သင့်မျက်နှာမှာ ပေါ်လွင်နေတဲ့ အာဟာရဓာတ်ချို့တဲ့မှု လက္ခဏာရပ်များ

blank

ဂန္ထဝင်ပရိသတ်ကြီးရေ…

တစ်ခါတလေမှာ သိပ်ကိုပင်ပန်းနွမ်းနယ်ပြီး အားမရှိသလို ခံစားလာရရင် ခန္ဓာကိုယ်မှာ ဗီတာမင်ဓာတ်တွေ ချို့တဲ့နေတယ်လို့ သံသယဝင်တတ်ကြပါတယ်။ အဲဒီလိုသံသယဝင်လာတိုင်း ဆရာဝန်ဆီသွားပြီး ဘယ်အာဟာရတွေ ဘယ်လောက်တောင် ချို့တဲ့နေတာလဲဆိုတာကို သွေးစစ်၊ ဆေးစစ်ကြပါတယ်။ ဒီလို သွေးစစ်တာဟာ အချိန်ပေးရတဲ့အပြင် အမြဲလိုလို စစ်ပါများလာရင် စရိတ်စကကြောင့် ငွေကုန်ကြေးကျများလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဒီတစ်ပတ်ရဲ့ ကျန်းမာရေးဗဟုသုတကဏ္ဍအဖြစ် မျက်နှာပေါ်က ပြောင်းလဲမှုတွေကို သတိထားကြည့်ရှုပြီး ဘယ်အာဟာရဓာတ်တွေ၊ ဘယ်လောက်တောင်ချို့တဲ့နေလဲဆိုတာကို သိနိုင်မယ့် နည်းလမ်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ မျက်နှာအသားအရေဖြူဖျော့နေရင်

မျက်နှာအသားအရေတစ်နေ့တစ်ခြားဖြူဖျော့နေတယ်ဆိုတာ ဗီတာမင် B12 ချို့တဲ့လို့ပါ။ လျှာကို ထပ်စစ်ကြည့်ပါ။ ချောမွတ်ပြီး ဖောင်းနေတယ်ဆိုရင်လည်း ဒါဟာ ဗီတာမင် B12ချို့တဲ့နေတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဗီတာမင် B12ချို့တဲ့ရင် မကြာခဏ မောပန်းနွမ်းနယ်နေတတ်ပြီး မှတ်ဉာဏ်အားနည်းတာမျိုး ဖြစ်တတ်ပါတယ်။

ဗီတာမင် B12 ဓာတ်ဖြည့်တင်းဖို့ ငါးအမျိုးမျိုး၊ ဆိတ်သား၊ အမဲသားနဲ့ သဘာဝအတိုင်းမွေးမြူထားတဲ့ ကြက်သား၊ ဘဲသား များများစားပါ။

၂။ ဆံသားတွေ မကောင်းရင်

ဗောက်ထပြီး ခြောက်သွေ့နေတဲ့ ဦးရေပြား၊ ကျိုးကြေကြမ်းတမ်းနေတဲ့ ဆံသားတွေဟာ biotin လို့ခေါ်တဲ့ ဗီတာမင် B7 ချို့တဲ့နေလို့ပါ။ ပဋိဇီဝဆေးတွေ အလွန်အမင်းသောက်သုံးတဲ့အခါမှာ biotin ဓာတ်ကို ထုတ်လွှတ်ပေးတဲ့ bacteria တွေကို သေစေနိုင်ပြီး ဗီတာမင် B7 ဓာတ်လျော့နည်းရခြင်းဖြစ်ပါတယ်။

ဗီတာမင် B7 ဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့ ဂေါ်ဖီထုပ်၊ ကြက်ဥအနှစ်နဲ့ မှိုများများစားပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ မျက်လုံးတွေ မို့ဖောင်းနေရင်

မျက်လုံးတွေ မို့ဖောင်းပြီး ခြေထောက်တွေ ဖောရောင်နေတယ်ဆိုတာ အိုင်အိုဒင်းဓာတ်ချို့တဲ့လို့ဖြစ်ပါတယ်။ ခန္ဓာကိုယ်အလေးချိန်တိုးလာတာ၊ အသားအရေခြောက်သွေ့ပြီး လက်သည်းတွေ ကျွတ်ဆတ်နေတာကလည်း အိုင်အိုဒင်းဓာတ်ချို့တဲ့မှုလက္ခဏာတွေပါပဲ။

အိုင်အိုဒင်းဓာတ်ဖြည့်တင်းဖို့ အိုင်အိုဒင်းဆားကို သုံးပါ။ ပင်လယ်စာ၊ ပင်လယ်ရေညှိများများစားပါ။

၎။ နှုတ်ခမ်းအတွင်းသားတွေ ဖြူဖျော့နေရင်

နှုတ်ခမ်းအတွင်းသားတွေနဲ့ သွားဖုံးတွေဖြူဖျော့နေတယ်ဆိုတာ ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့နေလို့ပါ။ တစ်နည်းအားဖြင့်ပြောရရင် သွေးအားနည်းနေလို့ပါ။ ခန္ဓာကိုယ်က သံဓာတ်စုပ်ယူနိုင်မှုကွဲပြားတာကြောင့် သံဓာတ်ချို့တဲ့မှုဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

သံဓာတ်ပြန်လည်ဖြည့်တင်းဖို့ အနီရောင်အသား၊ ပဲ၊ ဟင်းနုနွယ်ရွက်နဲ့ ငါးများများစားပေးပါ။

၅။ သွားဖုံးတွေ နူးညံ့လွန်းပြီး မကြာခဏသွေးယိုနေတယ်ဆိုရင်

သွားဖုံးတွေ နာကျင်တယ်၊ သွေးယိုစီးတယ်၊ သွားတွေ ပုံသစံမကျဘူးဆိုရင် ဗီတာမင် C ဓာတ်လျော့နည်းလို့ ဖြစ်ပါတယ်။ ဗီတာမင် C ဓာတ်လျော့နည်းရင် ကြွက်သားတွေ နာကျင်တတ်ပြီး ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်ပွားနိုင်ပါတယ်။ ဗီတာမင် C ဓာတ်အလွန်အမင်း ပြတ်လပ်ပါက သွားတွေ ကျွတ်ထွက်သွားတာမျိုးအထိပါ ဖြစ်စေနိုင်ပါတယ်။

ဗီတာမင် C ဓာတ်ဖြည့်တင်းဖို့ သခွားမွှေး၊ ဘယ်ရီသီး၊ ကီဝီသီး၊ သရက်သီး၊ သင်္ဘောသီး၊ ဖရဲသီးနဲ့ ငရုတ်သီးများများစားပေးပါ။