မိန်းမသားတစ်ယောက်အနေနဲ့ အချစ်ကြောင့် ကိုယ့်ကိုယ်ကို မနှိမ့်ချလိုက်ပါနဲ့

blank
မိန်းမသားတစ်ယောက်အနေနဲ့…

နူးညံ့မှုတွေနဲ့ ထိုက်တန်တယ်။ လက်ကို မြဲမြဲဆုပ်ကိုင်ပြီး စိတ်ခွန်အားတွေပေးမယ့် လက်တစ်စုံနဲ့ ထိုက်တန်တယ်။ အမှိုက်တစ်စလို ချောင်ထိုးခံထားရဖို့ထက် ရတနာသိုက်လို တန်ဖိုးထားခံရဖို့ ထိုက်တန်တယ်။ မိန်းမသားတစ်ယောက် ဖြစ်နေတဲ့အတွက် တန်းတူအခွင့်အရေးရထိုက်သလို ထူးချွန်ပြီး တန်ဖိုးရှိတဲ့အမျိုးသမီးတစ်ယောက်အဖြစ် ပတ်ဝန်းကျင်မှာ တင့်တယ်နိုင်တယ်။

မိန်းမသားတစ်ယောက်အနေနဲ့…

ကိုယ့်အတွက် အမြဲအဆင်သင့်ရှိနေပေးမယ့် အမျိုးသားကို ပိုင်ဆိုင်ထိုက်တယ်။ ရည်မှန်းချက်ပန်းတိုင်ကို အရယူဖို့ ကူညီပေးနိုင်မယ့် အမျိုးသားကို ပိုင်ဆိုင်ထိုက်တယ်။ ကိုယ့်ဘဝကို မဖျက်ဆီးပဲ ခိုင်မာသည်ထက်ခိုင်မာအောင် တည်ဆောက်ပေးမဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ထိုက်တယ်။

မိန်းမသားတစ်ယောက်အနေနဲ့…

အချစ်ကို ခံစားထိုက်တယ်။ သနားကြင်နာမှု၊ ဂရုစိုက်မှုတွေကို ခံယူထိုက်တယ်။ ချစ်ခင်မှုအပြည့်နဲ့ကြည့်မယ့် မျက်ဝန်းတွေ၊ ဆက်နွယ်ဖို့ ကြိုးစားနေတဲ့ နှလုံးသားတွေကို လက်ခံထိုက်တယ်။

မိန်းမသားတစ်ယောက်အနေနဲ့…

တန်ဖိုးထားခံရထိုက်တယ်။ သထိထားခံရထိုက်တယ်။ အသိအမှတ်ပြုထိုက်တယ်၊ လေးစားခံထိုက်တယ်၊ သဘောမတူလို့ ငြင်းဆိုချင်တယ်ဆိုရင်တောင် ငြင်းပိုင်ခွင့်ရှိတယ်။

မိန်းမသားတစ်ယောက်အနေနဲ့…

လောကကြီးကို ချစ်ခြင်းမေတ္တာတွေ၊ ခွန်အားတွေ၊ ဂရုစိုက်ကြင်နာမှုတွေ ပေးခွင့်ရှိတယ်။ ကိုယ့်နှလုံးသားအတွင်းပိုင်းက စိတ်ဆန္ဒတွေကို နားလည်ပေးနိုင်တဲ့သူကို ပိုင်ဆိုင်ထိုက်တယ်။ သူ့ရဲ့ အတ္တအတွက် ကိုယ့်ကိုမပြောင်းလဲစေဘဲ ကိုယ့်ဘဝအရှိအတိုင်း လက်တွဲနိုင်တဲ့ လက်တွဲဖော်မျိုးကို ပိုင်ဆိုင်ထိုက်တယ်။

မိန်းမသားတစ်ယောက်အနေနဲ့…

ကိုယ့်တန်ဖိုးကို မမြင်နိုင်တဲ့ယောက်ျားတစ်ယောက်အတွက် ကိုယ့်ကိုယ်ကို ဘယ်တော့မှ အောက်ကျို့မခံပါနဲ့၊ ကိုယ့်ကိုယ်ကို မဖျက်စီးပါနဲ့။ အချစ်ဆိုတာ အင်မတန်မှ အဖိုးတန်တဲ့အရာပါ။ အချစ်ကို တဏှာရာဂနဲ့ မရောလိုက်ပါနဲ့။ အချစ်စစ်နဲ့ချစ်တယ်ဆိုရင် ဖြူစင်စွာ တန်ဖိုးထားလိမ့်မယ်။

အချစ်မှာ တစ်ကိုယ်ကောင်းဆန်တဲ့ ရယူခြင်းတွေ လုံးဝမရှိပါဘူး။ တကယ်ချစ်တယ်ဆိုရင် ဘယ်ယောက်ျားကမှ မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကို ချနင်းမပစ်ရက်ပါဘူး။ တကယ်ချစ်တယ်ဆိုရင် ဘယ်ယောက်ျားကမှ မိန်းကလေးတစ်ယောက်ကို မလေးစားတာ၊ ဥပေက္ခာပြုတာ၊ စိတ်မလုံခြုံမှုပေးတာတွေ မလုပ်ပါဘူး။

မိန်းမသားတစ်ယောက်အနေနဲ့…

ယောက်ျားတစ်ယောက်အတွက်နဲ့ ကိုယ့်ကိုယ်ကို နိမ့်ကျတဲ့နေရာအရောက်မခံသင့်ဘူး။ မိန်းမတစ်ယောက်ဖြစ်နေခြင်းကြောင့် နှိမ့်ချဆက်ဆံခံစရာလည်းမလိုဘူး၊ အောက်ကျနောက်ကျခံစရာလည်း မလိုဘူး။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ထိပါးစော်ကားခံစရာ မလိုပါဘူး။

သေချာနားထောင်ပါ။ အချစ်ဆိုတာ သင်ခန်းစာမဟုတ်ဘူး။ အချစ်ဆိုတာ တစ်စုံတစ်ယောက်ကြောင့် ကိုယ့်ကိုယ်ကို ပြောင်းလဲခြင်းမဟုတ်ဘူး။ အချစ်ဆိုတာ ခံစားချက်တွေကို မြေမြှုပ်ပစ်လိုက်ခြင်းမဟုတ်ဘူး။ အချစ်မှာ အနိုင်ရလိုမှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ၊ ဈေးတွက်တွက်တာတွေ မပါဘူး။ တစ်ယောက်က အသာရဖို့ တစ်ယောက်ကို နင်းချတာတွေ မရှိဘူး။

အချစ်ဆိုတာ ထိုက်တန်တဲ့သူရဲ့ လက်ကိုတွဲပြီး လောကမှာ ရပ်တည်နိုင်ခြင်းပါ။ အချစ်ဆိုတာ ခွန်အားနဲ့ စိတ်ဆန္ဒတွေပါ။ အချစ်ဆိုတာ သွေးမတော်သားမစပ်တဲ့ သူစိမ်းတစ်ယောက်အပေါ်ကို ယုံကြည်တဲ့စိတ်နဲ့ ရှုမြင်ခြင်းဖြစ်ပါတယ်။ အချစ်ဆိုတာ တကယ်ဂရုတစိုက် ထိန်းသိမ်းနိုင်မယ့်သူကို နှလုံးသားတစ်ခုလုံး ပုံအပ်လိုက်ခြင်းဖြစ်ပါတယ်။

မိန်းမသားတစ်ယောက်အနေနဲ့…

ကိုယ့်ကို အရည်အချင်းကို အသိအမှတ်မပြုနိုင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ ဘဝလင်းစေဖို့ ကိုယ့်ကိုယ်ကို လောင်ကျွမ်းပစ်စရာ မလိုပါဘူး။ လက်တွဲဖော်အဖြစ် ရွေးချယ်ထားတဲ့ ယောက်ျားကက ကိုယ့်ထက်နိမ့်ကျနေလို့ သူ့ကို အသာစီးပေးတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချပစ်ဖို့ မလိုပါဘူး။ ကိုယ်မြင့်သလောက် သူပါလိုက်မြင့်နိုင်အောင် ဆွဲခေါ်လိုက်ပါ။

မိန်းမသားတစ်ယောက်အနေနဲ့…

ယောက်ျားတစ်ယောက်ကြောင့် နာကျင်ခံစားနေရတာ၊ ဘဝတက်လမ်းတွေကို စတေးပစ်ရတာ၊ မျှော်လင့်ချက်တွေကို မျိုသိပ်ထားလိုက်ရတာ၊ ပြောချင်တဲ့စကားတွေကို ရေငုံနှုတ်ပိတ်နေလိုက်ရတာတွေကို “အချစ်” လို့ ခေါင်းစဉ်မတပ်သင့်ဘူး။ ဘယ်ယောက်ျားအတွက်ကြောင့်မှ ကိုယ့်ကိုယ်ကို မနိမ့်ကျပါစေနဲ့။

ဘာလို့လဲဆိုတော့ သင်ရော… ကျွန်မရော မိန်းမသားဖြစ်နေလို့၊ ပြီးတော့ သာတူညီမျှတဲ့အခွင့်အရေး ရထားလို့ပါပဲ။

မိန်းမသားတစ်ယောက်ဆိုရင် SHARE လိုက်ပါ။