပါတယ်။ ရာသီစောလာတဲ့အခါ ဟော်မုန်းပြောင်းလဲမှုကို စောပြီးထိတွေ့ရတာကြောင့် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေများတာဖြစ်ပါတယ်။

၅။ ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးကို ခန့်မှန်းနိုင်တယ်။

ရာသီစောလာတဲ့သူတွေဟာ ပုံမှန်အသက်အရွယ် (၁၃) နှစ်ဝန်းကျင်မှာ ရာသီလာတဲ့သူတွေထက် ကိုယ်ဝန်ဆောင်ချိန်မှာ ပိုပြီး ဂရုစိုက်ရပါမယ်။ ကိုယ်ဝန်ဆိပ်တက်ပြီး သွေးတိုးတာတွေ၊ ကျောက်ကပ်ပျက်စီးနိုင်ခြေများလို့ပါ။ ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ မိခင်ရော၊ ကလေးအတွက်ပါ အသက်အန္တရာယ်စိုးရိမ်ရပါတယ်။

၆။ အသက်ဘယ်လောက်ရှည်ရှည်နေမလဲဆိုတာကို သိနိုင်တယ်။

ရာသီနောက်ကျပြီးလာတဲ့သူတွေဟာ သာမန်လူတွေထက်ပိုပြီးအသက်ရှည်ရှည်နေရတယ်လို့ ယေဘုယျအားဖြင့် ပြောနိုင်ပါတယ်။ သွေးဆုံးချိန်နောက်ကျတဲ့အမျိုးသမီးတွေလည်း ထိုနည်းတူပါပဲ။ ဒါပေမဲ့ ဒီလို ရာသီလာတာနောက်ကျပြီး သွေးဆုံးနောက်ကျတဲ့သူတွေက ဆေးလိပ်သောက်တတ်ပြီး ဆီးချိုရောဂါဖြစ်နိုင်တာကိုလည်း သတိပြုထားသင့်ပါတယ်။

ဒီခန့်မှန်းချက်တွေက လေ့လာတွေ့ရှိချက်တွေအရ ဖော်ပြထားခြင်းဖြစ်ပါတယ်။ ရာသီစောလာလို့ ရင်သားကင်ဆာဖြစ်မယ်လို့ တစ်ထစ်ချတွေးထားလို့မရသလို ရာသီနောက်ကျပြီးလာလို့ အသက်ရှည်မယ်လို့ တွေးထားလို့မရပါဘူး။ ကျန်းမာရေးဆိုတာ ကိုယ်ကိုယ်တိုင်ရဲ့ စားသောက်နေထိုင်မှု၊ ဂရုစိုက်ဆင်ခြင်မှုပေါ်မှာလည်း မူတည်နေတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ကြပါလို့ အကြံပေးတိုက်တွန်းလိုက်ပါရစေရှင်။

မှတ်သားစရာ စာစောင်လေးဖြစ်တာကြောင့် SHARE ဖို့ မမေ့နဲ့နော်။