ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်း ခံစားရတဲ့ စိတ်နာကျင်မှုတွေကို ဘယ်လိုကုစားမလဲ

blank

မိန်းမသားတစ်ယောက်အနေနဲ့ မိခင်ဘဝကိုရောက်တော့မယ်လို့ အမျှော်လင့်ကြီး မျှော်လင့်ခဲ့ပြီးမှ ကိုယ်ဝန်ပျက်ကျတဲ့အခါ ကြေကွဲဝမ်းနည်းစရာကောင်းလှပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်း ခံစားရတဲ့စိတ်ခံစားမှုတွေက တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။

  • မိမိကိုယ်ကို အပြစ်ရှိသလို ခံစားရခြင်း၊
  • ဒေါသထွက်ခြင်း၊
  • ရှက်စိတ်ဝမ်းနည်းစိတ်တွေနဲ့အတူ အထီးကျန်နေသလို ခံစားရခြင်း၊
  • ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးခြင်း၊
  • စားမဝင် အိပ်မပျော်ဖြစ်ခြင်း၊
  • မိမိဘဝကို အဆုံးသတ်လိုခြင်း အစရှိတာတွေကို ခံစားရတတ်ပါတယ်။

အထူးသဖြင့်

  • အတိတ်က ကိုယ်ဝန်ပျက်ကျဖူးတဲ့ အမျိုးသမီးတွေ၊
  • တစ်စုံတစ်ယောက်ရဲ့ ပယောဂကြောင့် ကိုယ်ဝန်ပျက်ကျသွားတဲ့ အမျိုးသမီးတွေ၊
  • ကိုယ်ဝန်ပျက်ကျတာဟာ အမျိုးသမီးရဲ့အပြစ်လို့ ခံယူထားတဲ့ လူမှုအသိုင်းအဝိုင်းမှာ ရှင်သန်နေတဲ့အမျိုးသမီးတွေ၊
  • မွေးဖွားဖို့လပိုင်းအလိုမှာ ကိုယ်ဝန်ပျက်ကျတဲ့အမျိုးသမီးတွေဟာ

သာမန်အမျိုးသမီးတွေထက် စိတ်ဓာတ်ပိုကျလေ့ရှိပါတယ်။

အဲဒီလိုမျိုးအချိန်မှာ မိမိအမျိုးသားရဲ့ နားလည်ဖေးမမှု၊ မိသားစုရဲ့ အားပေးကူညီမှုဟာ ကိုယ်ဝန်ပျက်ကျထားသူအမျိုးသမီးတွေအတွက် ဘဝကိုပြန်လည်ထူမတ်နိုင်ဖို့ အားအင်တစ်ခု ဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ အကြောင်းအရာတစ်ခုခုကြောင့် ကိုယ်ဝန်ပျက်ကျတဲ့ အမျိုးသမီး တွေကို ကြုံတွေ့ရတဲ့အခါ-

အားပေးစကားပြောဆိုပါ။

ကျန်းမာရေးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ အကူအညီပေးပါ။

တစ်ယောက်တည်း ကျိတ်မှိတ်ခံစားတာမျိုး၊ သီးသန့်နေတာမျိုးတွေ ရှောင်ပါ။

 သူတို့ရဲ့ စိတ်ခံစားမှုတွေကို နားထောင်ပေးပါ။

အပြစ်တင်ပြောဆိုမှုတွေကို ဥပေက္ခာပြုခိုင်းလိုက်ပါ။

စိတ်ဖိစီးမှုလျော့ကျစေဖို့ တရားထိုင်ခိုင်းပါ။

အခြားကိုယ်ဝန်ပျက်ကျဖူးတဲ့ အမျိုးသမီးတွေနဲ့ တွေ့ဆုံပေးပါ။ သူတို့ရဲ့ စိတ်ဖိစီးမှုကျော်လွှားနိုင်ခဲ့တဲ့နည်းလမ်းတွေကို ဝေမျှခိုင်းပါ။

မိမိရဲ့ရင်သွေးကို မျက်နှာမမြင်ခင်ကတည်းက ချစ်ခင်နေပြီဖြစ်တဲ့  မိခင်လောင်းအမျိုးသမီး တွေဟာ မိမိရင်သွေးကိုဆုံးရှုံးလိုက်ရတဲ့အခါ ကမ္ဘာပျက်မတတ်ခံစားရတတ်ပါတယ်။ ဘယ်လောက်ပဲ စိတ်ခိုင်တဲ့အမျိုးသမီးဖြစ်ပါစေ ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်း စိတ်ဓာတ်ကျမှုတွေ၊ ဝမ်းနည်းမှုတွေကို ကြုံတွေ့ရတတ်ပါတယ်။ ကြုံတွေ့လာတဲ့ စိတ်ဖိစီးမှုတွေကို လက်တွဲညီညီကျော်ဖြတ်ကြရင်း တစ်ဦးနဲ့ တစ်ဦး ဝိုင်းဝန်းဖေးမလိုက်ကြရအောင်ပါရှင်။