ညအိပ်ရင်း ဝိတ်ချကြမယ်။

blank

ညဘက် အိပ်စက်စဉ်မှာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ဟာ ကယ်လိုရီပမာဏ ၃ဝဝ မှ ၄ဝဝ အတွင်း လောင်ကျွမ်းနိုင်ပါတယ်။ ဒီပမာဏဟာ ကျွန်မတို့ တစ်နာရီဆက်တိုက်ပြေးမှ လောင်ကျွမ်းနိုင်တဲ့ ကယ်လိုရီပမာဏနဲ့ အတူတူပါပဲ။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းတစ်ခုဟာ ကိုယ်ကာယလေ့ကျင့်ခန်းတွေလိုပဲ ကိုယ်အလေးချိန်လျော့ကျစေနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုထားပါတယ်။ အိပ်ရင်းနဲ့ ဝိတ်ကျချင်တဲ့သူတွေအတွက် အိပ်နေစဉ်မှာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုတွေ တိုးမြှင့်ပေးနိုင်မယ့် အလေ့အကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အခန်းအပူချိန်ကို အေးမြအောင် ထားပါ။

ညဘက်မှာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုနှုန်း မြှင့်တက်စေနိုင်ဖို့ အိပ်ခန်းအပူချိန်ကို ၁၈°C မှာထားဖို့လိုအပ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပြုထားကြပါတယ်။ အေးမြနေတဲ့အခန်းတွင်းမှာ အိပ်စက်တဲ့အခါ အပူချိန်မျှတစေဖို့အတွက် ခန္ဓာကိုယ်မှ ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းပေးရပါတယ်။ ဒါကြောင့် မနက်ခင်းပိုင်းမှာဆိုရင် ကိုယ့်ကိုယ်ကိုယ် ပိုပိန်နေသလို ထင်ရတာပေါ့။

၂။ စပျစ်အချိုရည်အနည်းငယ်သောက်ပါ။

စပျစ်အချိုရည်မှာ ပါဝင်တဲ့ ရက်စ်ဗာရယ်ထရော (Resveratrol) လို့ခေါ်တဲ့ ဒြပ်ပေါင်းဟာ ကယ်လိုရီတွေကို လောင်ကျွမ်းနိုင်စေအောင် ကူညီပေးပါတယ်။ အိပ်ရာမဝင်ခင် စပျစ်အချိုရည်တစ်ခွက်သောက်ခြင်းဟာ မလိုလားအပ်တဲ့အဆီတွေကို ခန္ဓာကိုယ်ထဲမှာ သိုလှောင်မထားဘဲ စွန့်ထုတ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ ညဘက်မှာ သကြားပါဝင်တဲ့ အချိုရည်တွေအစား လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေပဲ သောက်သုံးပေးပါ။

၃။ မနက်အိပ်ရာထချိန်နဲ့ ညအိပ်ရာဝင်ချိန်ကို အမြဲတမ်း တသမတ်တည်း ထားရှိပါ။

လေ့လာတွေ့ရှိချက်တွေအရ အိပ်ချိန်ပုံမှန်မရှိခြင်းဟာ ကိုယ်အလေးချိန်ကို တိုးလာစေတယ်လို့ ဆိုပါတယ်။ ကျွန်မတို့ကို အိပ်ချင်စေတာဟာ မယ်လာတိုနင် (melatonin) လို့ခေါ်တဲ့ ဟော်မုန်းပါ။ မယ်လာတိုနင်ဟာ ကယ်လိုရီတွေကို လောင်ကျွမ်းအောင်ကူညီပေးတဲ့ beige fat ဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ်။ အိပ်ချိန်ပုံမှန်မရှိခြင်းက မယ်လာတိုနင်ထုတ်လုပ်မှုကို နှောင့်ယှက်နိုင်ပြီးတော့ ကောင်းကောင်းအိပ်စက်မရအောင် ဖြစ်စေပါလိမ့်မယ်။ ဒါ့အပြင် မနက်ခင်းမှာ ပင်ပန်းနေသလို ခံစားရစေပြီးတော့ ညဘက်မှာ ကယ်လိုရီမြင့်မားတဲ့ အစားအစာတွေကို ပိုမိုစားသုံးမိစေပါလိမ့်မယ်။ ဒါကြောင့် နေ့စဉ်နေ့တိုင်းမှာ အိပ်ရာထချိန်၊ အိပ်ရာဝင်ချိန် တသမတ်တည်း ဖြစ်နေအောင် ကြိုးစားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ညအိပ်တဲ့အခါ ဖုန်း၊ tablet တွေကို ဝေးဝေးမှာ ထားလိုက်ပါ။

ဖုန်း၊ လက်ပ်တော့ပ်တွေဆီက ထွက်ရှိလာတဲ့ အလင်းရောင်တွေဟာ မယ်လာတိုနင် (melatonin) ထုတ်လုပ်မှုကို နှောင့်နှေးစေနိုင်ပြီး အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ညဖက်မှာ ဖုန်းအသုံးပြုခြင်းက အိပ်စက်ဖို့ ခက်ခဲစေနိုင်ပြီး မနက်ထတဲ့အခါမှာ နွမ်းနယ်သလို ခံစားရစေပါလိမ့်မယ်။ ဒါကြောင့် ညမအိပ်ခင် နှစ်နာရီအလိုမှာကတည်းက ဖုန်းတွေကို ဝေးဝေးမှာထားလိုက်ပါ။ Tablet တွေအစား ရိုးရိုးစာအုပ်ဖတ်ကြည့်ပါ။ သိပ်မကြာခင်မှာပဲ မယ်လာတိုနင်က ကိုယ့်ကို အိပ်ချင်လာစေတာကို တွေ့မှာပါ။

၅။ ပရိုတင်းပါဝင်တဲ့ သရေစာဆောင်ထားပါ။

ကိုယ်ကသာ ပုံစံမှန်အောင် စားသောက်တတ်မယ်ဆိုရင် ညဘက်သရေစာစားခြင်းဟာ ဘာမှမှားယွင်းမနေပါဘူး။ ဂရိဒိန်ချဉ်၊ မလိုင်ထုတ်ပြီးသား အဆီလျော့နည်းတဲ့ ဒိန်ခဲ၊ မြေပဲထောပတ်လိုမျိုး ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေစားပါ။ ဒီအစားအစာတွေဟာ ကိုယ့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုနှုန်းကို တိုးမြင့်စေနိုင်သလို ကြွက်သားတွေကိုလည်း သန်မာအောင် ကူညီပေးနိုင်ပါလိမ့်မယ်။

၆။ ကိုယ်ခန္ဓာကို သန်မာစေမယ့် ကျန်းမာရေးလေ့ကျင့်ခန်းတွေလုပ်ပါ။

အိပ်ရာမဝင်ခင် ကျန်းမာရေးလေ့ကျင့်ခန်းတွေလုပ်ခြင်းကတော့ စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပြီး ဇီဝဖြစ်ပျက်မှုတွေကို တိုးမြင့်ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းပါ။ ရေကူးခြင်း၊ အလေးမခြင်းတွေဟာ ညဘက်မှာ အိပ်ပျော်စေနိုင်မယ့် အကောင်းဆုံးကျန်းမာရေးလေ့ကျင့်ခန်းတွေပါပဲ။ ဒီလေ့ကျင့်ခန်းလေးတွေဟာ ကိုယ့်ကို အရမ်းကြီး မပင်ပန်းစေပေမယ့် ကယ်လိုရီတွေကိုတော့ အကောင်းဆုံးလောင်ကျွမ်းစေနိုင်ပါတယ်။ ဒါ့အပြင် အိပ်ပျော်သွားပြီးရင်တောင်မှ ကယ်လိုရီတွေကို ဆက်လက်လောင်ကျွမ်းနေစေမှာဆိုတော့ အိပ်ရင်း ဝိတ်ကျချင်တဲ့သူတွေအတွက် အမိုက်စားနည်းလမ်းလေးပဲပေါ့။

၇။ ဆေးဖက်ဝင် လက်ဖက်ရည်ကြမ်းသောက်ပါ။

ညဘက်မှာ လက်ဖက်ရည်ကြမ်းသောက်ခြင်းဟာ ကိုယ်အလေးချိန်တွေကို လျော့ကျစေနိုင်ပါတယ်။ သဘာဝဆေးဖက်ဝင် လက်ဖက်ရည်ကြမ်းတွေဟာ ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုပေးနိုင်ပါတယ်။ သစ်ကြမ်းပိုးခေါက်လက်ဖက်ရည်ကြမ်းဟာ ရောင်ရမ်းတာတွေကို သက်သာစေပြီး အော့အန်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ ငရုတ်ကောင်းလက်ဖက်ရည်ကြမ်းကတော့ အစာစားချင်စိတ်ကို လျော့နည်းစေပြီး သရေစာစားချင်စိတ်မဖြစ်စေပါဘူးတဲ့။

ဒီနည်းလမ်းလေးတွေကို လိုက်နာခြင်းက ကိုယ့်ကို သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးပိုင်ဆိုင်နိုင်စေမှာဆိုပေမယ့် နေ့ခင်းဘက်မှာလည်း လေ့ကျင့်ခန်းကောင်းကောင်းလုပ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အစားအသောက်တွေပဲ စားသောက်ပေးဖို့တော့ လိုအပ်ပါတယ်နော်။

ဝိတ်ကျချင်တယ်ပြောပြီး အပျင်းကြီးနေတဲ့သူငယ်ချင်းလေးတွေအတွက် ဒီစာစောင်လေးကို မျှဝေပေးသွားပါဦးနော်။