New Year ခရီးစဉ်ကို အပျော်ရွှင်ဆုံးဖြတ်သန်းနိုင်စေဖို့ ကျန်းမာရေးအကြံပြုချက်လေးမျာ

blank

မကြာခင်မှာ New Year ပိတ်ရက်လေးတွေရောက်လာတော့မယ်ဆိုတော့ ခရီးထွက်ဖို့ အစီအစဉ်လေးတွေ ဆွဲနေကြပြီပေါ့။ ခရီးထွက်တဲ့အခါ ကျန်းမာနေစေဖို့အတွက် အာဟာရဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေ စားပေးရုံ၊ ကောင်းကောင်းအနားယူပေးရုံ၊ အပရိကဖျားနာမှုလေးတွေအတွက် ဆေးတွေယူသွားရုံလောက်နဲ့ လုံလောက်ပြီလို့ ထင်လား။ တကယ်တော့ ခရီးထွက်နေတဲ့အချိန်မှာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဓာတ်ပါ ကျန်းမာကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်နော်။ ဒါကြောင့်  New Year ပိတ်ရက်ခရီးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်စေဖို့ ကျန်းမာရေးအကြံပြုချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ စိတ်ဖိစီးမှုလျှော့ချပေးနိုင်မယ့်အရာလေးတွေ လုပ်ပါ။

ခရီးထွက်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်မထားတာဟာ စိတ်ဖိစီးမှုများစေတာမို့ ခုကတည်းက စီစဉ်စရာရှိတာတွေကို ကြိုတင်စီစဉ်ထားလိုက်ပါ။ စိတ်ပူပန်သလို ခံစားရတဲ့အခါ အသက်ပြင်းပြင်းရှူရှိုက်ပါ။ ဂဏန်းတွေကို နောက်ပြန်ရေတွက်ကြည့်ပါ။ အကြောလျှော့ပါ။ ရေအေးအေးနဲ့ မျက်နှာသစ်ပါ။

၂။ ကိုယ်နဲ့ ထိတွေ့မယ့်အရာတိုင်းကို သန့်ရှင်းရေးလုပ်ပါ။

ကား၊ လေယာဉ်တွေရဲ့ ထိုင်ခုံ၊ ခါးပတ်ကြိုး၊ လေဝင်ပေါက်တွေမှာ ရောဂါပိုးမွှားတွေအများကြီး ကပ်ညှိနေနိုင်တာမို့ wet tissue လေးနဲ့ သန့်ရှင်းရေးလုပ်တတ်တဲ့ အကျင့်လုပ်ထားပါ။ လက်သန့်ဆေးရည်ယူဆောင်သွားဖို့လည်း မမေ့ပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ လမ်းလျှောက်ပါ။

ကိုယ်သွားနေတဲ့နေရာကို ရောက်ပြီဆိုတာနဲ့ အရင်ဆုံး ခြေလျင်လျှောက်ပြီး ပတ်သွားကြည့်ပါ။ ခရီးသွားခြင်းရဲ့ အနှစ်သာရဆိုတာ ဒါပဲလေ။ လမ်းလျှောက်ခြင်းဟာ အချိန်အကြာကြီး ကား၊ လေယာဉ်စီးလာရလို့ တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့သွားစေမယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ပြီးတော့ နေရာသစ်နဲ့ လိုက်လျောညီထွေဖြစ်အောင်လည်း ကူညီပေးနိုင်ပါလိမ့်မယ်။

၎။ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်တည်းခိုရာအခန်းထဲမှာပဲ ကျန်းမာရေးလေ့ကျင့်ခန်းလေးတွေလုပ်ပါ။ အိပ်ထမတင်လေ့ကျင့်ခန်း၊ ထိုင်ထလေ့ကျင့်ခန်းကို အကြိမ် ၂ဝ မှ ၄ဝ လုပ်ပါ။ အကြောဆန့်လေ့ကျင့်ခန်းလေးတွေ လုပ်ပါ။

၅။ အလုပ်အကြောင်းမေ့ထားပါ။

အလုပ်ပိတ်ရက်မှာ ထွက်လာခဲ့တဲ့ အားလပ်ရက်ခရီးလေနော်။ အလုပ်အကြောင်းတွေကိုလည်း အနောက်မှာပဲ ထားခဲ့လိုက်ပါ။ ဖုန်း၊ လက်ပ်တော့တွေကို ကိုယ်နဲ့ ဝေးဝေးမှာထားလိုက်ပြီး အားလပ်ရက်ခရီးကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးလိုက်ပါ။ ဒါမှသာ ဦးနှောက်ကိုလည်း လန်းဆန်းစေနိုင်မှာပေါ့။

စာချစ်သူတို့လည်း New Year ပိတ်ရက်ခရီးလေးကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ကြပါစေနော်။