အလုပ်ချိန်တွေကို လန်းဆန်းတက်ကြွစွာ ဖြတ်သန်းနိုင်စေဖို့နည်းလမ်းကောင်းများ

blank

          အလုပ်တွေကြိုးစားပြီး ဝင်ငွေတွေကောင်းနေပေမယ့် အဲဒီ့အောင်မြင်မှုအတွက် ထိုက်တန်တဲ့ပေးဆပ်မှုတစ်ခုရှိနေတာကို သင်သတိထားမိပါသလား။ ခန္ဓာကိုယ်အလေးချိန် တိုးလာတာတွေ၊ မကြာခဏဖျားနာတာတွေ၊ ပင်ပန်းနွမ်းနယ်တာတွေက အလုပ်အတွက် ကိုယ့်ဘက်က ပေးမှန်းမသိ ပေးဆပ်နေရတဲ့ အရာတွေပေါ့။

အလုပ်ချိန် မနက် ၉နာရီကနေ ညနေ ၅နာရီကိုတော့ ရှောင်လွှဲလို့မရပါဘူး။ ဒါဆိုရင် ခန္ဓာကိုယ်အတွက် ဒီလိုဆိုးကျိုးတွေမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။ နည်းလမ်းကောင်းလေးတွေရှိပါတယ်။ ဒီတစ်ပတ်မှာတော့ အလုပ်ချိန်တွေကို လန်းဆန်းကျန်းမာစွာ ကျော်ဖြတ်နိုင်စေဖို့ နည်းလမ်းကောင်းလေးတွေကို ဂန္ထဝင်စာဖတ်ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်ရှင်။

၁။ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ပါ။

တစ်နေ့တာလုံး အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ အဓိကလိုအပ်တာက အာဟာရကောင်းကောင်းရရှိဖို့ပါပဲ။ အပြင်စာမစားဘဲ ကိုယ်တိုင်ချက်ပြုတ်စားတာက လိုအပ်တဲ့အာဟာဓာတ်တွေပါဝင်အောင် ချက်ပြုတ်နိုင်သလို ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။ အစားအစာကရတဲ့စွမ်းအင်က တစ်နေ့တာလုံး တက်တက်ကြွကြွနဲ့ အလုပ်လုပ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ ရေများများသောက်ပါ။

ရေဓာတ်လျော့နည်းခြင်းက လူကို ထိုင်းမှိုင်းစေပြီး အိပ်ငိုက်စေနိုင်တဲ့အပြင် ပင်ပန်းနွမ်းနယ်စေပါတယ်။ အလုပ်ချိန်အတွင်းမှာ တက်ကြွနေစေဖို့ ရေများများသောက်ပေးသင့်ပါတယ်။

၃။ လှုပ်လှုပ်ရှားရှားလုပ်ပါ။

နေ့လည်စာစားပြီးတဲ့အချိန် အလုပ်စားပွဲမှာ ချက်ချင်းပြန်ထိုင်တာမျိုးမလုပ်ဘဲ လမ်းလျှောက်တာဖြစ်ဖြစ်၊ လှေကားအတက်အဆင်းလုပ်တာဖြစ်ဖြစ် လုပ်ပါ။ ထိုင်နေရတဲ့အချိန်တွေကို လျှော့ချနိုင်လေလေ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်လေလေ ဖြစ်ပါတယ်။

၎။ မနက်စာကို မဖြစ်မနေစားပါ။

တစ်နေ့လုံးအတွက် လိုအပ်တဲ့စွမ်းအင်တွေကို နံနက်စာကနေ အဓိကရရှိတာကြောင့် တစ်နေ့လုံးလန်းဆန်းတက်ကြွနေစေဖို့ နံနက်စာစားပါ။ နံနက်စာစားခြင်းက မကြာခဏစားချင်စိတ်ဖြစ်ပေါ်တာကိုလည်း တားဆီးပေးနိုင်ပါတယ်။

၅။ ခြေဆန့်လက်ဆန့်လုပ်ပါ။

ရုံးမှာထိုင်ပြီးအလုပ်လုပ်သူတွေဟာ နောက်ကျောတက်ခြင်းဖြစ်တတ်ပြီး ညဘက်တွေမှာ ကောင်းစွာအိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဖုန်းကိုင်တာ၊ စာရွက်စာတမ်းယူတာ တွေကို ကိုယ်တိုင်လုပ်ပါ။ အညောင်းမမိအောင် ခြေဆန့်လက်ဆန့်လုပ်ပါ။

၆။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပါ။

လူအမျိုးမျိုးစုဝေးနေကျတဲ့ ရုံးတွေမှာ ရောဂါပိုးကူးစက်နိုင်ခြေပိုများပါတယ်။ ခန္ဓာကိုယ်တွင်းကို ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်ဖို့ ကိုယ်ခံအားစနစ်ကိုလည်း တိုးမြှင့်ထားသင့်ပါတယ်။ ခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားကောင်းမွန်ဖို့ အာဟာရဓာတ်ကြွယ်ဝတဲ့ အသီးအရွက်တွေကို စားပါ။ ရေများများသောက်ပါ။ အိပ်ရေးဝဝအိပ်ပါ။ အရေးကြီးဆုံးက လက်ကို ပုံမှန်ဆေးကြောပါ။

၇။ လေ့ကျင့်ခန်းလုပ်ပါ။

ရုံးမှာကြာကြာထိုင်နေရင်း သင့်ခါးက အဆီတွေစုလာတာကို သင်တောင်သတိထားမိမှာ မဟုတ်ပါဘူး။ ဒီလိုအဆီစုတာတွေကို ကာကွယ်ဖို့ ရုံးဆင်းတဲ့အချိန်မှာ စားသောက်ဆိုင်တွေဘက် ခြေဦးလှည့်ဖို့ မစဉ်းစားဘဲ သူငယ်ချင်းတွေရဲ့ အိမ်ကို လမ်းလျှောက်သွားလိုက်ပါ။ ဒါမှမဟုတ် gym သွားပြီး လေ့ကျင့်ခန်းလုပ်ပါ။

၈။ ကော်ဖီမသောက်မိအောင် ရှောင်ကြဉ်ပါ။

နေ့ခင်းဘက်မှာ ကော်ဖီအလွန်အကျွံသောက်သုံးခြင်းကြောင့် ညဘက်မှာ ကောင်းကောင်းအိပ်မပျော်တာတွေ ဖြစ်စေနိုင်ပါတယ်။ ညဘက်အိပ်ရေးပျက်တာက နေ့ခင်းဘက်ရုံးမှာ အိပ်ငိုက်စေနိုင်တဲ့အပြင် ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကော်ဖီသောက်သုံးခြင်းကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။

၉။ အိပ်ရေးဝဝအိပ်ပါ။

အိပ်ရေးဝဝနဲ့ နိုးထလာတဲ့မနက်ခင်းတိုင်းဟာ လန်းဆန်းတက်ကြွနေပြီး တစ်နေ့လုံးအတွက် လုံလောက်တဲ့စွမ်းအင်ပမာဏကို ပေးနိုင်တာကြောင့် အိပ်ရေးဝဝအိပ်ပါ။

၁ဝ။ ချိုလွန်းတဲ့အစားအစာတွေစားသုံးခြင်းကို ရှောင်ကြဉ်ပါ။

ရုံးတွေမှာ ဝန်ထမ်းတွေအတွက် သကြားလုံးတွေနဲ့ အဆာပြေမုန့်တွေ ထားထားတတ်ပါတယ်။ ဒါပေမယ့် ဒီအဆာပြေမုန့်တွေဟာ တကယ်ဗိုက်မပြည့်စေနိုင်တဲ့အပြင် ခန္ဓာကိုယ်တွင်းက သကြားဓာတ်ကိုလည်း အတက်အကျမညီတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

၁၁။ ဆိုဒါနဲ့ သကြားများလွန်းတဲ့ အချိုရည်တွေကို ရှောင်ပါ။

အလုပ်ချိန်အတွင်းမှာ ဆိုဒါပါတဲ့အချိုရည်အေးအေးလေးတွေကို သောက်တာက လူကိုလန်းဆန်းကောင်း လန်းဆန်းစေလိမ့်မယ်။ ဒါပေမယ့် ထိုအချိုရည်တွေမှာပါဝင်တဲ့သကြားတွေဟာ အချိန်ကြာလာတာနဲ့အမျှ ကယ်လိုရီတွေအဖြစ်ပြောင်းသွားပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။

၁၂။ အလုပ်ရုံးခန်းမှာ စိတ်ခွန်အားဖြစ်စေတဲ့ စာသားလေးတွေ ချိတ်ဆွဲထားပါ။

ကိုယ့်ရဲ့ကျန်းမာရေးနဲ့ အလုပ်ခွင်အောင်မြင်မှုနဲ့ပတ်သတ်ပြီး ကိုယ့်ကိုတွန်းအားပေးစေမယ့် စာတိုပေစလေးတွေကို ရုံးခန်းမှာ ကပ်ထားပါ။ ဒီစာတိုလေးတွေက သင့်ကို အလုပ်အပေါ်မှာ ကောင်းကောင်းအာရုံစိုက်ဖို့ ကူညီပေးပါလိမ့်မယ်။

ဗဟုသုတရစေမယ့် ဒီစာစောင်လေးကို ရုံးမှာအလုပ်လုပ်တဲ့မိတ်ဆွေတွေဖတ်ဖို့ SHARE ပေးလိုက်ပါ။