ဘဝအောင်မြင်မှုအတွက် ကိုရွှေငါးမန်းကပေးလိုက်တဲ့ သင်ခန်းစာကောင်းတစ်ခု

blank

အဏ္ဏဝါဗေဒပညာရှင်တစ်ဦးဟာ ငါးမန်းအစာကျွေးရင်း သုတေသနတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ရေကန်ကြီးကြီးတစ်ခုမှာ ငါးမန်းကိုထည့်၊ ပြီးတော့ ငါးသေးသေးလေးတွေကို ထိုကန်ကြီးထဲ လွှတ်ပေးပြီး ငါးမန်းစာကျွေးခဲ့ပါတယ်။

အစားကြီးတဲ့ ကိုရွှေငါးမန်းလည်း ချက်ချင်းဆိုသလို ထိုကန်ကြီးထဲ ဟိုဒီကူးခတ်ပြီး ငါးလေးတွေကိုတစ်ကောင်မကျန် ကိုက်စားပစ်လိုက်ပါတယ်။

နောက်တစ်ရက်မှာတော့ အဏ္ဏဝါပညာရှင်ဟာ ရေကန်ကြီးရဲ့ အလယ်တည့်တည့်မှာ ကြည်လင်ခိုင်ခံ့တဲ့ မှန်ချပ်ထူကြီးတစ်ချပ်ထည့်ပြီး ရေကန်ကို နှစ်ပိုင်းကန့်လိုက်ပါတယ်။ ထို့နောက် ငါးမန်းကို တစ်ဖက်မှာထည့်၊ ငါးလေးတွေကို နောက်တစ်ဖက်မှာထည့်ပြီး အခြေအနေကို စောင့်ကြည့်ခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်း မှ ရေးသားတင်ဆက်ပေးခြင်းဖြစ်သည်။

ငါးမန်းကလည်း ငါးလေးတွေကို မြင်မြင်ချင်း တရှိန်ထိုးပြေးကိုက်ပါတော့တယ်။ ဒါပေမယ့် ငါးလေးတွေနဲ့ ငါးမန်းကြီးကြား မှန်ထူထူကြီးက ကာဆီးနေတော့ ကိုငါးမန်းခမျာ ပြေးကိုက်လိုက်၊ မှန်နံရံနဲ့ ခေါင်းနဲ့ဆောင့်လိုက်ဖြစ်နေတော့တာပေါ့။ ဒါပေမယ့် အစာမက်တဲ့ ကိုငါးမန်းကတော့ ဘယ်လောက်နာနာ မမှုဘဲ၊ အချိန်အနည်းငယ်ကြာတဲ့အထိ မှန်နံရံကို ဆက်ဆောင့်နေတုန်းပါပဲ။ တစ်နာရီလောက်လည်းကြာရော မောပန်းနာကျင်နေတဲ့ ကိုငါးမန်းခမျာ တစ်ဖက်မှာ ပျော်ရွှင်စွာကူးခတ်နေတဲ့ ငါးလေးတွေကို နှမျောတသနဲ့ကြည့်ရင်း လက်လျှော့လိုက်ရပါတော့တယ်။

နောက်ထပ် ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အထိ ဒီစမ်းသပ်ချက်ကို ထပ်ကာထပ်ကာပြုလုပ်ခဲ့ပါတယ်။ ကြိုးစားမှုတွေအချည်းအနှီးဖြစ်တာတွေ့တော့ အကြိမ်တိုင်းမှာ ငါးမန်းရဲ့ကြိုးစားမှုကလျော့ကျလာခဲ့တယ်။ ငါးလေးတွေကို ဒေါသတကြီးတိုက်ခိုက်ချင်စိတ်တွေ သူ့မှာလျော့နည်းလာပါတော့တယ်။ နောက်ဆုံးမှာတော့ အထာနပ်သွားတဲ့ ကိုငါးမန်းဟာ ငါးလေးတွေကိုစားချင်စိတ်နဲ့ မှန်နံရံကို ဝင်ဆောင့်တဲ့အလုပ်တွေ လုံးဝမလုပ်တော့တာကို တွေ့ရပါတယ်။

ထိုအချိန်မှာ အဏ္ဏဝါဗေဒပညာရှင်က မှန်နံရံကို ဖယ်ရှားလိုက်ပါတယ်။ ဒါပေမယ့် အံသြစရာကောင်းတာက ဟိုဟိုဒီဒီကူးခတ်သွားနေတဲ့ ငါးလေးတွေကို ကိုရွှေငါးမန်းက လုံးဝမတိုက်ခိုက်တော့တာပါပဲ။ ဘာလို့လည်းဆိုတော့ အထပ်ထပ်လေ့ကျင့်ခံလာရတဲ့ ငါးမန်းရဲ့စိတ်ထဲမှာ ငါးလေးတွေနဲ့သူ့ကြား ကာဆီးထားတဲ့တစ်စုံတစ်ရာရှိနေတယ်လို့ ထင်နေလို့ပါပဲ။ ဒီတော့ ငါးလေးတွေကလည်း ကန်ကြီးရဲ့နေရာအနှံ့ကို အန္တရာယ်ကင်းစွာ ကူးခတ်သွားလာလို့ ရသွားပါတော့တယ်။

ဒီပုံပြင်လေးက ကျွန်မတို့ကို အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတစ်ခုပေးခဲ့ပါတယ် ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ…။ ကျွန်မတို့တွေ ဘဝမှာ ကျရှုံးမှုတွေ၊ နောက်ပြန်လှည့်တာတွေ၊ အရှုံးပေးရတာတွေ၊ လက်မြှောက်ရတာတွေ ကြုံခဲ့ဖူးကြပါတယ်။ ဒီပုံပြင်ထဲကငါးမန်းလို အရင်ကမအောင်မြင်တာကြောင့် နောက်ထပ်လည်းအောင်မြင်မှာမဟုတ်ဘူးလို့ ထင်နေတတ်ကြပါတယ်။ ကျွန်မတို့နဲ့ အောင်မြင်မှုပန်းတိုင်ကြား အတားအဆီးတွေရှိနေတယ်လို့ ထင်တတ်ကြတယ်။ ဒါပေမယ့် ကျွန်မတို့ထင်နေတဲ့ အတားအဆီးဆိုတာ တကယ်မရှိပါဘူး။ ဒါ့ကြောင့် အတိတ်မှာ ဘယ်လောက်ပဲကျရှုံးခဲ့ပါစေ၊ ရွှေရောင်လွှမ်းတဲ့အနာဂတ်မှာ ကျွန်မတို့အတွက် အောင်မြင်မှုကစောင့်ကြိုနေပါတယ်။ ကျွန်မတို့စိုးရိမ်နေတာတွေကို ခေါင်းထဲကဖယ်ထုတ်ပြီး အကောင်းဆုံးကြိုးစားလိုက်ရအောင်လားရှင်။

အသိဉာဏ်ကောင်းတစ်ခုခုရလိုက်တယ်ဆိုရင် SHARE ပေးဖို့ မမေ့ပါနဲ့။