၂ဝ၂ဝ ခုနှစ်အတွက် ဂန္ထဝင်၏ အပတ်စဉ်ဗေဒင် (မေလ ၁၁ ရက်မှ ၁၇ ရက်နေ့အထိ)

blank
တနင်္လာသားသမီး

စိတ်အနည်းငယ်မောရတဲ့ ကာလပါ။ အကြောင်းအရာမယ်မယ်ရရမရှိဘဲ စိတ်တွေရှုပ်ထွေးနေမယ်။ အချိန်ပိုင်းအလုပ်တစ်ခုကို လုပ်စနိုင်လိမ့်မယ်။ ရင်းနှီးမြှပ်နှံမှုတွေ အမြတ်အစွန်းရဖို့ အချိန်ပေးစောင့်ဆိုင်းရလိမ့်မယ်။ အချစ်ရေးနဲ့ပတ်သက်ရင် တစ်ဖက်တည်းပေးဆပ်နေရမယ့် အချိန်ပါ။ ကျန်းမာရေးအနည်းငယ် ဂရုစိုက်ပေးပါ။ ပညာရှာဖွေနေသူတွေအနည်းငယ် အနှောင့်အယှက်လေးတွေ ပေါ်ပေါက်တတ်ပါတယ်။

ယတြာ- စိတ်တည်ငြိမ်စေဖို့ တရားထိုင်ပါ။

အင်္ဂါသားသမီး

စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေသူတွေအနေနဲ့ စိတ်ရှည်ရှည်ထားရမယ့်ကာလပါ။ လုပ်ငန်းတွေကို လုပ်ရိုးလုပ်စဉ်အတိုင်းလည်ပတ်ဖို့ ဇွဲနဘဲနဲ့ ကြိုးစားပါ။ ဝန်ထမ်းတွေအနေနဲ့ အချိန်တိုအတွင်းမှာ ရလဒ်ကောင်းတွေထွက်အောင် လုပ်ဆောင်နိုင်လိမ့်မယ်။ ပညာရှာဖွေနေသူတွေအတွက် အတတ်ပညာအသစ်တွေ သင်ယူနိုင်မယ့်အချိန်ပါ။  စုဆောင်းငွေလေးတွေ တဖြုတ်ဖြုတ်ကုန်ဆုံးနေမယ်။ အပျိုကြီး၊ လူပျိုကြီးတွေ မေတ္တာလမ်းတွေ ပွင့်လန်းလာလိမ့်မယ်။ မတော်တဆထိခိုက်ဒဏ်ရာရတတ်ပါတယ်။

ယတြာ-နေအိမ်ဘုရားမှာ စကားဝါပန်းကပ်လှူပါ။

ဗုဒ္ဓဟူးသားသမီး

စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက် ခက်ခဲနေမယ့် ကာလပါ။ လုပ်ငန်းကြီးလုပ်ဆောင်နေသူတွေအနေနဲ့ လုပ်ငန်းနေရာအသစ် ပြောင်းရတတ်ပါတယ်။ ဝန်ထမ်းတွေ မမျှော်လင့်ဘဲ လစာတိုးတတ်တယ်။ ပညာရှာနေသူတွေအနေနဲ့ အသက်ကြီးဝါကြီးတစ်ယောက်ရဲ့ အကူအညီကောင်းတွေ ရလိမ့်မယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး သူစိမ်းတွေရဲ့ စကားတွေကို မယုံပါနဲ့။ ရာသီဥတုအပြောင်းအလဲကြောင့် ကျန်းမာရေးမှာ အနှောင့်အယှက်လေးတွေ ဝင်တတ်ပါတယ်။

ယတြာ-သက်ကြီးရွယ်အိုတစ်ယောက်ကို တတ်အားသရွေ့ဒါနပြုပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကုန်ပစ္စည်းတွေအချိန်မီမပို့နိုင်တာကြောင့် ပြဿနာလေးတွေ ဖြေရှင်းရတတ်တယ်။ ဝန်ထမ်းတွေအနေနဲ့ စိတ်ဖိစီးမှုတွေ ကြုံရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ရောင်းမှားဝယ်မှားလေးတွေဖြစ်တတ်ပါတယ်။ ငွေအပေးအယူကိစ္စတွေကို ကိုယ်တိုင်ဆောင်ရွက်ပါ။ မိသားစုအတွင်းမှာ ကတောက်ကဆလေးတွေ အနည်းငယ်ဖြစ်တတ်ပါတယ်။ အချစ်ရေးအဆင်ပြေပါတယ်။ လှုပ်ရှားမှုနည်းလို့ လေးလံထိုင်းမှိုင်းနေတာမျိုးဖြစ်တတ်ပါတယ်။

ယတြာ- ချို့တဲ့သူတစ်ယောက်အတွက် အာဟာရဒါနပြုပါ။

သောကြာသားသမီး

စီးပွားရေးနဲ့ပတ်သက်ပြီး အရေးမကြီးတဲ့ ကိစ္စတွေကို ဦးစားပေးနေမိတတ်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ မျှော်လင့်မထားတဲ့ အခွင့်အရေးတွေရတတ်ပါတယ်။ ပညာရှာဖွေနေသူတွေအတွက် စိတ်ထင်သလောက် မပေါက်မြောက်တဲ့ ကာလပါ။ ငွေကြေးကံ ကောင်းပါတယ်။ ချစ်ခင်ရသူတွေအတွက် အချိန်ပေးနိုင်မယ်။ လက်ထပ်ဖို့စဉ်းစားထားတဲ့ ချစ်သူစုံတွဲတွေအနေနဲ့ အချိန်အနည်းငယ် ကြန့်ကြာနိုင်ပါတယ်။ အဆစ်အမြစ်နာကျင်တတ်ပါတယ်။

ယတြာ- နေအိမ်ဘုရားမှာ သစ်သီးကပ်လှူပါ။

စနေသားသမီး

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မျှော်လင့်မထားဘဲ ကုန်ပစ္စည်းအော်ဒါတွေရတတ်ပါတယ်။ နောက်ထပ်ဝင်ငွေရမယ့် အလုပ်တစ်ခုကို ရတတ်တယ်။ ပညာရှာဖွေနေသူတွေအနေနဲ့ အားမလိုအားမရစိတ်တွေဖြစ်နေမယ်။ မျှော်လင့်မထားတဲ့နေရာတွေကနေ ငွေတွေဝင်တတ်ပါတယ်။ အိမ်ထောင်ရှင်တွေအတွက် ကံအထူးကောင်းပါတယ်။ ချစ်သူမရှိသေးတဲ့ စနေသားသမီးတွေအနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ဆန့်ကျင်ဖက်လိင်တစ်ယောက်နဲ့ ဆုံဆည်းရမယ်။ ခြေထောက်ထိခိုက်ဒဏ်ရာရတတ်ပါတယ်။

ယတြာ- ချို့တဲ့သူတွေအတွက် ကုန်ခြောက်လှူပါ။

တနင်္ဂနွေသားသမီး

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မျှော်မှန်းထားတဲ့အတိုင်း အမြတ်အစွန်းတွေ ရတတ်ပါတယ်။ လုပ်ငန်းအသစ်တွေ ချဲ့ထွင်ဖို့ စိတ်အားထက်သန်နေပါတယ်။ အချိန်ကောင်းမရောက်သေးလို့ စောင့်ဆိုင်းဖို့လိုပါတယ်။ အဆိုးမြင်စိတ်ရှိတဲ့သူတွေကြောင့် အချစ်ရေးမှာ ပြဿနာလေးတွေ ဝင်တတ်ပါတယ်။ ချစ်သူထက်ဘေးစကားတွေကို ယုံကြည်တတ်တဲ့ အကျင့်ကို ဖျောက်ပါ။ ငွေဝင်ပေမယ့် မမြဲသေးပါ။ ကျန်းမာရေးပြဿနာကြီးကြီးမားမားမရှိပါဘူး။

ယတြာ- ဘုရားမှာ အအေးကပ်ပါ။

ဗေဒင်လေးက တိုက်ဆိုင်တယ်ဆိုရင်ဝေမျှပေးလိုက်ပါဦးနော်။