ချစ်သူနဲ့ လမ်းခွဲပြီးနောက် ဖြစ်တတ်တဲ့ အသည်းကွဲရောဂါအဆင့် (၅) ဆင့်

blank

           ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ရင်းပြီး ချစ်ရတဲ့သူနဲ့ လမ်းခွဲပြတ်စဲခြင်းဆိုတာ တကယ်ကို စိတ်ညစ်စရာကောင်းတဲ့ ဝမ်းနည်ဖွယ်ရာ ကာလရှည်ကြီးတစ်ခုပါ။ လူတွေက အသည်းကွဲခြင်းကို နည်းပေါင်းစုံနဲ့ ခံစားတတ်ကြတယ်။ တချို့တွေက ငိုကြွေးပူဆွေးကြတယ်၊ တချို့တွေက နာကျင်ဝမ်းနည်းမှုတွေကို မေ့ပျောက်ဖို့ အလုပ်တွေကိုကြိုးစားပြီးလုပ်ကြတယ်။

ဘယ်လိုနည်းလမ်းတွေနဲ့ပဲ ကုစားပါစေ၊ တကယ်ချစ်ရတဲ့သူကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီဆိုတဲ့ သူတွေတိုင်းမှာ ကြုံတွေ့ရတဲ့ အဆင့် (၅) ဆင့်ရှိပါတယ်။

အဆင့် (၁) လက်မခံနိုင်သေးတဲ့အဆင့်

ချစ်ရသူကို တကယ်ဆုံးရှုံးလိုက်ရပြီဆိုတာကို လက်မခံနိုင်သေးတဲ့ အခိုက်အတန့်လေးပေါ့။ ပြီးတော့ ချစ်သူမရှိဘဲ ဘဝကြီးကို ဘယ်လိုရှေ့ဆက်ရမလဲဆိုပြီး တွေးပူနေတတ်တယ်။ “ပြန်ပြီး အဆင်ပြေသွားမှာပါ၊ အရင်တုန်းကလို စိတ်ဆိုးလည်း ခဏပါ” ဆိုပြီး မျှော်လင့်ချက်ရေးရေးလေးကို ဖမ်းဆုပ်ထားဆဲ အဆင့်လေးပေါ့။

အဆင့် (၂) ဒေါသထွက်တဲ့အဆင့်

ဘယ်လိုမှ ပြန်ပြီးအဆင်မပြေနိုင်ဘူးဆိုတာကို သိသွားပြီးတဲ့နောက်မှာ စွန့်ခွာသွားတဲ့ချစ်သူကို ဒေါသထွက်စပြုလာပါပြီ။ နှလုံးသားက ဒဏ်ရာပြင်းလေလေ၊ ဒေါသကြီးလေလေ ဖြစ်တတ်တယ်။ ချစ်သူကိုမှမဟုတ်ပါဘူး… လောကကြီးကိုရော၊ ကံတရားကိုရော၊ တွေ့သမျှလူတွေကိုရော မြင်မြင်ရာကို ဒေါသထွက်နေတတ်ပါတယ်။

အဆင့် (၃) တောင်းပန်တဲ့အဆင့်

ဒီအဆင့်က လူတိုင်းကြုံချင်မှ ကြုံလိမ့်မယ်။ မှားခဲ့တာတွေအတွက် တောင်းပန်ပြီး အရင်လိုပြန်ချစ်နိုင်ဖို့ တောင်းဆိုတဲ့အဆင့်ပေါ့။ ခွင့်လွှတ်ပေးဖို့နဲ့ ဒုတိယအခွင့်အရေးပေးဖို့ တောင်းဆိုတတ်ကြတယ်။ တချို့တွေက ဒုတိယအခွင့်အရေးရပြီး အဆင်ပြေသွားပေမဲ့ တချို့တွေကတော့ ဘယ်လိုမှ ပြန်ပြီးအဆင်ပြေမလာတော့ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဆင့် (၄) စိတ်ဓာတ်ကျတဲ့အဆင့်

အဆင့် (၃) မှာ အဆင်မပြေခဲ့တဲ့သူတွေ ဆက်လက်ဖြတ်ကျော်ရမယ့် ခက်ခက်ခဲခဲ အဆင့်တစ်ခုပါ။ ကာလအရှည်ဆုံးအဆင့်လို့လည်း ပြောလို့ရပါတယ်။ အအိပ်အစားမမှန်၊ ငိုလိုက်ရယ်လိုက်နဲ့ တကယ်ကို အပူသည်ရုပ်ပေါက်နေတတ်တဲ့အဆင့်ပါ။ နောက်တစ်ကြိမ် မချစ်ရဲလောက်အောင် ကြောက်စိတ်တွေလည်း ဖြစ်နေတတ်တယ်။ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေတတ်တယ်။ စိတ်မပူပါနဲ့… ဒီအဆင့်ကို လူတိုင်းနီးပါး ကျော်ဖြတ်နိုင်ကြပါတယ်။ အနှေးနဲ့အမြန်တော့ ကွာတာပေါ့။

အဆင့် (၅) လက်ခံလိုက်တဲ့အဆင့်

စိတ်ဓာတ်ကျတာတွေ၊ နာကျင်ဝမ်းနည်းတာတွေကို လွန်မြောက်ပြီးတဲ့နောက်မှာတော့ တကယ်ဆုံးရှုံးလိုက်ရပြီဆိုတဲ့အသိကို လက်ခံလိုက်ပြီ။ တစ်ယောက်တစ်လမ်းဆီဖြစ်သွားပြီဆိုတာ သိပြီးတဲ့နောက် ကိုယ့်လမ်းကိုယ်အကောင်းဆုံးလျှောက်ဖို့ လူသစ်စိတ်သစ်နဲ့ ကြိုးစားတတ်ကြပါတယ်။ အဲဒီလိုအဆင့်ကို လက်ခံလိုက်တဲ့အဆင့်လို့ ခေါ်ပါတယ်။ တချို့လူတွေက ဒီအဆင့်ကို မြန်မြန်ပဲရောက်လာတတ်တယ်။ ဒီအဆင့်ကို ရောက်လာနိုင်တဲ့သူတွေအတွက် လှပတဲ့နေ့သစ်တွေက ကြိုဆိုနေပါတယ်။

သင်ရော ဘယ်အဆင့်မှာလဲ။ Comment box မှာ ဖြေသွားခဲ့ပါဦး။