ကိုရိုနာဗိုင်းရပ်စ်ဟာ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကနေ တဆင့်ခန္ဓာကိုယ်ထဲကို ဝင်နိုင်တယ်ဆိုတာကို ကျွန်မတို့အားလုံး သိထားပြီးဖြစ်ပါတယ်။ ဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်ထဲကို ရောက်တာနဲ့ အဆုတ်ထဲကို သွားပြီး အဆုတ်သွေးကြောတွေကို ရောင်ရမ်းစေပါတယ်။ ပိုမိုပြင်းထန်လာတဲ့အခါ အဆုတ်ကို ပျက်စီးစေပြီး သွေးထဲကို အောက်ဆီဂျင်ကောင်းကောင်း မပို့ဆောင်နိုင်တော့တာတွေဖြစ်စေနိုင်ပါတယ်။
သွေးတွင်း အောက်ဆီဂျင်လျော့နည်းလာတာနဲ့အမျှ နှလုံးနဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေ လိုအပ်တဲ့ အောက်ဆီဂျင် အလုံအလောက်မရတော့တာမျိုး ဖြစ်လာပါတယ်။
ကိုယ်ခံစွမ်းအားက ရောဂါကို တိုက်ထုတ်နေရတဲ့အခါမှာ ခန္ဓာကိုယ်အနှံ့အပြားဟာ ရောင်ရမ်းမှုတွေကို ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီရောင်ရမ်းမှုတွေကြောင့် သွေးဖိအားတွေ ကျသွားပြီး နှလုံးဟာလည်းပဲ အခြားအစိတ်အပိုင်းတွေကို အောက်ဆီဂျင်ပို့လွှတ်ဖို့ ပိုပြီးအလုပ်လုပ်ရပါတော့တယ်။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။
ပြင်းထန်တဲ့အခြေအနေတွေမှာ အဆုတ်ဟာရောင်ရမ်းလာပြီး အသက်ရှူရခက်လောက်အောင် ရေတွေပြည့်လာပါတော့တယ်။ အဲ့ဒီအခါမျိုးမှာ အသက်ရှူစက်ရဲ့ အကူအညီနဲ့ အသက်ရှူရပါတော့တယ်။ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါ၊ နှလုံးရောဂါရှိနေတဲ့သူတွေအတွက်တော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေပါ။
ဒါ့ကြောင့် သွေးတွင်းအောက်ဆီဂျင်ပမာဏလျော့နည်းမသွားအောင်….
လေကောင်းလေသန့် များများရှူပါ။
ရေများများသောက်ပါ။
သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားပါ။
လေ့ကျင့်ခန်းလုပ်ပါ။
အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
ကျန်းမာတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။