သာယာလှပသော လူမှုအသိုက်အဝန်းတစ်ခုကိုတည်ထောင်ဖို့ ပုရွက်ဆိတ်လေးတွေဆီက သင်ခန်းစာယူစို့

blank

ကမ္ဘာပေါ်မှာလူတွေဟာ အသိဥာဏ်အကြွယ်ဝဆုံး သတ္တဝါတွေပါ။ ဒါပေမယ့် ဆင်ခြင်တုံတရားမြင့်မားတဲ့ လူတွေအတွက် အရွယ်အစား အလွန်သေးငယ်လှတဲ့ ပုရွက်ဆိတ်လေးတွေဆီကနေ သင်ယူသင့်တဲ့ အတုယူစရာတွေအများကြီးရှိနေပါတယ်။ ပုရွက်ဆိတ်တွေမှာ အလုပ်သမား၊ ဘုရင်မနဲ့ အထီးဆိုပြီး အမျိုးအစားသုံးမျိုးရှိပါတယ်။ ပုရွက်ဆိတ်လေးတွေဟာ သူတို့လုပ်ရမယ့် အလုပ်တွေကို အုပ်စုဖွဲ့ပြီး စည်းစည်းရုံးရုံးနဲ့ လုပ်ကိုင်ကြပါတယ်။ လူတွေအတုယူရမယ့် ပုရွက်ဆိတ်တွေရဲ့ အလုပ်တွေပြီးမြောက်အောင် ဆောင်ရွက်ကြတဲ့ နည်းလမ်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ ပုရွက်ဆိတ်တွေမှာ သူတို့လုပ်ရမယ့် အလုပ်တွေအတွက် စနစ်ကျတဲ့ အစီအစဉ်တွေရှိပါတယ်။

၂။ ပုရွက်ဆိတ်တွေဟာ သူတို့သွားမယ့်လမ်းကြောင်းမှာ တစ်ခုခု ထူးခြားတာတွေ့တိုင်း တစ်အုပ်စုနဲ့တစ်အုပ်စု သတင်းပေးကြပါတယ်။

၃။ ပုရွက်ဆိတ်တွေဟာ သူတို့ရှာဖွေရရှိတဲ့ စားစရာတွေကို စုဆောင်းထားပြီး ပျော်ပျော်ပါးပါးနဲ့ ခွဲဝေစားသောက်ကြပါတယ်။

၎။ ပုရွက်ဆိတ်လေးတွေ ညီညီညာညာချီတက်လာတာကို တွေ့ဖူးကြမှာပါ။ သူတို့ရဲ့လမ်းလျှောက်ပုံမှာသာမက အရာရာမှာ စည်းကမ်းတကျနဲ့ စုစုရုံးရုံးနဲ့ဆောင်ရွက်တတ်ကြပါတယ်။ စည်းကမ်းဟာ ပုရွက်ဆိတ်လေးတွေရဲ့ အဓိကကျောရိုးပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ပုရွက်ဆိတ်လေးတွေဟာ နွေရာသီမှာ တက်တက်ကြွကြွနဲ့ မနားမနေအလုပ်လုပ်ပြီး အစာရှာရခက်တဲ့ မိုးတွင်းနဲ့ ဆောင်းတွင်းအတွက် ကြိုတင်စုဆောင်းထားတတ်ကြပါတယ်။ အချိန်ရှိခိုက်လုံ့လစိုက်တတ်ကြတဲ့ ပုရွက်ဆိတ်လေးတွေရဲ့ ဝီရိယကလည်း အတုယူစရာကောင်းလှပါတယ်။

၆။ အလုပ်နဲ့ ပုရွက်ဆိတ်ဘယ်တော့မှ ပြတ်တယ်ဆိုတာမရှိပါဘူး။ မမောပန်းဘဲနဲ့ တစ်ချိန်လုံးအလုပ်လုပ်နေတတ်တဲ့ ပုရွက်ဆိတ်လေးတွေရဲ့ အလုပ်အပေါ်တာဝန်ကျေပွန်မှုကတော့ အံ့မခန်းပါပဲ။

၇။ ပုရွက်ဆိတ်လေးတွေရဲ့ လမ်းကြောင်းမှာ ဘယ်လောက်ပဲပိတ်ပင်နေပါစေ ဇွဲကောင်းကောင်းနဲ့ နောက်တစ်လမ်းကနေ ရအောင်သွားတတ်ကြပါတယ်။ ပုရွက်ဆိတ်လေးတွေရဲ့ မဆုတ်မနစ်သော လှုံ့လကတော့ မယုံနိုင်စရာကောင်းလောက်အောင် ပြင်းထန်လှပါတယ်။

၈။ ပုရွက်ဆိတ်လေးတွေဟာ သေးငယ်လှပေမယ့် သူတို့ရဲ့ အလျဉ်ကတော့ အင်မတန်ကို မြန်လှပါတယ်။ အကောင်သေးပေမယ့် လေးတွဲ့ပျင်းရိမနေဘဲ အရှိန်မြန်ကြတဲ့ ပုရွက်ဆိတ်လေးတွေရဲ့ လုပ်ကိုင်နိုင်စွမ်းကတော့ အံ့မခန်းပါပဲ။

၉။ မိုးဥတုမှာ ခိုနားဖို့နေရာ၊ ဆောင်းဥတုမှာ စားသောက်ဖို့ အစားအသောက်ပမာဏ အစရှိတာတွေကို စနစ်တကျ စီစဉ်ထားတတ်ကြတာလည်း ပုရွက်ဆိတ်လေးတွေပါပဲ။ ရာသီဥတုဘယ်လောက်ကြမ်းကြမ်း သူတို့မှာ အစာရေစာပြတ်လတ်သွားတယ်ဆိုတာ မရှိပါဘူး။

၁ဝ။ ပုရွက်ဆိတ်လေးတွေဟာ သူတို့ထက်အဆမတန်ကြီးတဲ့ အစားအစာတွေကို လွယ်ကူစွာ သယ်နိုင်ကြတာက သူတို့ရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ အလုပ်ကြိုးစားချင်စိတ်ကြောင့်ပါ။ သူတို့ဟာ လေးလံတဲ့ အရာဝတ္ထုတွေကို လွယ်လွယ်ကူကူသယ်နိုင်ကြတာက အစုအပေါင်းနဲ့ လုပ်ကိုင်တတ်တဲ့ အတုယူစရာ စရိုက်ကြောင့်ပါပဲ။

၁၁။ ပုရွက်ဆိတ်တွေဟာ သူတို့ပတ်ဝန်းကျင် အစုအဝေးအရေးကိုပဲ ရှေးရှုပြီး အောင်မြင်မှုမရမချင်း အလုပ်လုပ်ကြပါတယ်။ အလုပ်တာဝန်တွေကို ခွဲဝေပြီး ညီညွတ်စွာနဲ့ အလုပ်တွေကို အတူတကွအလုပ်လုပ်ကြပါတယ်။

ပရိသတ်ကြီးရေ… လူမှုအသိုင်းအဝိုင်းကြီးကို လှပအောင်တန်ဆာဆင်ဖို့ ပုရွက်ဆိတ်လေးတွေဆီက အတုယူစရာတွေကတော့ အများကြီးပါပဲ။ ဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေမှန်သမျှကို အရှုံးမပေးနောက်မဆုတ်ဘဲ ကိုယ့်အတွက် လိုအပ်ချက်တွေကို ကိုယ်တိုင်ဖြည့်ဆည်းပြီး အခွင့်အလမ်းတွေကို ရှာဖွေနိုင်ကြပါစေလို့ ဂန္ထဝင်မဂ္ဂဇင်းမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။