မနေ့က “အတွေ့အကြုံ” ဆိုတာ ဒီနေ့ရပ်တည်ဖို့ “ဘဝဝမ်းစာ”

blank

လူရယ်လို့ဖြစ်လာရင် အချိန်နဲ့အမျှ ပြောင်းလဲနေကြတာ သဘာဝပါပဲ။ ကျွန်မတို့တွေဟာ လောကကြီးထဲက သင်ယူစရာတွေသင်ယူရင်း ကြီးပြင်းလာကြတယ်။ အဲ့ဒီအတွေ့အကြုံတွေကပဲ ကျွန်မတို့ဘဝပုံရိပ်တွေကို ဖန်တီးထုဆစ်ပေးခဲ့ကြတယ်။

ဒါဟာ “ ဘဝ”ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်ပါပဲ။

မကြာလိုက်တဲ့နှစ်ကာလတွေအတွင်းမှာပဲ ကံကြမ္မာက ကျွန်မဘဝကို ပရိယာယ်အပြည့်နဲ့ ပြောင်းလဲချိုးကွေ့ပေးခဲ့တယ်။ ကျွန်မကိုယ်တိုင်တောင် ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ဖူးတဲ့ ဘဝအချိုး အကွေ့တွေပေါ့။ အဲ့ဒါကြောင့် ကျွန်မအများကြီးပြောင်းလဲခဲ့ရတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပြီးခဲ့သမျှအဖြစ်အပျက်တွေကို ပြန်စစ်ဆေးကြည့်တော့ ကံကြမ္မာက ကျွန်မကို အမြင့်ဆုံးအထိ ပျံဝဲနိုင်အောင် ပြုလုပ်ပေးခဲ့သလို မြေပြင်ပေါ်ဘုံးဘုံးလဲကျ ရှုံးနိမ့်အောင်လည်း ဖန်တီးခဲ့တယ်။ ကျွန်မ မျက်ရည်တွေလည်း အများကြီးကျခဲ့ရတယ်။ ဟက်ဟက်ပက်ပက်လည်း ရယ်မောခဲ့ရတယ်။ ပြီးတော့ ကျွန်မရဲ့အချိန်တွေကို စိတ်ရှုပ်စရာတွေအများကြီးနဲ့လည်း ဖြုန်းတီးပစ်ခဲ့ရသေးတယ်။

ကျွန်မအသည်းလည်း ကွဲခဲ့ဖူးပြီ။ သူငယ်ချင်းတွေလည်း ဆုံးရှုံးခဲ့ရဖူးပြီ။ ဘယ်တော့မှ မပျော် ရွှင်တတ်တော့ဘူးလို့ ထင်ရလောက်တဲ့အခြေအနေတွေအထိကို ကျွန်မဖြတ်သန်းခဲ့ရတာလေ။

သူငယ်ချင်းကောင်းတွေကိုလည်း ကျွန်မပိုင်ဆိုင်ခွင့်ရခဲ့တယ်။ ကျွန်မ အရှုံးတွေနဲ့ကြုံနေချိန်မှာ စိတ်ဓာတ်မကျအောင် ကူညီအားပေးပြီး စိတ်ဓာတ်တွေပြန်လည် ဦးမော့အောင် ဖေးမခဲ့ကြသူတွေပေါ့။ အရှုံးတွေကြားမှာ ကျွန်မ လုပ်ရမယ့်အလုပ်တွေ ဆက်လုပ်နိုင်အောင် သူတို့ဖေးမအဖော်ပြုပေးခဲ့ကြ တယ်။ ကျွန်မရယ်မောတိုင်း၊ ကျွန်မငိုကြွေးချိန်တိုင်း ကျွန်မဘေးမှာ သူတို့ အတူရှိနေပေးခဲ့ကြတယ်။

မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကြောင့် ကျွန်မလဲပြိုခဲ့ရချိန်ရှိသလို မှန်ကန်တဲ့ဆုံးဖြတ်ချက် တွေကြောင့် ပျော်ရွှင်ကျေနပ်ခဲ့ရချိန်တွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ မှားခဲ့ဖူးတာတွေအတွက်လည်း ကျွန်မကိုယ်ကျွန်မအပြစ်မတင်ပါဘူး။ အခု ကျွန်မ အမှားအယွင်းနည်းပါးစွာ နေထိုင်ရပ်တည်နိုင် တာဟာ အတိတ်တုန်းက ရခဲ့တဲ့သင်ခန်းစာတွေကြောင့်ပါ။

ဒါကြောင့် အတိတ်တုန်းက ကျွန်မကိုယ် ကျွန်မကျေးဇူးတင်ပါတယ်။

အခုတော့ ကျွန်မက ရင့်ကျက်မှုတွေနဲ့ ဘဝခရီးလမ်းကို အကောင်းဆုံးလျှောက်လှမ်းနေတဲ့ မိန်းမတစ်ယောက်ဖြစ်နေခဲ့ပြီ။ လောကဓံဆိုတာကတော့ အမြဲကြုံရတဲ့အရာမို့ အခုထိလည်း အခက် အခဲတွေကို ကြုံဆုံနေရတုန်းပါပဲ။ ဒါပေမဲ့ ကျွန်မ မကြောက်တော့ပါဘူး။ ကျွန်မမှာ လောကဓံကို ရင်ဆိုင်ဖို့ အတိတ်တုန်းကပေးခဲ့တဲ့ ဝမ်းစာတွေရှိနေပြီလေနော်။

ဆောင်းပါးလေးကို နှစ်သက်တယ်ဆိုရင် အခြားသူတွေပါ ဖတ်ရအောင် SHARE လိုက်ပါဦး။