၂ဝ၂ဝ ခုနှစ် ဂန္ထဝင်၏ အပတ်စဉ်ဗေဒင် (ဧပြီလ ၂၇ ရက်နေ့မှ မေလ ၃ ရက်နေ့အထိ)

တနင်္လာသားသမီး

စီးပွားရေးလုပ်ငန်းတွေကို ရလဒ်ကောင်းတွေရအောင် ရုန်းကန်နေရတဲ့ ကာလဖြစ်တယ်။ အလုပ်ပြောင်းရန်မသင့်တော်သေးပါ။ ပညာရပ်အသစ်တွေကို လေ့လာဆည်းပူးနိုင်မယ်။ ငွေရေးကြေးရေးအတွက် လုံးချာရိုက်နေတဲ့ ကာလဖြစ်တယ်။ စကားအပြောအဆိုမှားတာကြောင့်  အချစ်ရေးမှာ ကတောက်အဆလေးတွေကြုံရမယ်။ ကျန်းမာရေးအထူးဂရုစိုက်ပါ။ မိသားစုအတွင်းမှာ စကားများရန်ဖြစ်ရတတ်ပါတယ်။

ယတြာ-လက်ဆေးဆပ်ပြာလှူဒါန်းပါ။

အင်္ဂါသားသမီး

ကုန်ပစ္စည်းတွေကို နောက်တစ်နည်းနဲ့ ထိုးဖောက်ဖို့ ကြိုးစားနေရတဲ့ကာလပါ။ အထက်အရာရှိဆီက အကူအညီကောင်းတွေရရှိမယ်။ စုဆောင်းထားတဲ့ငွေလေးတွေကို ထုခွဲပြီး သုံးရတတ်ပါတယ်။ အချစ်ရေးမှာ ကြားလူကြောင့် အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်။ ချစ်သူမရှိသေးတဲ့သူတွေအနေနဲ့ ရပ်ဝေးကနေ မေတ္တာရေးကမ်းလှမ်းခြင်းခံရတတ်တယ်။ အဆုတ်နဲ့သက်ဆိုင်တဲ့ကျန်းမာရေး ပြဿနာလေးတွေဖြစ်တတ်ပါတယ်။

ယတြာ- ကျန်းမာရေးချို့တဲ့သူတစ်ယောက်ကို ဆေးဝါးလှူဒါန်းပါ။

ဗုဒ္ဓဟူးသားသမီး

စီးပွားရေးလုပ်ငန်းလုပ်ဆောင်နေတဲ့သူတွေအတွက် မုန်တိုင်းထန်နေတဲ့ ကာလပါ။ ဝင်ငွေထက် ထွက်ငွေများနေမယ်။ သွေးဖိအားနဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာလေးတွေဖြစ်တတ်တယ်။ သူငယ်ချင်းတစ်ဦးရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကူညီပေးရတတ်တယ်။ မိတ်ဆွေအသစ်တွေ ရတတ်တယ်။ အချစ်ရေးအဆင်ပြေပါတယ်။ လူကြီးမိဘကျန်းမာရေးကြောင့် စိတ်ပူပန်ရတတ်ပါတယ်။

ယတြာ- ဘိုးဘွားများအတွက် အအေးလှူဒါန်းပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

လခစားဝန်ထမ်းတွေအနေနဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီး မတည်ငြိမ်မှုလေးတွေ ဖြစ်တတ်တယ်။ ဖောက်သည်ဟောင်းတစ်ယောက်က ရောင်းမထွက်ဖြစ်နေတဲ့ ကုန်ပစ္စည်းတွေကို ဝယ်သွားတာမျိုးဖြစ်တတ်ပါတယ်။ ပညာသင်ကြားရေးတွေကို ရပ်တန့်ထားရတာကြောင့် စိတ်ဓာတ်ကျတတ်ပါတယ်။ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်အောင် ကြိုးစားပါ။  ဆီးချိုရောဂါအခံရှိတဲ့သူတွေအနေနဲ့ အရာရာကို သတိထားပါ။

ယတြာ- ဆန်လှူပါ။

သောကြာသားသမီး

အခက်အခဲတွေ အားလုံးကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းပြီး ရင်ဆိုင်ဖြေရှင်းနိုင်မယ့် ကာလပါ။ ပညာရှာဖွေနေသူတွေအနေနဲ့ နည်းပညာကို အသုံးပြုပြီး ပညာရပ်တွေကို သင်ယူနိုင်လိမ့်မယ်။ ရင်းနှီးမြှပ်နှံမှုတွေကို ရပ်နှံထားရတဲ့ကာလပါ။  ကြုံတွေ့နေတဲ့ အခက်အခဲတွေကို ချစ်သူနဲ့အတူတူ ရင်ဆိုင်ဖြေရှင်းနိုင်လိမ့်မယ်။ ငွေရှာခြင်းနဲ့ပတ်သက်ပြီး အိတ်ပေါက်နဲ့ဖားကောက်နေရသလို ခံစားနေရလိမ့်မယ်။

ယတြာ- ရေဖိုးလှူဒါန်းပါ။

စနေသားသမီး

အလုပ်အကိုင်နဲ့ပတ်သက်ပြီး နည်းလမ်းတွေပြောင်းနေရတဲ့ ကာလပါ။ အပြောင်းအလဲတွေကို အလိုက်သင့်ဖော်ဆောင်ရင်း အတတ်ပညာအသစ်တွေ သင်ယူနိုင်မယ်။ သက်တောင့်သက်သာရှိတဲ့ အခြေအနေတွေကနေ ရုန်းထွက်ပြီး လမ်းကြောင်းအသစ်တွေကို ဖောက်ထွက်နိုင်လိမ့်မယ်။ ဝင်ငွေနဲ့ပတ်သက်ပြီး ပုံမှန်အခြေအနေရောက်အောင် ကြိုးစားနေရတဲ့ ကာလပါ။ အိမ်ထောင်ဖက်ရဲ့ ကျန်းမာရေးကိစ္စကြောင့် စိတ်ပူပန်ရတတ်ပါတယ်။

ယတြာ- နွမ်းပါးလူနာတွေအတွက် ဆေးဝါးလှူဒါန်းပါ။

တနင်္ဂနွေသားသမီး

ဒီတစ်ပတ်အတွင်းမှာ ပိတ်ဆို့နေတဲ့ လမ်းတွေပြန်ပွင့်လာသလို ခံစားရမယ်။ လက်လွန်ထားတဲ့ ငွေတွေပြန်ရတတ်တယ်။ မေတ္တာရေးနဲ့ပတ်သက်ပြီး တစ်ဦးထက်ပိုတဲ့ အခြေအနေတွေကြောင့် စိတ်ဗျာများရတတ်ပါတယ်။ ပညာရှာဖွေနေသူတွေအတွက် အခြေအနေမထူးခြားသေးပါ။ ခြေထောက်ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ ရပ်ဝေးရောက်မိတ်ဆွေတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သတင်းဆိုးတစ်ခုကြားရတတ်ပါတယ်။

ယတြာ-နေအိမ်ဘုရားမှာ ဆွမ်းကပ်လှူပါ။

တိုက်ဆိုင်တယ်ဆိုရင် ဗေဒင်လေးကို ဝေမျှပေးလိုက်ပါဦး။