(၂ဝ၂၁ ခုနှစ် ၊ ဇန်နဝါရီလ ၂၅ ရက်နေ့ မှ ၃၁ ရက်နေ့ထိ)
မိဿရာသီဖွား
ယခုတစ်ပတ်တာ သင်လုပ်ဆောင်သမျှအရာတွေကို အကောင်းမြင်တဲ့စိတ်နဲ့ စတင်လုပ်ဆောင်သင့်ပါတယ်။ သင်လိုချင်တဲ့ အခွင့်အရေးတစ်ခုခုကို မမျှော်လင့်ဘဲ ရရှိလာတတ်ပါတယ်။ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ သင်မျှော်လင့်နေတဲ့ လူတစ်ဦးဦးဆီက အဆက်အသွယ်ရရှိလာနိုင်ပါတယ်။ အစားအစာ သတိထားပြီး စားသောက်သင့်ပါတယ်။ အလုပ်ကြောင့် စိတ်ဖိစီးမှုအနည်းငယ် ရှိနိုင်ပေမဲ့ အနားယူချိန်တွေကို မိသားစုနဲ့အတူတူဖြတ်သန်းရင် သင်စိတ်သက်သာရာ ရပါလိမ့်မယ်။
ယတြာ – နွားနို့လှူပြီး ဆုတောင်းပါ။
ပြိဿရာသီဖွား
ယခုတစ်ပတ်တာမှာ သင်လုပ်ဆောင်သမျှ အရာတွေအပေါ် စိတ်ရှည်သည်းခံစိတ်နဲ့ လုပ်ဆောင်သင့်ပါတယ်။ သင့်ကိုယ်သင် ယုံကြည်မှုနဲ့ လုပ်ဆောင်မှ ပိုအဆင်ပြေပါလိမ့်မယ်။ ငွေရေးကြေးရေးပိုင်းနဲ့ ပတ်သက်ပြီး သေချာစိစစ်သုံးစွဲသင့်ပါတယ်။ ပြီးတော့ ငွေအချေးအငှားလုပ်ဖို့အတွက် အချိန်ကောင်းမဟုတ်ပါ။ စနေနဲ့ တနင်္ဂနွေနေ့မျိုးမှာ မတော်တဆ ဘေးတစ်ခုခု ကျရောက်နိုင်တာမို့ အိမ်ထဲမှာပဲ နေထိုင်သင့်ပါတယ်။
ယတြာ – ဘုရားမှာ သပြေပန်း ကပ်လှူပါ။
မေထုန်ရာသီဖွား
ယခုတစ်ပတ်တာမှာ သင့်အနေနဲ့ သူငယ်ချင်းကောင်းတွေဆီက အကူအညီနဲ့ အကြံဉာဏ်ကောင်းများ ရရှိပါလိမ့်မယ်။ သင့်ပေါင်းသင်းဆက်ဆံရေးကြောင့် လုပ်ငန်းများပိုအဆင်ပြေပါလိမ့်မယ်။ အရေးကြီးကိစ္စများ လုပ်စရာရှိပါက ကြာသပတေးနဲ့ သောကြာနေ့များကို ရှောင်ရှားသင့်ပါတယ်။ ဘယ်သူနဲ့မဆို ငြင်းခုန်မှုများကို ရှောင်ရှားသင့်ပါတယ်။ သင်လိုချင်တာကို မရရှိခဲ့ရင်လည်း ရည်မှန်းချက်ပြည့်ဝဖို့ စိတ်အေးအေးထားသင့်ပါတယ်။
ယတြာ – ခိုစာကျွေးပါ။
ကရကဋ် ရာသီဖွား
ယခုတစ်ပတ်တာမှာ သင့်အနေနဲ့ အတွေးအခေါ်ဆန်းသစ်တာတွေ တွေးနေမိနိုင်ပါတယ်။ တနင်္လာနေ့မှာ ဘာအလုပ်ပဲ လုပ်လုပ် ၊ ဘာစကားပဲ ပြောပြော မလုပ်ခင်၊ မပြောခင်မှာ အရင်စဉ်းစားသင့်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး ကြာသပတေးနဲ့ သောကြာနေ့များမှာ စိန်ခေါ်မှု၊ ခက်ခဲမှုအနည်းငယ်နဲ့ ကြုံတွေ့ရနိုင်ပါတယ်။ သင့်ကိုယ်သင် ယုံကြည်မှုမြင့်မားနေတဲ့အချိန်မို့ ဘယ်အရာမဆို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါလိမ့်မယ်။
ယတြာ – နေအိမ်ဘုရားမှာ နို့ထမင်းကပ်လှူပါ။
သိဟ် ရာသီဖွား
ယခုတစ်ပတ်တာမှာ သင်မသိသေးတဲ့ အရာတစ်ခုခုကို လေ့လာတွေ့ရှိနိုင်ပါတယ်။ ကျန်းမာရေး ဂရုစိုက်သင့်တဲ့ ကာလဖြစ်ပါတယ်။ အလုပ်လောဘကြောင့် အစားအသောက်မမှန်တဲ့အကျင့်ကို ပြင်သင့်ပြီး တစ်ခါတလေမှာ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ အတွေးတွေကို လျှော့ချသင့်ပါတယ်။ ကြာသပတေးနဲ့ သောကြာနေ့များမှာ သင့်မသိစိတ်က ပြောတဲ့ အကြောင်းအရာများကို သေချာဆန်းစစ်ပြီးမှ အကောင်အထည်ဖော်ရင် အောင်မြင်နိုင်ပါတယ်။
ယတြာ – တနင်္လာနေ့မှာ အင်္ကျီအဖြူရောင် ဝတ်ဆင်ပါ။
ကန် ရာသီဖွား
ယခုတစ်ပတ်တာမှာ သင့်ရည်ရွယ်ချက်များကို စပြီးအကောင်အထည်ဖော်သင့်ပါတယ်။ တနင်္လာနေ့မှာ အခွင့်အရေးသစ်များ ရရှိလာနိုင်ပါတယ်။ တခြားသူများနဲ့ စကားများရတဲ့ အခြေအနေမျိုးလေးတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပြဿနာမျိုးကိုမဆို ခေါင်းမရှောင်ဘဲ ထိပ်တိုက်ဖြေရှင်းလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ပျော်ရွှင်ဖွယ်ရာ သတင်းစကား ကြားသိတတ်ရပါတယ်။
ယတြာ – စိတ်ငြိမ်းချမ်းအောင် တရားထိုင်ပါ။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
တူ ရာသီဖွား
ယခုတစ်ပတ်တာမှာ သင်လုပ်ဆောင်သမျှအရာတွေကို အကောင်းမြင်တဲ့စိတ်နဲ့ စတင်လုပ်ဆောင်သင့်ပါတယ်။ တနင်္လာနေ့မှာ သင့်အတွက် စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ ကိစ္စရပ်လေးတွေ ရှိလာနိုင်ပါတယ်။ တချို့ကိစ္စလေးတွေမှာ တစ်ကိုယ်ကောင်း ဆန်တဲ့အကျင့်ကို လျှော့ချသင့်ပါတယ်။ သင့်အလုပ်နဲ့ ပတ်သက်ပြီး အတွေးကောင်းတွေ ရှိပါက ရင်းနှီးသူများကို မျှဝေပါက အကျိုးအမြတ်ရနိုင်ပါတယ်။ တနင်္ဂနွေနေ့မှာ အစီအစဉ်ကောင်းတွေဆွဲသင့်ပါတယ်။
ယတြာ – ဘုရားသောက်တော်ရေ ကပ်လှူပေးပါ။
ဗြိစ္ဆာရာသီဖွား
ယခုတစ်ပတ်တာမှာတော့ လူမှုရေးပြဿနာလေးတွေအနည်းငယ်ရှိနိုင်တာမို့ အပြောအဆို၊ အနေအထိုင်ကအစ ဆင်ခြင်သင့်ပါတယ်။ အတွေးမတူတဲ့ အငြင်းပွားရတဲ့ကိစ္စလေးတွေ တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အတွင်း ရံဖန်ရံခါ ရှိလာနိုင်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး ပြိုင်ဖက်တွေ ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ စိတ်အေးအေးထားပြီး ကိုယ်လုပ်စရာရှိတာတွေကို လုပ်ဆောင်သွားသင့်ပါတယ်။
ယတြာ – အရေးကြီးကိစ္စရပ်များလုပ်မည့်နေ့တွင် ကြက်ဥစားခြင်းကို ရှောင်ပါ။
ဓနုရာသီဖွား
ယခုတစ်ပတ်တာမှာတော့ သင့်အနေနဲ့ လုပ်ဆောင်စရာ ကိစ္စများစွာ ရှိနေပါလိမ့်မယ်။ တနင်္လာနေ့မှာ စိတ်ဖိစီးမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ တချို့ကိစ္စရပ်တွေမှာ စိတ်အလိုကိုလိုက်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းနဲ့ ထိန်းသိမ်းသင့်ပါတယ်။ တနင်္ဂနွေလိုနေ့မျိုးမှာ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပြီး သင့်ကိုယ်သင်ဆန်းစစ်မယ်ဆိုရင် ကောင်းမွန်တဲ့အဖြေတစ်ခု ရလာနိုင်ပါတယ်။ ရင်ဖွင့်တိုင်ပင်မယ်ဆိုရင် သူစိမ်းထက် မိသားစုထဲကတစ်ဦးဦးကိုပဲ တိုင်ပင်ပြောဆိုသင့်ပါတယ်။
ယတြာ – ဒီတစ်ပတ်တာမှာ အဝါရောင်ဝတ်ဆင်ခြင်းရှောင်ပါ။
မကာရ ရာသီဖွား
ယခုတစ်ပတ်တာမှာတော့ သင့်အနေနဲ့ မိသားစုကို ပိုအရေးပေးသင့်တဲ့အချိန်ကောင်းတစ်ခုဖြစ်ပါတယ်။ မိသားစုနဲ့ တိုင်ပင်ပြောဆိုသင့်တဲ့ ကိစ္စလေးတွေရှိရင် မခြွင်းမချန်တိုင်ပင်သင့်ပါတယ်။ သင့်အလုပ်ကိစ္စတွေကို တနင်္လာနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ လုပ်ဆောင်ရင် ကောင်းမွန်တဲ့ရလဒ်ပိုရရှိနိုင်ပါတယ်။ အငြင်းပွားမှုတွေကိုတော့ ရှောင်ရှားသင့်ပါတယ်။ ကြာသပတေးနဲ့ သောကြာရက်များမှာတော့ အရင်တစ်ပတ်တာက သင့်အကြောင်း သင်ပြန်ဆန်းစစ်သင့်ပါတယ်။
ယတြာ – လမ်းဘေးခွေးလေးတွေကို အစာကျွေးလိုက်ပါ။
ကုမ် ရာသီဖွား
ယခုတစ်ပတ်တာမှာ သင့်အနေနဲ့ အကြံဉာဏ်ကောင်းများ ထွက်ပေါ်လာပါက စာအုပ်ထဲမှာ သေချာမှတ်သားထားပြီး အခွင့်အရေးရလာချိန်မှာ အကောင်အထည်ဖော်သင့်ပါတယ်။ တနင်္လာနေ့မှာ အံအားသင့်စရာကောင်းတဲ့ ကိစ္စရပ်လေးတွေ ကြုံတွေ့ကောင်း ကြုံတွေ့နိုင်ပါတယ်။ ယခုလက်ရှိလုပ်ကိုင်နေတဲ့အလုပ်အပေါ်မှာ ပျင်းရိနေတဲ့စိတ် ဖြစ်နေတတ်ပါတယ်။ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အချစ်ရေးမျိုးနဲ့ကြုံတွေ့နိုင်ပါတယ်။
ယတြာ – လမ်းသွားလမ်းလာ တစ်ဦးဦးအား ရေသန့်ဘူးလှူလိုက်ပါ။
မိန်ရာသီဖွား
ယခုတစ်ပတ်တာမှာ သင့်အနေနဲ့ နားလည်ရခက်ခဲပြီး နက်နဲတဲ့ကိစ္စရပ်မျိုးတွေ ပိုစိတ်ဝင်စားနေပါလိမ့်မယ်။ တနင်္လာနေ့မှာ သင့်အနေနဲ့ ဖြေရှင်းသင့်တဲ့ ပြဿနာအသေးအမွှား ကိစ္စရပ်လေးတွေ ပေါ်လာပါလိမ့်မယ်။ စိတ်အေးအေးထားပြီး ဖြေရှင်းသင့်ပါတယ်။ ဘယ်သူတွေ ဘယ်လိုဝေဖန်နေပါစေ…သင့်ရဲ့ ရိုးသားတဲ့စိတ်၊ ချစ်ခင်ကြင်နာတဲ့စိတ်ကို မပြောင်းလဲဘဲ လုပ်ဆောင်စရာရှိတာကို ဆက်လုပ်သင့်ပါတယ်။ ကြာသပတေးနေ့မှာ စိတ်ထိခိုက်ဖွယ် သတင်းမျိုး ကြားသိရနိုင်တာမို့ သင့်ခံစားမှုတွေကို ထိန်းချုပ်ပြီး နေသင့်ပါတယ်။
ယတြာ – အရေးကြီးကိစ္စရပ်များလုပ်မည့်နေ့တွင် သပြေပန်းခက်တစ်ခက်ကို အိတ်ထဲဆောင်သွားပါ။