၂ဝ၂ဝ ၏ ဂန္ထဝင်အပတ်စဉ်ဗေဒင် နိုဝင်ဘာလ (၃ဝ) ရက်နေ့မှ ဒီဇင်ဘာလ (၆) ရက်နေ့အထိ”

blank
တနင်္လာသားသမီး

သင့်အလုပ်မှာ မပျော်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အလုပ်က ကောင်းမွန်တဲ့အခွင့်အရေးတွေ ပေးလာနိုင်ပြီး သေချာညှိနှိုင်းဆောင်ရွက်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ အချစ်ရေးမှာတော့ သဝန်တိုပြီး ပြောမိတဲ့ စကားတွေကြောင့် စိတ်ထဲ နောင်တ အနည်းငယ်ရနိုင်ခြေ ရှိပါတယ်။ ဘာပဲပြောပြော မပြောခင် သေချာစဉ်းစားပြီးမှ ပြောဖို့ သတိရှိပါ။

ယတြာ – လမ်းသွားလမ်းလာ တစ်ဦးဦးအား လိမ္မော်သီး ဝယ်ကျွေးလိုက်ပါ။

အင်္ဂါသားသမီး

‌ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး မိမိရဲ့ တစ်ကိုယ်ရေ ကိစ္စတွေနဲ့ အိမ်မှုကိစ္စတွေမှာ ငွေကို လိုတာထက် ပိုသုံးမိနေတတ်ပါတယ်။ နှမြောပေမဲ့လည်း ထွက်ငွေက မသိမသာထွက်နေတတ်ပါတယ်။ ဘယ်ကိစ္စကိုမဆို ဇွတ်လုပ်ချင်နေတဲ့စိတ်တွေ ဖြစ်ပေါ်နေတတ်တယ်။ အိမ်ရှိမိသားစုဝင်များနဲ့ တစ်ခါတစ်ရံ ကတောက်ကဆဖြစ်တတ်တာမို့ ကိုယ်က စပြီး အလျှော့ပေးလိုက်ပါ။

ယတြာ – တရားထိုင်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဗုဒ္ဓဟူးသားသမီး

သင်မျှော်လင့်မထားတဲ့အရာကို ကြုံတွေ့နိုင်ပါတယ်။ ဥပမာ – လူတစ်ယောက်ယောက်က သင့်ကို ကြိုအသိမပေးဘဲ surprise လုပ်ပေးတာမျိုးပေါ့။ ပြီးတော့ တချို့လူတွေက သင်မပေးချင်တဲ့အရာတစ်ခုခုကို သင့်ဆီကနေ မရမချင်း လာတောင်းတတ်ပါတယ်။ ဆုံးဖြတ်ချက်တွေ ပြတ်သားဖို့ လိုပါတယ်။ ကျန်းမာရေးအတွက် လေရောဂါ ဂရုစိုက်ပါ။

ယတြာ – အိမ်မှ မိမိထက် အသက်ကြီးသူတစ်ဦးဦးအား နွားနို့ဝယ်တိုက်လိုက်ပါ။

ကြာသပတေးသားသမီး

ဘယ်သူနဲ့မဆို အငြင်းပွားစရာကိစ္စလေးတွေနဲ့ နားလည်မှုလွဲတဲ့ ကိစ္စလေးတွေ မကြာခဏ ဖြစ်တတ်ပါတယ်။ အခုအချိန်မျိုးမှာ မငြင်းဘဲ အလျှော့ပေးလိုက်တာက ပိုကောင်းပါတယ်။ ငွေသုံးတဲ့အခါမှာ အလွန်လက်ဖွာတာမို့ ချင့်ချိန်ပြီး သုံးပါ။ ပျော်ရွှင်စရာအကြောင်းလေးတွေ ကြုံတွေ့ရနိုင်ပါတယ်။

ယတြာ – ၁၁ မီး ငြိမ်းအောင် ပန်းပင်ကို ၁၁ ခေါက်တိတိ ရေလောင်းပါ။

သောကြာသားသမီး

သင့်အတင်းအဖျင်းတွေကို ပြောနေကြတဲ့သူတွေဆီက ပြန်ကြားရနိုင်ပါတယ်။ ဒါပေမဲ့ ပြန်မဖြေရှင်းနေဘဲ ကိုယ့်အလုပ်ကိုသာ ကိုယ်အာရုံစိုက်ပြီးလုပ်ပါ။ ဘဝအကြောင်းနဲ့ ပတ်သက်ပြီး စိတ်ဖိစီးနေတာတွေ ရှိနိုင်ပေမယ့် ဘယ်အရာကိုမဆို ရဲရဲရင့်ရင့်ရင်ဆိုင်ဖြေရှင်းပါ။ အဆင်ပြေသွားပါလိမ့်မယ်။

ယတြာ – မေတ္တာသုတ်ကို သက်စေ့ရွတ်ဖတ်ပူဇော်ပါ။

စနေသားသမီး

အစာအိမ်အောင့်နိုင်တာမို့ အထူးသတိပြုပါ။ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာ သတင်းကြားသိတတ်ရပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အနည်းငယ် ဂရုစိုက်ပါ။ လုပ်ငန်းတွေ ပုံမှန်အဆင်ပြေနေပြီး အိမ်၊ ခြံ၊ မြေနဲ့ သက်ဆိုင်တဲ့ အလုပ်များ လုပ်ပါက စိတ်အေးအေးထားပြီး ဆုံးဖြတ်စေချင်ပါတယ်။

ယတြာ – နွမ်းပါးသူများအား အဝတ်အထည် ပေးကမ်းစွန့်ကြဲပါ။

တနင်္ဂနွေသားသမီး

အိမ်ကို ပြန်လည်ပြုပြင်ဖို့ တွေးနေတတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီးတော့ ခရီးထွက်ရကိန်းရှိနိုင်တယ်။ သင့်အကြံအစည်များ အောင်မြင်နိုင်ဖို့ ရာခိုင်နှုန်းများပါတယ်။ စိတ်လေနေတဲ့အချိန်တွေကတော့ ရံဖန်ရံခါ ဖြစ်နေတတ်တယ်။ အလိမ်ခံရတတ်ပါတယ်။ သင့်ကိုယ်သင်ယုံကြည်မှု အလွန်မြင့်မားနေတဲ့အချိန်ပါ။

ယတြာ – ဘုရားမှာ သက်စေ့ ဆီမီး ကပ်လှူ ပူဇော်ပါ။

ဗေဒင်လေးကို Like and Share လုပ်လိုက်ပါဦး။