ဒေါက်ဖိနပ်စီးလေ့စီးထရှိတဲ့ ပျိုမေတွေ သိသင့်သိထိုက်တဲ့ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများ

blank

ဒေါက်မြင့်ဖိနပ်လေးစီးပြီး ဟန်ပါပါလမ်းလျှောက်ရတာကလှပပြီး ဖက်ရှင်ကျစေပေမယ့် ခြေထောက်တွေကို နာကျင်စေပြီး မသက်မသာဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် လှပခြင်းနဲ့ သက်တောင့် သက်သာဖြစ်ခြင်းကို လဲပစ်လိုက်ဖို့ ကျွန်မတို့မိန်းမသားတွေက ဝန်မလေးတတ်ကြဘူးလေ။

ဘယ်လောက်ပဲဈေးကြီးကြီး၊ ဘယ်လောက်ပဲ အရည်အသွေးကောင်းကောင်း ဘယ်ဒေါက်ဖိနပ် မဆို နှစ်နာရီလောက်စီးပြီး လမ်းလျှောက်လိုက်တာနဲ့ ခြေထောက်ကို နာကျင်စေပါတယ်။ အဲဒီလိုဖြစ်စေတဲ့ အကြောင်းရင်းကတော့ ကျွန်မတို့ ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ ခြေဖျားထောက်သလိုဖြစ်သွားပြီး ကျွန်မတို့ရဲ့ခန္ဓာကိုယ်အလေးချိန်က ခြေဖျားတွေဆီမှာ အလုံးစုံသက်ရောက်သွားပြီး ခြေထောက် တွေကို နာကျင်စေလို့ပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဒေါက်ဖိနပ်တွေက ကျွန်မတို့ရဲ့ ခြေထောက်တွေကို ဘယ်လိုဆိုးကျိုးတွေဖြစ်စေတယ်ဆိုတာကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

၁။ ခြေချောင်းလေးတွေရဲ့ လှပမှုကို ယုတ်လျော့စေတယ်။

ဒေါက်ဖိနပ်စီးခြင်းကြောင့် ခန္ဓာကိုယ်တစ်ခုလုံးရဲ့အလေးချိန်က ခြေချောင်းလေးတွေပေါ်မှာ သက်ရောက်ရင်း အချိန်ကြာလာတာနဲ့အမျှ ခြေချောင်းလေးတွေက အောက်ဘက်ကို ကုပ်သွားတာမျိုး၊ ခြေမအရင်းဘေးဘက်မှာ အရိုးဖုကြီးထွက်လာတာမျိုး၊ ခြေသည်းလေးတွေ အတွင်းဘက်ကိုကုပ်သွား တာမျိုးတွေဖြစ်တတ်ပါတယ်။

၂။ ခြေထောက်တွေကို နာကျင်စေတယ်။

ဒေါက်မြင့်ဖိနပ်တွေကို အချိန်ကြာကြာစီးခြင်းက ခြေကျင်းဝတ်နဲ့ ခြေထောက်မှာရှိတဲ့ အရွတ်တွေ၊ ကြွက်သားတွေကို ဆွဲတင်းထားသလိုဖြစ်ပြီး နာကျင်စေတဲ့အပြင် အဆစ်အမြစ်ရောင် ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ခြေဖဝါးနုနုလေးတွေကို ထိခိုက်စေတယ်။

ဒေါက်မြင့်ဖိနပ်စီးတာများလေလေ၊ ခြေဖဝါးရဲ့ နူးညံ့ထူထဲမှုကို လျော့ပါးစေပြီး ခြေဖဝါးတွေ၊ ခြေဖနောင့်တွေကို ပိုမိုနာကျင်စေပါတယ်။ ဒါ့အပြင် အသားမာတက်တာတွေ၊ ခြေဖဝါးကြမ်းရှတာမျိုး တွေလည်း ဖြစ်စေနိုင်ပါတယ်။

၎။ အလွယ်တကူခြေခေါက်လဲစေနိုင်တယ်။

ဒေါက်ဖိနပ်စီးထားတာက ကျွန်မတို့အနေနဲ့ ခြေချော်လဲဖို့၊ ခြေခေါက်လဲဖို့ အဆင်သင့်ဖြစ်နေ ပါပြီလို့ ပြောနေသလိုပါပဲ။ ဖိနပ်အပါးစီးတဲ့သူတွေထက် ဒေါက်ဖိနပ်စီးတဲ့သူတွေက တစ်ခုခုဆို လဲကျဖို့ ပိုလွယ်တယ်လေ။

ကျွန်မတို့မိန်းမသားတွေကလည်း အခက်သားလား။ ဒီလိုဆိုးကျိုးတွေ ရှိနေမှန်းသိနေရက် နဲ့တောင် လှပချင်စိတ်လေးတွေကြောင့် ဒေါက်ဖိနပ်လှလှမြင်ရင် လိုချင်၊ စီးချင်တတ်ကြတယ်လေ။ ဒီတော့ ဒေါက်ဖိနပ်လည်းစီးချင်တယ်၊ ဒီလိုဆိုးကျိုးတွေဖြစ်လာမှာကိုလည်းကြောက်တယ်ဆိုတဲ့ သူတွေအတွက် နည်းလမ်းကောင်းအချို့ကို ဝေမျှပေးလိုက်ပါတယ်နော်။

  • ညအိပ်ခါနီးတိုင်း ခြေဖဝါးလေးတွေကို နှိပ်နယ်ပေးတာမျိုး၊ အကြောလျှော့တာမျိုးတွေ လုပ်ပေးပါ။
  • ဟောင်းနွမ်းပြီး မတော်တော့တဲ့ ဖိနပ်တွေကို နှမြောမနေဘဲ လွှင့်ပစ်လိုက်ပါ။
  • ဒေါက်ချွန်ဖိနပ်တွေထက် ခုံထူဖိနပ်တွေ၊ ခုံမြင့်ဖိနပ်တွေကို ရွေးဝတ်ပါ။
  • တစ်ပတ်လုံးမှာ ဖိနပ်တစ်ရံတည်းစီးတာမျိုးမလုပ်ဘဲ အမြင့်မတူတဲ့ဖိနပ် ၃ရံလောက်ကို အလှည့်ကျစီးပါ။
  • အမြဲတမ်းဒေါက်ဖိနပ်စီးတာမျိုးကို ရှောင်ကြဉ်ပြီး သက်တောင့်သက်သာနဲ့ လမ်းလျှောက်လို့ကောင်းတဲ့ဖိနပ်လေးတွေကို စီးပါ။

အလှကြိုက်တဲ့ ပျိုမေတို့ရေ… ဒေါက်မြင့်ဖိနပ်တွေကို မစွန့်လွှတ်ချင်ရင်တောင် ခြေထောက်နုနုလေးတွေကို မထိခိုက်စေဖို့ အထက်ပါနည်းလမ်းလေးတွေကို လိုက်နာဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

ဗဟုသုတရစေတယ်ဆိုရင် SHARE ဖို့ မမေ့ပါနဲ့နော်။