ဖောက်ပြန်တယ်ဆိုတာ နောက်တစ်ယောက်တွဲမှလား။

blank

မနက် ၅ နာရီခွဲမှာ နှိုးစက်ကိုပိတ်၊ မျက်လုံးကို ဖွင့်ပြီးတော့ စိတ်ကိုစပြီး အလုပ်လုပ်ရတော့တယ်။ အစည်းအဝေးတွေ၊ လုပ်ငန်းအချိန်ဇယားတွေ ပရောဂျက်ပိတ်ရက်တွေကိုအကြောင်းတွေးပြီး တစ်နေကုန်အစီအစဉ်တွေ စဆွဲရတော့တယ်။

သင့်ဖုန်း screen ကို ပွတ်နေရင်း အိပ်တစ်ဝက်နှိုးတစ်ဝက်နဲ့ ချစ်သူဆီကို “ ဂွတ်မောနင်း ချစ်ဆုံးရေ… သာယာတဲ့နေ့လေးဖြစ်ပါစေနော်” ဆိုတဲ့ message လေးကို ပို့ထားလိုက်တယ်။

အဲ့ဒီ မက်ဆေ့ဂ်ျလေးဟာ သင်အိပ်ယာက ထထချင်း သူမကို သတိရသွားတယ်ဆိုတာကို ပြသဖို့၊ သင်ဘယ်လောက်ပဲ အလုပ်တွေများများ ချစ်သူအတွက်အချိန်အမြဲတမ်းရှိတယ်ဆိုတာကို ပြသဖို့လို့ သင်ယုံကြည်သွားတယ်။ တကယ်ကော ကျွန်မတို့တွေ အဲ့ဒီလိုလုပ်ဖြစ်ကြရဲ့လား။

အဲ့ဒီအစား နှိုးစက်ကိုပိတ် ဖေ့ဆ်ဘုတ် ဒါမှမဟုတ် instagram တို့ကို ဝင်ပြီး အခြားလူတွေရဲ့ ဘဝတွေမှာ ဘာတွေဖြစ်နေလဲဆိုတာကို ဝင်ကြည့်လိမ့်မယ်။ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ့်ကိုချစ်ရတဲ့သူတွေကိုတော့ သွားရင်းလာရင်း စာတိုလေးတစ်စောင် ပို့ထားလိုက်ရင် ရပါတယ်လို့ သဘောပိုက်ထားလိုက်တော့တယ်။

ယနေ့ခေတ်မှာ Relationship တွေက ပန်းတိုင်တွေမဲ့လာကြတယ်။ တစ်ယောက်ကိုတစ်ယောက် ဒိတ်လုပ်ကြပေမယ့် အနာဂတ်အစီအစဉ်တွေ ပျောက်နေတတ်ကြတယ်။ တစ်ခါတလေ လည်မယ်၊ ပတ်မယ်၊ အထိအတွေ့တွေမှာ သာယာမယ်၊ အဲ့တာလောက်နဲ့ပဲ ဘဝကိုကျေနပ်နေတတ်ကြတယ်။

အချစ်ရေးတစ်ခုတည်ဆောက်ဖို့အတွက် အခြေခံအကျဆုံးသဘောတရားတွေကို မတည်ဆောက်မိဘဲ ဖြစ်နေတတ်ကြတယ်။ Relationships တစ်ခုအောင်မြင်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက်နားလည်ဖို့၊ အချိန်ပေးပြီး ပြောဆိုဆက်သွယ်ဖို့လိုပါတယ်။ ဒါပေမဲ့ ကျွန်မတို့က  ချစ်သူနဲ့ ညစာစားနေတုန်း စားပွဲပေါ်က ဖုန်းတွေကို မဖယ်နိုင်ကြဘူး။ မက်ဆေ့ဂ်ျတွေပို့ရင်း ရန်ဖြစ်ငြင်းခုန်နေတတ်ကြတယ်။ အချစ်ရေးရဲ့ အခြေအနေအရပ်ရပ်ကို ဖေ့စ်ဘုတ်ပေါ်ကို မှတ်တမ်းတင်နေတတ်ကြတယ်။

အချစ်ရေးမှာ သစ္စာဖောက်တယ်ဆိုတာက အခြားတစ်ယောက်နဲ့ တွဲတာ၊ အခြားတစ်ယောက်နဲ့ ပရောပရည်ပြုတာမျိုးတွေကိုမှ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ထက် အခြားအရာတစ်ခုကို ပိုပြီးတန်ဖိုးထားနေတာ၊ အချိန်ပေးနေတာ၊ ဂရုစိုက်နေတာကလည်း သစ္စာဖောက်နည်းတစ်မျိုးပါပဲ။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုတွေ ပြိုကွဲစေတဲ့ ဖေ့ဆ်ဘုတ် status တွေကို share တာ၊ ချစ်သူကို စောင်းမြောင်းပြီး status တွေတင်တာကလည်း အချစ်ရေးကို ထိခိုက်စေပါတယ်။

ဆက်သွယ်မှုတွေ၊ ဂရုစိုက်မှုတွေ၊ ကြင်နာမှုတွေ ကြဲပါးလာတာဟာ အချစ်ရေးကို ပါးလျလာစေပါတယ်။ နှလုံးသားတစ်ခုလုံးပုံအပ်ထားတဲ့သူဆီက အာရုံစူးစိုက်မှုတွေ ရချင်လို့ မောပန်းနေရတယ်၊ ဖေ့စ်ဘုတ်မှာ သူ့ပုံတွေကို like and comment လုပ်ရင်း လွမ်းဆွတ်နေရတယ်ဆိုရင် အချစ်ရေးက ဘယ်လို ရေရှည်တည်တံ့ပါ့မလဲ။

ချစ်သူကို သိပ်လှတယ်ဆိုတာကိုပြောဖို့ အချစ်တစ်မိနစ်လောက်၊ ချစ်သူနဲ့အကြည့်ချင်းဆုံဖို့ အချိန်နာရီဝက်လောက်၊ ဝေးနေတယ်ဆိုရင်တောင် စကားစမြည်ပြောဖို့ အချိန်နည်းနည်းလောက် ပေးကြည့်ပါ။ ခေတ်ဟောင်းက အချစ်နိယာမတွေကို သုံးကြည့်ပါ။

ပန်းလေးတစ်ပွင့်၊ ချစ်သဝဏ်လွှာလေးတစ်စောင်ဟာ အချစ်ရေးမှာ ဘယ်လောက် အသုံးဝင်လဲဆိုတာ စမ်းကြည့်ပါ။ တစ်ယောက်ကိုတစ်ယောက်အချိန်ပေးလိုက်တဲ့အခါ အချစ်ရေးဟာ ဘယ်လောက်ထိပြောင်းလဲသွားလဲဆိုတာကို တွေ့ပါလိမ့်မယ်။