အဝတ်အစားအရောင်က ပြောနေသော သင့်စိတ်နေသဘောထား

blank

“တောင်းမှာအကွပ် လူမှာအဝတ်” ဆိုတဲ့အတိုင်း ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး လူတွေရဲ့ ထင်မြင်ချက်တွေ ပြောင်းလဲနိုင်ပါတယ်။ အလုပ် အင်တာဗျူးပဲဖြစ်ဖြစ် အရေးကြီးတဲ့ အစည်းအဝေးပဲဖြစ်ဖြစ် လူတွေနဲ့ ဆက်သွယ်ဖို့ သွားမယ်ဆိုရင် အဝတ်အစားပုံစံက အရေးပါသလို အဝတ်အစားအရောင်တွေကလည်း အရေးကြီးလှပါတယ်။

အခုတစ်လ မှာတော့ ဂန္ထဝင် မဂ္ဂဇင်းကနေ သင့် အဝတ်အစားအရောင် တွေက သင့်အပေါ် ဘယ်လို သက်ရောက်မှုတွေရှိနေတယ်ဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အနက်ရောင်

သြဇာကြီးခြင်း၊ လွှမ်းမိုးခြင်း ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်နေပါတယ်။ ဖက်ရှင်ကျတဲ့ အရောင်ဖြစ်ပြီး ဝတ်ထားတဲ့ လူကို ပိန်သယောင်ယောင် ထင်ရစေတဲ့ အတွက် ဘယ်အချိန်မှ မရိုးနိုင်တဲ့ အရောင်ပါ။

မီးခိုးရောင်

မီးခိုးရောင်ကတော့ အလုပ်အင်တာဗျူးအတွက် အကောင်းဆုံးအရောင်လို့တောင် ပြောလို့ရပါတယ်။ မီးခိုးရောင် ဝတ်ထားတဲ့ လူဟာ ရင့်ကျက်တည်ငြိမ်တဲ့ အသွင်၊ တည်ကြည်ခန့်ညားတဲ့ အသွင်ကို ပေါက်စေတတ်ပါတယ်။

အဖြူရောင်

အဖြူရောင်ကတော့ ပေါ့ပါးသွက်လက်တဲ့ အသွင်ကိုဆောင်ပြီး ဘာနဲ့ပဲ ဝတ်ဝတ်လိုက်ပါတယ်။ ဒါ့အပြင် အဖြူရောင် ဝတ်ထားခြင်းက သင့်ကို ရိုးသားဖြူစင်တဲ့ အသွင်ဆောင်ပေးမှာပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အနီရောင်

အနီရောင်က စိတ်ခံစားမှုပြင်းပြပြီး ရဲရင့် မှုတွေကို ဖော်ပြတာကြောင့် ရင်ခုန်စိတ်လှုပ်ရှားစေပါတယ်။ အချစ်နဲ့ မေတ္တာတရားတွေကို ဖော်ကြူးနေတဲ့ အရောင်လို့လဲ ပြောလို့ရပါတယ်။ ဆွဲဆောင်မှုရှိစေတဲ့ အရောင်ပါ။ ဒါပေမယ့် ဝတ်ထားသူကို ဝတယ်လို့ ထင်ရစေပါတယ်။ အရမ်းကို စူးရှတဲ့ အသွင်ကိုဆောင်နေတော့ အင်တာဗျူးတွေအတွက် သိပ်တော့ အဆင်မပြေလှပါဘူး။

အဝါရောင်

အဝါရောင် လွင်လွင်လေးက အမြင်အာရုံ ကို ဆွဲဆောင်ပါတယ်။ အဲဒီအရောင်ကနေ အမြင်တွေကို လွှဲဖယ်မသွားအောင် ဆွဲဆောင်နိုင်တာမို့ မှတ်စုတို စာရွက် တွေကို အဝါရောင်ထားတာက သင့်အတွက် အရမ်းကို အထောက်အကူပြုပါတယ်။

အစိမ်းရောင်

အစိမ်းရောင်ကတော့ သဘာဝနဲ့ အကိုက်ညီဆုံး အရောင်ဆိုတော့ မျက်စိကို ငြိမ်းအေးစေပါတယ်။အစိမ်းပုပ်ရောင်ကတော့ ဂန္ထဝင်ဆန်ပြီး ယောက်ျားပီသတဲ့ အသွင်ကိုဆောင်ပါတယ်။ ချမ်းသာကြွယ်ဝမှုကို ဖော်ပြတဲ့ အရောင်ဆိုရင်လည်း မမှားပါဘူး။

အပြာရောင်

ကောင်းကင်နဲ့ သမုဒ္ဒရာ အရောင်ကို ကိုယ်စားပြုတဲ့ အရောင်ဖြစ်တဲ့ အပြာရောင်ဟာ ငြိမ်းချမ်းမှု၊ မျှတမှုတွေရောယှက်နေတဲ့ အရောင်ပါ။ ပညာရှင်တွေကတော့ အင်တာဗျုးသွားတဲ့အခါ အပြာရောင်က အသင့်တော်ဆုံးလို့ အကြံပြုကြပါတယ်။ ငြိမ်းချမ်းမှုတွေ ကိုယ်စားပြုတဲ့ အပြာရောင်ကတော့ ခန္ဓာကိုယ်ကို ငြိမ်းအေးစေနိုင်ပါတယ်။

ခရမ်းရောင်

ခရမ်းရောင်က တော်ဝင်ဆန်မှု၊ ခမ်းနားမှုတွေကို ဖော်ပြပေမယ့် ခေတ်မှီတဲ့ အရောင်လေးပါ။ ခရမ်းရောင်က နူးညံ့သိမ်မွေ့တဲ့ အသွင်ကိုဆောင်တဲ့ ပြီး စိတ်ကူးယဉ်ဆန်တဲ့ အရောင် အဖြစ်သတ်မှတ်ကြတဲ့ အတွက် အလုပ်အင်တာဗျူးမှာ ဝတ်သွားလို့တော့ အဆင်မပြေလှပါဘူး။

အညိုရောင်

အညိုရောင်က ကမ္ဘာမြေကြီးနဲ့ တိုက်ဆိုင်တဲ့ အရောင်ဖြစ်တဲ့ အတွက် သဘာဝကျတဲ့ အရောင်လို့ ပြောလို့ရပါတယ်။ အညိုရောင်ဖျော့ဖျော့က စစ်မှန်မှုကို ဖော်ပြပါတယ်။ အလုပ်အင်တာဗျူးမှာ အညိုရောင် ဝတ်မယ်ဆိုရင်တော့ ပြောဆို ဆက်ဆံရေးတွေ ချောမွေ့လွယ်ကူသွားမှာ ဖြစ်ပါတယ်။

စာဖတ်ပရိသတ်ကြီးတို့ရော ဒီနေ့ဘာအရောင် အဝတ်အစားဝတ်ထားကြလဲ။ comment box မှာ မျှဝေခဲ့ပါဦး။