၂ဝ၂ဝ ခုနှစ်၏ ဂန္ထဝင်အပတ်စဉ်ဗေဒင် (မတ်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ)

blank

တနင်္လာသားသမီး

အလုပ်ကြိုးစားသလောက်အရာမထင်သလို ခံစားနေရမယ့်ကာလပါ။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ နယ်ပယ်အသစ်တွေမှာ ချဲ့ထွင်နိုင်လိမ့်မယ်။ မိတ်ဟောင်းတွေ အကျိုးပေးမယ့်ကာလပါ။ ငွေမကုန်သင့်တဲ့အရာတွေမှာ ငွေကုန်ကြေးကျများနေတဲ့အချိန်ဖြစ်ပါတယ်။ ငွေတွေကိုဂရုတစိုက်နဲ့ သုံးစွဲပါ။ မိဘဆရာသမားတစ်ယောက်ဆီက အကြံဉာဏ်ကောင်းတွေ ရရှိမယ်။ ကျန်းမာရေးအတွက် အချိန်ပေးသင့်နေတဲ့ကာလဖြစ်ပါတယ်။ စိတ်ဖိစီးမှုများတာကြောင့် ကျန်းမာရေးပြဿနာလေးတွေ ကြုံရတတ်တယ်။

ယတြာ- စာကလေးတွေကို အစာကျွေးပါ။

အင်္ဂါသားသမီး

စီးပွားရေးနဲ့ပတ်သက်ပြီး အဆက်အသွယ်ကောင်းတွေရရှိမယ့် ကာလပါ။ မလိုအပ်တာတွေ တွေးပူပြီး စိတ်ပူပန်နေတတ်တာတွေလျှော့ပါ။ ဝန်ထမ်းတွေအတွက် အခွင့်အရေးကောင်းတွေ ရရှိမယ့်ကာလပါ။ ပညာသင်သားတွေ ကံအထူးကောင်းတယ်။ ရင်းနှီးမြှပ်နှံမှုတွေပြုလုပ်ဖို့ အချိန်မကျရောက်သေးပါ။ ပျိုရွယ်သူတွေ ဆန်းပွင့်မယ်။ အစားမှားတာကြောင့်ကျန်းမာရေး ပြဿနာလေးတွေဖြစ်တတ်ပါတယ်။ ငွေဝင်လိုက် ကြွေးရှင်းလိုက်နဲ့ သံသရာလည်နေတဲ့ ကာလပါ။

ယတြာ- ဘုရားတန်ဆောင်း သန့်ရှင်းရေးကုသိုလ်ယူပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဗုဒ္ဓဟူးသားသမီး

အသင်းအဖွဲ့နဲ့ လုပ်ဆောင်ထားတဲ့အလုပ်တွေကနေ အောင်မြင်မှုအကြီးကြီးတွေရမယ်။ ငွေကြေးချေးငှားတာတွေ ရှောင်ကြဉ်ပါ။ လုပ်ငန်းချဲ့ထွင်မှုတွေလုပ်ဖို့ သင့်တော်တဲ့ကာလပါ။ ကျွမ်းကျင်သူတွေဆီက အကြံမယူဘဲ ရှယ်ယာလုပ်ငန်းတွေမှာ မပါဝင်ပါနဲ့။ သင်တန်းတွေ၊ ပညာရပ်အသစ်တွေ သင်ယူနိုင်မယ်။ ကျန်းမာရေးအထူးသတိထားပါ။ အိမ်ထောင်မရှိသေးတဲ့ ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ကမ်းလှမ်းမှုများစွာကို ရရှိနေမယ့်ကာလပါ။

ယတြာ- လမ်းတံတားအလှူငွေပေးအပ်ပါ။

ကြာသပတေးသားသမီး

လုပ်ဆောင်သမျှကို တက်တက်ကြွကြွနဲ့ လုပ်ဆောင်နေနိုင်တဲ့ ကာလဖြစ်ပါတယ်။ လုပ်သမျှအောင်မြင်၊ ကြိုးစားသလောက် အရာထင်ဖြစ်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး ကံအထူးကောင်းပါတယ်။ အချစ်ရေးမှာတော့ နားလည်မှုလွဲမှားတဲ့ ပြဿနာလေးတွေ ကြုံရတတ်ပါတယ်။ စီးပွားရေးချဲ့ထွင်မှု ချေးငွေလျှောက်ထားခြင်းတွေကို ဒီတစ်ပတ်အတွင်းမှာလုပ်ဆောင်ပါ။ အအေးမိတာ၊ သွေးတိုးတာ စတဲ့ ကျန်းမာရေးပြဿနာလေးတွေ ကြုံရတတ်ပါတယ်။

ယတြာ-သက်ကြီးရွယ်အိုတွေကို မုန့်အချိုလှူဒါန်းပါ။

သောကြာသားသမီး

လခစားဝန်ထမ်းတွေ ရာထူးတိုးမယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားခရီးတစ်ခု သွားရလိမ့်မယ်။ ပညာသင်ဆုလျှောက်ထားဖို့ စဉ်းစားနေတဲ့ ကျောင်းသားတွေအနေနဲ့ ဒီတစ်ပတ်အတွင်းမှာ လျှောက်ထားလိုက်ပါ။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ရောထွေးတတ်တဲ့ အကျင့်ကိုရှောင်ပါ။ အတ္တကိုဗဟိုပြုတဲ့ အချစ်ရေးပြဿနာလေးတွေ ကြုံရမယ်။ ကျန်းမာရေးအထူးကောင်းမွန်ပါတယ်။

ယတြာ- နွမ်းပါးကလေးတွေအတွက် ဓာတ်ဆားမှုန့်လှူဒါန်းပါ။

စနေသားသမီး

ဝန်ထမ်းတွေ အလုပ်တွေ စုပြုံနေတဲ့ကာလပါ။ ကြိုတင်ပြင်ဆင်မှု အားနည်းတတ်တာကြောင့် အလုပ်မှာ ပြဿနာလေးတွေ ကြုံရတတ်ပါတယ်။ ရင်းနှီးမြှပ်နှံမှုအသစ်တွေမလုပ်ပါနဲ့ဦး။ ပျိုရွယ်သူများအတွက် ရပ်ဝေးတစ်နေရာကနေ အိမ်ထောင်ရေးအတွက်ကမ်းလှမ်းခြင်းတွေ ကြုံရပါလိမ့်မယ်။ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အပျော်ခရီးတစ်ခုထွက်ရတတ်ပါတယ်။ စိတ်ဖိစီးမှုများတာကြောင့် ခေါင်းမူးခေါင်းကိုက်ဖြစ်တတ်ပါတယ်။

ယတြာ- သက်ကြီးရွယ်အိုတစ်ယောက်ကို အဝတ်အစားလှူဒါန်းပါ။

တနင်္ဂနွေသားသမီး

လုပ်ဖော်ကိုင်ဖက်တွေနဲ့ အငြင်းပွားရမှုတွေဖြစ်တတ်ပါတယ်။ အလုပ်ကိုအာရုံအထူး စိုက်စေလိုပါတယ်။ စကားရှုပ်တတ်သူတွေကို သတိထားပါ။ အလုပ်များများပြီးဖို့ထက် အရည်အသွေးကိုအာရုံစိုက်ပါ။ ငွေကြေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်အမှားတွေ ချမိတတ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့စကားကြောင့်ချစ်သူနဲ့ စကားများရတတ်ပါတယ်။ အထိုင်များတာကြောင့် အာရုံကြောပြဿနာလေးတွေဖြစ်တတ်ပါတယ်။

ယတြာ- သံဃာတော်တွေအတွက် ဆေးဝါးဒါနပြုပါ။

ဗေဒင်လေးကိုနှစ်သက်ရင်ဝေမျှပေးလိုက်ပါဦး။