၂ဝ၂ဝ ခုနှစ် ဂန္ထဝင်အပတ်စဉ်ဗေဒင် (ဧပြီလ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ)

blank

တနင်္လာသားသမီး  

ရရှိနေတဲ့အချိန်တွေကို ကိုယ့်ဘဝတိုးတက်ရေးအတွက် အကောင်းဆုံးအသုံးချနိုင်လိမ့်မယ်။ ပြဿနာတွေကို သွေးအေးအေးနဲ့ ဖြေရှင်းနိုင်တဲ့ အရည်အသွေးကြောင့် လုပ်ငန်းမှာ အဆင်ပြေမယ်။ ဝင်ငွေလျော့နည်းနေပေမယ့် လုပ်ငန်းတွေကို စိတ်အားထက်သန်မှုအပြည့်နဲ့ ဆောင်ရွက်နိုင်မယ်။ အချစ်ရေးအဆင်ပြေပါတယ်။ လည်ချောင်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။

ယတြာ-နွမ်းပါးသူများအတွက် ကုန်ခြောက်လှူဒါန်းပါ။

အင်္ဂါသားသမီး။

ဖြစ်ပျက်နေတဲ့အရာတွေကို အရှိအတိုင်းလက်ခံပြီး ဘဝအတွက် အကောင်းဆုံး အသုံးချနိုင်မယ့် အချိန်ပါ။ ကိုယ်ပိုင်လုပ်ငန်းလုပ်ဆောင်နေတဲ့သူတွေအနေနဲ့ လုပ်ငန်းတွေကို အသွင်ပြောင်းပြီး လုပ်ဆောင်နိုင်လိမ့်မယ်။ အခက်အခဲတွေကို စိတ်ဓာတ်ခိုင်မာစွာကျော်ဖြတ်နိုင်လိမ့်မယ်။ ချစ်သူနဲ့ သဘောထားကွဲလွဲမှုအနည်းငယ်ဖြစ်တတ်ပါတယ်။ အစာအိမ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာလေးတွေဖြစ်တတ်ပါတယ်။

ယတြာ-ဆေးဝါးလှူဒါန်းပါ။

ဗုဒ္ဓဟူးသားသမီး။

လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပြောဆိုဆက်သွယ်မှုတွေ ရပ်ဆိုင်းနေတဲ့ကာလပါ။ ကတိပေးထားတဲ့ လုပ်ငန်းကြွေးတွေကို မထမ်းဆောင်နိုင်တာကြောင့် စိတ်ညစ်နေလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ရောင်းမှားဝယ်မှားတွေဖြစ်တတ်ပါတယ်။ ချစ်သူရဲ့ အားပေးနှစ်သိမ့်မှုကို ရလိမ့်မယ်။ စကားမှားတာတွေကြောင့် လူမှုရေးကိစ္စတွေမှာ အရှုပ်အရှင်းအနည်းငယ်ဖြစ်တတ်ပါတယ်။ အအေးမိတတ်ပါတယ်။

ယတြာ- ဂုဏ်တော်ပုတီးစိတ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

စိတ်ဖိစီးမှုတွေများနေမယ်။ အကြံဉာဏ်တွေရှိနေပေမယ့် အသုံးမချနိုင်ဖြစ်နေလိမ့်မယ်။ မိသားစုဝင်တစ်ဦးဦးဆီက ငွေကြေးအကူအညီကို ရရှိလိမ့်မယ်။ အချိန်ဆွဲနေတဲ့ ချစ်ရသူတစ်ဦးဆီက ခွန်းတုံ့ပြန်စကားကို ကြားရလိမ့်မယ်။ အိမ်ထောင်ရှင်တွေအနေနဲ့ စိတ်သဘောထား မတိုက်ဆိုင်တဲ့ ပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။ ထိခိုက်ဒဏ်ရာရတတ်ပါတယ်။

ယတြာ- ဆပ်ပြာလှူဒါန်းပါ။

သောကြာသားသမီး။

ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်လိမ့်မယ်။ စိုးရိမ်ပူပန်မှုတွေရှိနေလင့်တစား အကောင်းဆုံး ကျော်ဖြတ်နိုင်လိမ့်မယ်။ လက်နဲ့ခြေထောက်ပေါ်ကို ပစ္စည်းတွေ မတော်တဆပြုတ်ကျလာတာမျိုးတွေဖြစ်တတ်ပါတယ်။ စီးပွားရေးကိစ္စတွေကို လူယုံလွှဲမထားပါနဲ့။ ငွေပေးအလွဲသုံးစား လုပ်ခံရတတ်ပါတယ်။

ယတြာ- ဆန်လှူပါ။

စနေသားသမီး။

မိသားစုအတွင်းမှာ ကတောက်အဆအနည်းငယ်ရှိတတ်တယ်။ လက်အောက်ငယ်သား ကျန်းမာရေးကြောင့် စိတ်ပူပန်ရတတ်တယ်။ အထက်လူကြီးဆီက အကူအညီကောင်းတွေ ရရှိမယ်။ အနည်းငယ်စိတ်လေနေပြီး အလုပ်တွေကို ဖိဖိစီးစီးမလုပ်နိုင်ဖြစ်နေမယ်။ စိတ်ရှုပ်စရာများကြားမှာ ဗျာများနေပြီး ချစ်သူအတွက် အချိန်မပေးနိုင်ဖြစ်နေမယ်။ အအေးမိတတ်ပါတယ်။

ယတြာ- နွမ်းပါးလူနာတွေအတွက် ဆေးဝါးလှူဒါန်းပါ။

တနင်္ဂနွေသားသမီး

ကုန်ကျစရာတွေ များနေမယ်။ ဘဝလက်တွဲဖော်နဲ့ ပျော်စရာအချိန်တွေကို ဖန်တီးနိုင်မယ်။ လုပ်ငန်းတွေကို ပုံစံပြောင်းပြီး ချဲ့ထွင်လုပ်ဆောင်နိုင်လိမ့်မယ်။ ရပ်ဝေးရောက်ဆွေမျိုးတစ်ဦးရဲ့ ကျန်းမာရေးကိစ္စကြောင့် စိတ်ပူပင်ရလိမ့်မယ်။

ယတြာ- ဘုရားမှာဆီမီးကပ်လှူပါ။

တိုက်ဆိုင်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။