မိဿရာသီဖွား ( မတ် ၂၁ – ဧပြီ ၁၉ အတွင်းမွေးဖွားသူများ)
၂ဝ၂၁ ခုနှစ်ဟာ သင့်အတွက် အပြုသဘောဆောင်တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေ တွေ့ရှိပြီး အစစအရာရာ ကံကောင်းလာပါလိမ့်မယ်။ ပေါင်းသင်းဆက်ဆံရေးမှာ ချစ်ခင်သူပေါများပြီး ကူညီချင်တဲ့သူတွေ ရှိလာနိုင်ပါတယ်။ ၂ဝ၂၁ ခုနှစ်အလယ်လောမှာ လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး စိန်ခေါ်မှု အသစ်အဆန်းများနဲ့ ကြုံတွေ့လာနိုင်ဖွယ် ရှိပါတယ်။ ဒါပေမဲ့ ၂ဝ၂၁ ခုနှစ် နှောင်းပိုင်းမှာတော့ သင့်ရည်မှန်းချက်တချို့ အကောင်အထည်ပေါ်လာနိုင်ပါတယ်။ ကြိုးစားရင်ကြိုးစားသလောက် သင့်မှာအခွင့်အရေးရှိတာမို့ ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်ဖို့ပဲ လိုပါတယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး စုမိဆောင်းမိနိုင်ဖွယ်ရှိပါတယ်။ သင့်တိုးတက်မှုအတွက် အခွင့်အလမ်းသစ်တွေ ရောက်ရှိလာနိုင်တာမို့ သေချာဖမ်းဆုပ်ပါ။
ပြိဿရာသီဖွား ( ဧပြီ ၂ဝ – မေ ၂ဝ အတွင်းမွေးဖွားသူများ )
၂ဝ၂၁ ခုနှစ်ဟာ သင့်အသက်မွေးဝမ်းကြောင်းနဲ့ ဆိုင်တဲ့အလုပ်အကိုင်များ ဆက်လက်အောင်မြင်ဖြစ်ထွန်းနေပြီး သင့်ကိုယ်ရည်ကိုယ်သွေးနဲ့ ဗဟုသုဆိုင်ရာလေ့လာမှုတွေ ပိုတိုးပွားလာနိုင်တာမို့ ကြိုးစားအားထုတ်မှုကို မရပ်တန့်ပစ်လိုက်ပါနဲ့။ အရာရာကို ပြီးမြောက်အောင် ဖန်တီးနိုင်တဲ့ နည်းလမ်းသစ်တွေ ရရှိလာနိုင်ပါတယ်။ အကြံအစည်စိတ်ကူးတွေကို ဖော်ဆောင်ပါ။ သင့်ကြိုးစားအားထုတ်မှုအတွက် အကျိုးအမြတ်များရရှိလာရင် သင်ပျော်ရွှင်ရပါလိမ့်မယ်။ တစ်ခါတစ်ရံမှာ စိတ်ဓာတ်ကျတာ ရှိနိုင်ပါတယ်။ တားရော့နက္ခတ်ဗေဒင်အရ ၂ဝ၂၁ ခုနှစ်ရဲ့ ဂြိုလ်ခွင်အခြေအနေများက သင့်ရဲ့တိုးတက်မှုနဲ့ လုပ်ငန်းတိုးချဲ့မှုအခြေအနေအတွက် အကျိုးရှိနိုင်တယ်လို့ ရည်ညွှန်းထားပါတယ်။ သင့်ကိုယ်သင် ယုံကြည်မှုရှိတဲ့ နှစ်တစ်နှစ်ပါပဲ။
မေထုန်ရာသီဖွား ( မေ ၂၁ – ဇွန် ၂ဝ အတွင်းမွေးဖွားသူများ )
ယခုနှစ်ကာလအပိုင်းအခြားက သင့်အတွက် ကံကောင်းစေမှာ ဖြစ်ပြီး အတားအဆီး၊ အခက်အခဲတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ စိတ်ကူးရှိသမျှ အကြံဉာဏ်တို့ကို အချိန်မဆွဲထားဘဲ အကောင်အထည်ဖော်ပြီး အာရုံစိုက် ပါက ပိုမိုအကျိုးဖြစ်ထွန်းနိုင်ပါတယ်။ ပုံမှန်နှစ်များထက် ဝင်ငွေ ပိုများလာနိုင်ပါတယ်။ ရေရှည်လည်ပတ်သွားမယ့် လုပ်ငန်းမျိုးတွေမှာ ရင်းနှီးမြှုပ်နှံပါက အမြတ်အစွန်း ပိုမိုရရှိနိုင်ပါတယ်။ သင့်ထက် ကျွမ်းကျင်တဲ့ လုပ်ငန်းအတွေ့အကြံရှိသူများနဲ့ တိုင်ပင်စွာလုပ်ဆောင်ဖို့ မမေ့ပါနဲ့။ အလုပ်လုပ်ရင် လောဘနဲ့လုပ်တာထက် ချင့်ချိန်ပြီး အလုပ်လုပ်စေချင်ပါတယ်။
ကရကဋ် ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂ အတွင်းမွေးဖွားသူများ )
ယခုနှစ်မှာ ကရကဋ် ရာသီဖွား များအတွက်တော့ စိန်ခေါ်မှုတွေ ရှိလာနိုင်တဲ့ ကာလ ဖြစ်နေပါတယ်။ သင့်အနေနဲ့ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှု ရှိဖို့ လိုအပ်ပါတယ်။ စိတ်ဓာတ်ကျသွားလည်း ပြန်ထနိုင်ဖို့အတွက် တောင့်ခံထားနိုင်တဲ့ သတ္တိရှိရပါမယ်။ အလုပ်အကိုင်အသစ်တွေ ဖန်တီးဖို့ အခွင့်အလမ်းတွေ့နိုင်ပါတယ်။ သင့်ကံကြမ္မာက သင့်စိတ်ဓာတ်ပေါ် မှာလည်း မူတည်နေပါတယ်။ သင်မျှော်မှန်းတဲ့ငွေရေးကြေးရေးရရှိဖို့ အစွမ်းကုန် ကြိုးစားပါ။ သင်နဲ့ မဆိုင်တဲ့တချို့ကိစ္စများမှာ ဝင်ပါဖို့ မစဉ်းစားပါနဲ့။ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ပဲ ဦးတည်ထားသင့်ပါတယ်။
သိဟ် ရာသီဖွား ( ဇူလိုင် ၂၃ – သြဂုတ် ၂၂ အတွင်းမွေးဖွားသူများ )
ဒီနှစ် ၂ဝ၂၁ ခုနှစ်မှာ တခြားရာသီဖွားတွေထက် သိဟ် ရာသီဖွားတွေက ဆုံးဖြတ်ချက်တွေ ပြတ်သားပြီး ယုံကြည်ချက်တွေက ပိုခိုင်မာနေတာ တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ တချို့ကိစ္စတွေမှာတော့ သင့်ခေါင်းမာမှုတွေကို လျှော့ချဖို့ လိုအပ်ပါတယ်။ အချစ်ရေးမှာလည်း သင့်ကို နက်နက်ရှိုင်းရှိုင်းချစ်မိတဲ့ ခံစားချက်မျိုးဖြစ်ပေါ်လာစေနိုင်တဲ့သူ တွေ့လာနိုင်ပါတယ်။ သင့်ကို ချစ်တဲ့သူတွေက သင့်ကောင်းကျိုးကိုလိုလားကြပြီး သင့်ကို ငြူစူပြီး မလိုချင်တဲ့သူတွေကလည်း သင့်ပုံရိပ်ကို မှေးမှိန် ကျဆင်းအောင် လုပ်ဆောင်ကြလိမ့်မယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ လူတွေကို သတိထားပေါင်းသင်းပါ။ ပညာရပ်အသစ်တွေ လေ့လာဖို့ အချိန်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
ကန် ရာသီဖွား ( သြဂုတ် ၂၃ – စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသူများ )
၂ဝ၂၁ ခုနှစ်ဟာ သင့်ဘဝမှာ ကောင်းတဲ့တိုးတက်ပြောင်းလဲခြင်းတွေနဲ့ ကြုံလာရနိုင်တာမို့ အချိန်ကောင်းတစ်ခုကို ရောက်လာပါပြီ။ သင့်ကိုယ်သင် အလွန်အမင်းယုံကြည်မှုရှိတာတွေကို ရှောင်ပါ။ အလုပ်အကိုင် အခွင့်အလမ်းများနဲ့ ပတ်သက်ပြီး သင့်ကို ကမ်းလှမ်းမှုတွေက အများအပြားရှိလာမှာမို့ သေချာတဲ့ရွေးချယ်မှုမျိုး ရှိပါစေ။ သင်တကယ်နားလည်တတ်ကျွမ်းတဲ့ အလုပ်မျိုးကိုသာ လုပ်ဖို့ အကြံပေးချင်ပါတယ်။ သင်လိုချင်နေတဲ့ အောင်မြင်မှုကို ရောက်ရှိဖို့အတွက် ပေးဆပ်ရင်းနှီးရမယ့်အရာများထဲမှာလည်း ကတိကဝတ်က အရေးအကြီးဆုံးပါ။ အလုပ်နဲ့ ဘဝကြားမှာ စိတ်ဖိစီးမှုတွေ ရှိနိုင်တာမို့ လောကဓံကပေးတဲ့သင်ခန်းစာအနေနဲ့ ကောင်းကောင်းသင်ယူပြီး ရှေ့ဆက်ရမယ့်နေ့တွေကို ကျော်ဖြတ်ပါ။
တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသူများ )
၂ဝ၂၁ ခုနှစ်ဟာ တူရာသီဖွား များအတွက် အောင်မြင်ဆုံးနှစ်တစ်နှစ်ဆိုတာကို သက်သေပြပါလိမ့်မယ်။ ပြီးတော့ သင့်ဘဝထဲကို တည်ငြိမ်မှုတွေ ယူဆောင်လာပေးမယ့်နှစ်တစ်နှစ်ပါပဲ။ သင့်မိသားစုထဲမှ လူကြီးတစ်ဦးဦးရဲ့ ကျန်းမာရေးကို သတိထားပါ။ ပုံမှန်ဝင်နေကြငွေထက် ပိုတဲ့ ငွေပမာဏများ ဝင်နိုင်ကိန်းရှိပါတယ်။ လုပ်ငန်းခွင်မှာလည်း ကြိုးစားရင် ကြိုးစားသလောက် အသိအမှတ်ပြုခံရမှာပါ။ စီးပွားရေးလုပ်ငန်းများ လုပ်ပါက တိုးပွားနိုင်ကိန်းနဲ့ အောင်မြင်ကိန်းများ ရှိနေပါတယ်။ အဆင့်မြင့်ပညာရပ်များ လေ့လာမည်ဆိုပါက ၂ဝ၂၁ ခုနှစ်ဟာ အသင့်တော်ဆုံး နှစ်တစ်နှစ်ပါပဲ။
ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူများ)
၂ဝ၂၁ ခုနှစ်မှာ သင်က ဆုံးဖြတ်ချက်အသစ်တွေကို ရဲရဲဝံ့ဝံ့ ချနိုင်ပြီး ပိုသတ္တိရှိလာပါလိမ့်မယ်။ ပိုတိုးတက်လာပါမယ်။ သင်လုပ်စရာရှိတဲ့အလုပ်များနဲ့ ရစရာရှိတဲ့အရာများကို အပြီးသတ်ရန် စိတ်ပိုင်းဖြတ်ထားတာကြောင့်မို့ ပုံမှန်ထက် ပိုတိုးတက်နိုင် ပါတယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ အခွင့်အလမ်းများစွာ သင့်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာ ပါတော့မယ်။ ဝင်ငွေနဲ့ ပတ်သက်ပြီးစိုးရိမ်ကြောင့်ကြမှု မရှိပါနဲ့။ အရင်ကထက် သင်ငွေကြေးကို တည်ငြိမ်စွာနဲ့ စီမံခန့်ခွဲနိုင်လာပါမယ်။ သင့်မိတ်ဆွေ၊ သူငယ်ချင်းများက သင့်စွမ်းရည်နဲ့ လုပ်ဆောင်ချက်များကို အားကျလေးစားပြီး အတုယူရလောက်အောင် သင်ဟာ ကြိုးစားမယ့်နှစ်တစ်နှစ်ဖြစ်ပါတယ်။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
ဓနုရာသီဖွား ( နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူများ )
၂ဝ၂၁ ခုနှစ်က သင့်အတွက် စိတ်လှုပ်ရှားဖွယ်ရာနဲ့ အံ့အားသင့်စရာ ကိစ္စရပ်များ ယူဆောင်လာပေးမှာပါ။ သင်ပျော်ရွှင်ရမယ့် နှစ်တစ်နှစ် ဖြစ်ပါတယ်။ ကံကြမ္မာက သင့်ဘက်မှာ ရှိနေတာမို့ ကြွယ်ဝမှုနဲ့ အောင်မြင်မှုတွေက သင့်အနားကို ရောက်ရှိလာမှာ မလွဲဧကန်ပါပဲ။ ပညာရေးနဲ့ ပတ်သက်ပြီး လေ့လာပါက အလွယ်တကူသင်ယူနိုင်ပြီး စိတ်ကျေနပ်မှု ရှိနိုင်ပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာလည်း မိတ်ဆွေသစ်များနဲ့ မိတ်ဆွေဖွဲ့ဖို့ ကြိုးစားသင့်တဲ့ အချိန် ဖြစ်ပါတယ်။ အချစ်ရေးကတော့ သင့်စိတ်ကိုလှုပ်ရှားစေနိုင်တဲ့လူတစ်ဦးဦးရှိနေရင် ပထမသုံးလအစမှာ သူနဲ့နီးစပ်ဖို့ ကြိုးစားပါက သူ့အချစ်ကို ရရှိဖို့ အခွင့်အရေး ပိုများနိုင်ခြေ ရှိပါတယ်။
မကာရ ရာသီဖွား ( ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသူများ)
၂ဝ၂၁ ခုနှစ်မှာ မကာရ ရာသီဖွားတွေအနေနဲ့ ဘဝမှာ စိတ်ထိခိုက်စေနိုင်မယ့် အကြောင်းအရာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကြံ့ကြံ့ခံတဲ့ စိတ်ဓာတ်နဲ့ မယိုင်မလဲဘဲ ရှေ့ဆက်သွားနိုင်ဖို့ အရေးကြီးပါတယ်။ သင့်စိတ်လှုပ်ရှားမှုများနဲ့ ယခုနှစ်အတွင်း လုပ်ဆောင်မှုကြောင့် ပြောင်းလဲမှုများက သင့်အနာဂတ်ကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ လူတချို့က သင့်ရည်မှန်းချက်ကို ဖျက်စီးဖို့ ဖျားယောင်းသွေးဆောင်တာမျိုး ရှိပါလိမ့်မယ်။ ဆုံးဖြတ်ချက်တိုင်းကို အလောတကြီး မချဘဲ သေသေချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ ကိုယ်က ကျူးရင် ကိုယ့်ဒူးတောင် မယုံချင်ပါနဲ့။ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး သေချာချင့်ချိန်သုံးစွဲသင့်ပြီုး ကုန်ကျစရိတ်များလွန်းတာမို့ ငွေကို သေချာစီမံခန့်ခွဲပြီး သုံးသင့်တဲ့ ကာလဖြစ်နေပါတယ်။
ကုမ် ရာသီဖွား ( ဇန်နဝါရီ ၂ဝ – ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသူများ)
၂ဝ၂၁ ခုနှစ်ဟာ ကုမ်ရာသီဖွားတွေအတွက် ဘဝမှာ သင်ရင်ဆိုင်နေကြ ပုံမှန်သင်ခန်းစာတွေထက် သင်ခန်းစာကောင်းနဲ့ အတွေ့အကြုံကောင်းတွေ ပေးမယ့်နှစ်တစ်နှစ် ဖြစ်ပါတယ်။ တစ်ခါတလေ သင် စီစဉ်တိုင်းမဖြစ်တဲ့ကိစ္စတွေလည်း ရှိလာနိုင်တာမို့ သင့်အနေနဲ့ စိတ်ပျက်စရာအချိန်တွေနဲ့လည်း ကြုံရတတ်ပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်မကျဘဲ ဘယ်လိုအခက်အခဲတိုင်းမဆို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသင့်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ။ တစ်ဖက်မှာလည်း သင့်အတွက် တိုးတက်မှုတွေ ရှိပြီး ပျော်ရွှင်မှုအချို့လည်း ရှိနေတာက ဒီ ၂ဝ၂၁ ခုနှစ်ပါပဲ။ ငွေရေးကြေးရေး၊ အချစ်ရေး၊အိမ်ထောင်ရေး၊ ပညာရေးနဲ့ လုပ်ငန်းရေးရာကိစ္စတွေမှာလည်း မင်္ဂလာရှိတဲ့သတင်းတွေ ကြားရတတ်ပါတယ်။ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ သဘောတရားကိုနားလည်ပြီး ခံစားချက်တွေကို ကိုင်တွယ်ထိန်းချုပ်တတ်ပါစေ။
မိန်ရာသီဖွား ( ဖေဖော်ဝါရီ ၁၉ – မတ် ၂ဝ အတွင်းမွေးဖွားသူများ )
မိန်ရာသီဖွားတွေရဲ့ ဟောစာတမ်းအရ ၂ဝ၂၁ ခုနှစ်ဟာ ရလဒ်ကောင်းတွေ ရရှိလာနိုင်မယ့် အချိန်ကောင်းဖြစ်ပါတယ်။ သင့်ကြိုးစားအားထုတ်မှုများနဲ့ ရိုးသားမှုကြောင့် သင်မျှော်လင့်ထားတဲ့ ဆန္ဒများ ပြည့်ဝလာနိုင်ပါတယ်။ သင့်ဆန္ဒတွေ ပြည့်ဝ လာတဲ့အခါမှာ သင့်ကိုယ်သင် ယုံကြည်မှု ပိုရှိလာနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ သင့်အနာဂတ်အကြောင်းတွေ တွေးပူပြီး စိတ်လေးနေတတ်တာမို့ လက်ရှိကာလကိုပဲ အကောင်းဆုံးရှင်သန်ရင်း ကျော်ဖြတ်ဖို့ ကြိုးစားပါ။ ဘဝအတွက် အစီအစဉ်ကောင်းနဲ့ အချိန်ဇယားတွေ ဆွဲထားသင့်ပါတယ်။ ငွေဝင်သလောက် သုံးဖို့ မစဉ်းစားဘဲ စုဆောင်းဖို့လည်း စီစဉ်သင့်ပါတယ်။ ဘဝမှာ သင်အကောင်အထည်ဖော်ချင်တဲ့ကိစ္စများ ရှိပေမယ့် အရေးကြီးတဲ့ ကိစ္စများကိုသာ ဦးစားပေးအနေနဲ့ လုပ်ဆောင်တာ ပိုကောင်းပါတယ်။