အိပ်ရာစောစောထခြင်းကြောင့် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးများ

blank

ကျွန်မတို့ ပတ်ဝန်းကျင်က လူအတော်များများဟာ အိပ်ရာစောစောထတတ်ကြပါတယ်။ အိမ်ရာစောစောထခြင်းဟာ ကောင်းတယ်လို့ ယုံကြည်ကြတဲ့ သိပ္ပံပညာရှင်တွေ၊ စီအီးအိုတွေ အများကြီးရှိပါတယ်။ Apple ရဲ့ စီအီးအိုဖြစ်တဲ့ တင်မ် ကွတ်ခ် (Tim Cook) ဟာ မနက်တိုင်း ၃း၄၅ မှာ အိပ်ရာထလေ့ရှိပါတယ်တဲ့။ မီရှဲလ် အိုဘားမား (Michelle Obama) ကတော့ မနက် ၄း၃ဝ ဆိုရင်ပဲ ကျန်းမာရေးလေ့ကျင့်ခန်းတွေ လုပ်နေပါပြီတဲ့။ ရှာ့ခ် တန့်ခ် (Shark Tank) ရဲ့ ရင်းနှီးမြှုပ်နှံသူ ကယ်ဗင် အို လဲရီ (Kevin O’Leary) ကတော့ မနက်တိုင်း ၅း၄၅ မှာ အိပ်ရာထလေ့ရှိပါတယ်တဲ့။ ရစ်ချတ် ဘရန်ဆန် (Richard Branson) ဟာလည်း ခြောက်နာရီ မတ်တင်းမှာပဲ အိပ်ရာထလေ့ရှိပါတယ်။ ကျွန်မတို့ဆီမှာဆိုလည်း ဦးဇင်းတွေ၊ ကိုရင်တွေဟာ စောစောထတတ်ကြတယ်မလား။

နေ့စဉ်နေ့တိုင်း ကိုယ့်ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၈၆,၄ဝဝ စုမိတယ်လို့ စိတ်ကူးကြည့်လိုက်စမ်းပါ။ ပျော်စရာကြီးမလား။ အဲ့ဒီငွေတွေကို ဘာလုပ်မှာလဲ။ သုံးပစ်လိုက်မှာလား။ ရင်းနှီးမြှုပ်နှံလိုက်မှာလား။ တစ်ခုခုဝယ်လိုက်မှာလား။ သူငယ်ချင်းတွေကို ပေးလိုက်မှာလား။ စာချစ်သူတို့ထဲက ဘယ်နှစ်ယောက်လောက်ကများ အကုန်လုံးကို ကိုယ့်ကိုယ်ကျိုးအတွက်ချည်းပဲ အသုံးပြုလိုက်မှာလဲ။ ဘယ်နှစ်ယောက်ကကော တခြားသူတွေအတွက် အသုံးပြုမှာလဲ။ တစ်နေ့ကုန်သွားတဲ့အခါမှာတော့ ဒီဒေါ်လာ ၈၆,၄ဝဝ လုံးဟာ ကုန်ဆုံးသွားပါလိမ့်မယ်။ ဒါပေမဲ့ နောက်တစ်နေ့မနက်မှာလည်း ကိုယ့်အကောင့်ထဲမှာ ဒေါ်လာ ၈၆,၄ဝဝ ထပ်ဝင်နေဦးမှာပဲ။ ကဲ…ဒီပိုက်ဆံတွေကို ဘယ်လိုပဲသုံးသုံး အရေးမကြီးပါဘူး။ တစ်ခုခုမှာ အသုံးချမှာကတော့ အမှန်ပဲလေနော်။ ဘာမှမသုံးဘဲ ထားထားမှာတော့ မဟုတ်ဘူးမလား။ အလဟဿဖြုန်းတီးပစ်မှာလည်း မဟုတ်တာတော့ သေချာပါတယ်။ ဖြုန်းခဲ့မိဖူးတယ်ဆိုရင်တောင်မှ နောက်ဆို ဒါတွေကို အကျိုးရှိအောင် ဘယ်လိုအသုံးပြုရမလဲဆိုတာတော့ တွေးမိလာမှာပါပဲလေ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နေ့စဉ်နေ့တိုင်းမှာ ကျွန်မတို့ရဲ့ ဘဝသက်တမ်းအကောင့်တွေထဲကို စက္ကန့်ပေါင်း ၈၆,၄ဝဝ ဖြည့်ပေးလိုက်ပါတယ်။ ဒါဟာ တစ်နာရီ မိနစ်ခြောက်ဆယ်နဲ့ တစ်နေ့မှာ ၂၄ နာရီပါပဲ။ ဒီအကောင့်ပမာဏဟာ အချိန်နဲ့ အမျှ လျော့နည်းနေပါတယ်။ ဒါပေမဲ့ နေ့စဉ် ၂၄ နာရီ ကုန်ဆုံးသွားတိုင်း ကျွန်မတို့ရဲ့ ဘဝသက်တမ်းအကောင့်ထဲကို စက္ကန့်ပေါင်း ၈၆,၄ဝဝ အသစ်ထပ်ရလိုက်ပြန်ပါတယ်။ နေ့စဉ်နေ့တိုင်းမှာ ကျွန်မတို့ရဲ့ အချိန်တွေကို ကောင်းကောင်းမွန်မွန် ရင်းနှီးမြှုပ်နှံနိုင်ဖို့ အခွင့်အလမ်းသစ်တွေ ရရှိနေပါတယ်။ လူတစ်ယောက်အနေနဲ့ ဘဝတိုးတက်ဖို့၊ ကောင်းကောင်းမွန်မွန် အသက်ရှင်နေထိုင်ဖို့ အချိန်တွေ ရရှိနေပါတယ်။ ကိုယ် ယုံကြည်တဲ့အရာအပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့၊ ကိုယ် ချစ်ခင်ရတဲ့သူတွေအပေါ်မှာ ဂရုစိုက်ဖို့ အချိန်တွေပေါ့။

ကျွန်မ အိပ်ရာစောစောထဖို့ဆုံးဖြတ်တယ်ဆိုတာကတော့ ကျွန်မအတွက် အချိန်တွေ ပိုမိုရရှိဖို့ပါပဲ။ အိပ်ရင်းနဲ့ပဲ အချိန်ကုန်ဆုံးလိုက်မယ်ဆိုရင် ကျွန်မတို့အတွက် စက္ကန့်ပေါင်း ၄ဝဝဝဝ၊ ၅ဝဝဝဝ ပဲ ရရင် ရတော့မယ်လေနော်။ ဆိုလိုတာကတော့ အိပ်ချိန်နည်းလေလေ ကိုယ့်အတွက် အချိန်ပိုရလေလေဖြစ်ပြီးတော့ ကိုယ်ချစ်မြတ်နိုးတဲ့အရာတွေကို ပိုမိုလုပ်နိုင်လေလေပါပဲ။ ကိုယ့်ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေအတွက် အချိန်ပိုရလာမယ်။ ကျွန်မတို့ စွဲလမ်းရတဲ့အရာတွေအတွက် အချိန်ပိုရလာမယ်။ ကျန်းမာပျော်ရွှင်ရတဲ့ နေထိုင်မှုပုံစံတစ်ခုကို တည်ဆောက်နိုင်ဖို့ အချိန်ပိုရလာမယ်။

ကျွန်မအရမ်းသဘောကျရတဲ့ စကားတစ်ခုရှိပါတယ်။ “ကိုယ့်မှာ အချိန်တွေအများကြီးရှိတယ်လို့ ထင်နေခြင်းဟာ ပြဿနာပါပဲ”တဲ့။ တစ်နှစ်ရဲ့ တန်ဖိုးကို သိချင်ရင် စာမေးပွဲနောက်ဆုံးနှစ်ကို ကျရှုံးခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ကို မေးမြန်းကြည့်ပါ။ တစ်လရဲ့ တန်ဖိုးကိုသိချင်ရင် ချစ်ရသူနဲ့ ခွဲနေနေရတဲ့သူကို မေးကြည့်ပါ။ တစ်ပတ်ရဲ့ တန်ဖိုးကို သိချင်ရင် အွန်လိုင်းမဂ္ဂဇင်းအယ်ဒီတာတစ်ယောက်ကို မေးမြန်းကြည့်ပါ။ တစ်နာရီရဲ့ တန်ဖိုးကို သိချင်ရင်တော့ အင်တာဗျူးဖြေဆိုဖို့ နောက်ကျခဲ့တဲ့သူကို မေးကြည့်ပါ။ တစ်မိနစ်ရဲ့ တန်ဖိုးကို သိချင်ရင်တော့ ဘတ်စ်ကား၊ လေယာဉ်၊ ရထားနောက်ကျခဲ့တဲ့သူကို မေးမြန်းကြည့်ပါ။ တစ်ခဏတာလေးရဲ့ တန်ဖိုးကို သိရှိချင်ရင်တော့ အိုလံပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရရှိခဲ့တဲ့သူကို မေးမြန်းကြည့်ပါ။ ရွှေတံဆိပ်ဆုကို လက်လွှတ်ခဲ့ရတယ်မလား။

ဘဝရဲ့ အောင်မြင်မှုတွေ၊ ဆန္ဒပြည့်ဝမှုတွေ၊ ပျော်ရွှင်မှုတွေကို လျင်မြန်စွာ ရရှိစေနိုင်မယ့်အကျင့်တစ်ခုဟာ အိပ်ရာစောစောထခြင်းပါပဲ။ ကြိုးစားထကြည့်ပါ။ ချက်ချင်းကြီး မနက်ငါးနာရီ ခြောက်နာရီအတွင်း ထဖို့ မလိုအပ်ပါဘူး။ ထနေကျအချိန်ထက် (၁၅) မိနစ်လေးပဲ စောစောထကြည့်လိုက်ပါ။ ထူးခြားမှုတွေကို တွေ့ရှိလာပါလိမ့်မယ်။

အိပ်ရာစောစောထကြည့်ပြီး ရရှိလာတဲ့ အကျိုးကျေးဇူးလေးတွေကို မျှဝေပေးသွားပါဦးနော်။