သင်ပြုသည့်ကံ ပဲ့တင်သံ၊ သင့်ထံပြန်လာမည်

blank

စာချစ်သူတို့ရေ

တစ်ခါက မြို့တစ်မြို့မှာ လူကြီးတစ်ယောက်က သူ့ဇနီးနဲ့အတူ နေထိုင်ကြတယ်။ အဲ့ဒီလူကြီးက စိတ်ဓာတ်မကောင်းတဲ့အပြင် သူ့ဇနီးကို အမြဲလိုလို ရိုက်လေ့ရှိတယ်။ တစ်နေ့မှာတော့ သူ့ရဲ ဇနီးသည်ဟာ ပြင်းထန်တဲ့ရိုက်ချက်တွေကြောင့် လက်လွန်ပြီး သေဆုံးသွားတော့တယ်။ အဲ့ဒီလူကြီးဟာ ဇနီးသည် သေသွားမှပဲ နောက်ဆက်တွဲဖြေရှင်းရမယ့် အရာတွေကို တွေးပြီး တုန်လှုပ် ခြောက်ခြားလာတော့တယ်။

သူ့ဇနီးသည်ကို သူသတ်တယ်ဆိုတာကို ဆွေမျိုးအသိုင်းအဝိုင်းက သိသွားရင် သူ့ကိုထောင်ချမယ်ဆိုတာကို တွေးတွေးပြီး ထိုင်မရထမရနဲ့ တုန်လှုပ်နေတော့တာပေါ့။ ကြံရာမရတဲ့နောက်ဆုံးမှာ သူက အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ကို ဖြစ်ကြောင်းကုန်စင်ကို ရင်ဖွင့်ပြီး  အဲ့ဒီပြဿနာဖြေရှင်းရမယ့် နည်းလမ်းကို အကြံဉာဏ်တောင်းတော့တယ်။

သူငယ်ချင်းဖြစ်သူကလည်း ရဲကိုတိုင်ဖို့ ဒါမှမဟုတ် ရဲစခန်းကို သွားပြီး ဖြစ်ကြောင်းကုန်စင်ကို ဖွင့်ဟထားဖို့ အကြံပေးမယ့်အစား ပိုဆိုးဝါးတဲ့ အကြံတစ်ခုကိုပေးခဲ့တယ်။ အဲ့တာကတော့…

“မင်း လူငယ်လေးတစ်ယောက်ကို အိမ်ကို အလည်ခေါ်ပြီး သူ့ကိုပါသတ်ပစ်လိုက်၊ ပြီးရင် သူ့ခေါင်းကို မင်းဇနီးရဲ့အလောင်းဘေးမှာ သွားထားထားလိုက်။ မင်းအိမ်ပြန်လာတော့ အိပ်ရာပေါ်မှာ သူတို့နှစ်ယောက် ပလူးနေတာတွေ့တာနဲ့ စိတ်မထိန်းနိုင်ဘဲ သတ်မိလိုက်တယ်လို့ မင်းမိန်းမရဲ့ အမျိုးတွေကို ရှင်းပြလိုက်ပေါ့ကွာ..” ဆိုတဲ့ တရားနည်းလမ်းမကျတဲ့ အကြံတစ်ခုပါပဲ။

၎င်းအကြံအစည်ကို သဘောကျပြီး အဲ့ဒီလူကြီးလည်း အိမ်ပြန်လာခဲ့တယ်။ ညနေမှောင်ရိပ်ပျိုးချိန်မှာ သူ့အိမ်ဘေးဖြတ်လျှောက်သွားတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက်ကို တွေ့တာနဲ့ ၄င်းအကြံအတိုင်း အိမ်ထဲကို ဇွတ်အတင်း အိမ်အလည်ခေါ်ခဲ့တယ်။ လူငယ်လည်း အားနာနာနဲ့ အိမ်ထဲ ဝင်လည်ခဲ့လိုက်တယ်။ အဲ့ဒီနောက် လူငယ်သောက်မယ့် ကော်ဖီထဲ အဆိပ်ခတ်ပြီး သတ်လိုက်တယ်။ နောက်ပြီး အိမ်ထဲမှာ ဝှက်ထားတဲ့ သူ့ဇနီးရဲ့ အလောင်းကို အိပ်ရာပေါ်တင်လိုက်တယ်။ နောက်ထပ် လူငယ်ရဲ့ခေါင်းကို ဖြတ်ပြီး သူ့ဇနီးရဲ့အလောင်းဘေးနားမှာ အတူတူတင်ထားလိုက်တယ်။

ပြီးတော့ သူ့ဇနီးရဲ့အမျိုးတွေကို ချက်ချင်းဖုန်းဆက်ခေါ်လိုက်ပြီး ဒီလူသတ်မှုကို ဖုံးကွယ်ဖို့အတွက် ဇာတ်လမ်းဆင်ပြောခဲ့တယ်။ သူ့အမျိုးတွေလည်း သူပြောပြတဲ့ ဇာတ်ကြောင်းကို နားထောင်ပြီး သူ့ကို အပြစ်တင်ဖို့မတတ်နိုင်တော့ဘဲ ပြန်သွားခဲ့တယ်။ သူမအမျိုးတွေ အိမ်ပြန်သွားပေမယ့် အဲ့ဒီအကြံအစည်ကို ပေးခဲ့တဲ့ သူ့သူငယ်ချင်းရဲ့ သားအငယ်ဆုံးကတော့ မနေ့ညကတည်းက အိမ်ကို ပြန်ရောက်မလာတော့ပါဘူး။ ဒါကြောင့် အဖေဖြစ်သူက သူ့သားအတွက် အရမ်းကို စိုးရိမ်သောကဖြစ်နေတော့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲ့ဒီအချိန်မှာ သူ့သူငယ်ချင်းဆီ အဲ့ဒီလူကြီးက အပြေးသွားပြီး

“မင်းပေးတဲ့အကြံအတိုင်း ငါလုပ်လိုက်ပြီးပြီ။ သူ့အမျိုးတွေလည်း ယုံသွားတယ်။ ငါ့ကို ဒုက္ခတွေက ကယ်ပေးတဲ့အတွက် မင်းကိုကျေးဇူးအရမ်းတင်တယ်.. သူငယ်ချင်းရာ” ဆိုပြီး ဝမ်းသာအားရ လာပြောတယ်။ နောက်ပြီး သူ့ဖုန်းနဲ့ရိုက်ထားတဲ့ သူသတ်လိုက်တဲ့ လူငယ်လေးရဲ့ဓာတ်ပုံကို ထုတ်ပြလိုက်တယ်။

အဲ့ဒီပုံကို မြင်မြင်ချင်း သူ့သူငယ်ချင်းလည်း မျက်ရည်မဆည်နိုင် ပြိုလဲကျပြီး သူ့သား အသတ်ခံရမှန်း သိသွားတယ်။ တကယ်တော့ သူ့ရဲ့တရားနည်းလမ်းမကျတဲ့ ယုတ်မာတဲ့ အကြံဥာဏ်တွေက သူ့သား သေဆုံးဖို့အတွက်ပဲ ဖြစ်လာခဲ့တယ်။

ဒါကြောင့် သူများကို ဒုက္ခရောက်အောင် ကြံစည်ရင် ကိုယ်လည်း ၄င်းနည်းတူ ဒုက္ခမျိုးနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ‘သင်ပြုသည့်ကံ ပဲ့တင်သံ၊ သင့်ထံပြန်လာမည်’ ဆိုတဲ့ စကားပုံလေးလိုပဲ ကိုယ်ပြုမှုလိုက်တဲ့ ကိစ္စတိုင်းရဲ့ အကောင်းအဆိုး အကျိုးဆက်တွေက ကိုယ့်ဆီကို တစ်နည်းနည်းနဲ့ ပြန်ရောက်လာတတ်စမြဲပါ။ ဒါကြောင့် လူသားတိုင်းအပေါ် အကောင်းဆုံးစိတ်ထားပြီး အရိုးရှင်းဆုံး ပြုမှုဆက်ဆံဖို့ လိုပါတယ်။

ဒီစာစောင်လေးကိုဖတ်ပြီး တစ်ခုခုခံစားရတယ်ဆိုရင် ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။