၂ဝ၂ဝ ခုနှစ်အတွက် အပတ်စဉ် ဂန္ထဝင် ဗေဒင် (ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ)

blank
တနင်္လာသားသမီး

ဒီတစ်ပတ်အတွင်းမှာ မင်္ဂလာအရေးကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုညှိနှိုင်းမှုတွေ အဆင်ပြေမယ်။ ငွေကြေးနဲ့ပတ်သက်ပြီး နောက်ထပ်ဝင်ငွေရနိုင်မယ့် ရင်းနှီးမြှပ်နှံမှုတစ်ခုကို လုပ်နိုင်လိမ့်မယ်။ ထွက်ငွေတွေကို သတိထားစိစစ်တတ်ဖို့ပဲလိုပါတယ်။ စီးပွားရေးနဲ့ပတ်သက်တဲ့ ခရီးတစ်ခုထွက်ရမယ်။ ကျန်းမာရေးအထူးကောင်းမွန်ပါတယ်။ ဇိမ်ခံပစ္စည်းတစ်ခု ဝယ်နိုင်လိမ့်မယ်။

ယတြာ- မွေးနံထောင့်မှာ စံပယ်ညွှန့် သုံးညွှန့်ကပ်ပါ။

အင်္ဂါသားသမီး

အချစ်ရေးအဆင်ပြေနေတဲ့ အချိန်ဖြစ်တယ်။ ချစ်သူနဲ့ အချိန်တွေတော်တော်များများ အတူတူ ကုန်ဆုံးနိုင်မယ်။ အိမ်တွင်းရေးမှာ အငြင်းပွားမှုအနည်းငယ် ကြုံရမယ်။ ရေရှည်အတွက် ရင်းနှီးမြှပ်နှံမှုတွေ စတင်နိုင်မယ်။ ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ စီစဉ်နေတဲ့သူတွေ အဆင်ပြေမယ်။ ပညာရေးနဲ့ပတ်သက်ပြီး လုပ်သလောက် ထွန်းပေါက်နေတဲ့ အချိန်ဖြစ်တယ်။ အသေးအဖွဲကျန်းမာရေး ပြဿနာလေးတွေကြုံရလိမ့်မယ်။

ယတြာ- ချို့တဲ့လူနာအတွက်ဆေးဖိုးဝါးခ လှူဒါန်းပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဗုဒ္ဓဟူးသားသမီး

အိမ်ထောင်ဖက်နဲ့ စကားအငြင်းပွားရတတ်တယ်။ ကိုယ်မှန်နေတယ်ဆိုပေမယ့် ပြောဖို့ မသင့်သေးတဲ့အချိန်ပါ။ အလုပ်တွေလက်မလည်အောင် လုပ်နေရလိမ့်မယ်။ ဒါပေမဲ့ ငွေကတော့ ထင်သလောက် မဝင်သေးပါ။ အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီက အကူအညီကောင်းတွေ ရရှိမယ်။ အာရုံကြောနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာလေးတွေဖြစ်တတ်ပါတယ်။ ပညာရှာဖွေနေသူများ ကံကောင်းပါတယ်။

ယတြာ- လမ်းတံတားဆောက်လုပ်မှုမှာ တတ်အားသရွေ့ လှူဒါန်းပါ။

ကြာသပတေးသားသမီး

လုပ်ငန်းခွင်မှာ တောင်လိုပုံနေတဲ့ အလုပ်ကြွေးတွေကို ဆပ်နိုင်လိမ့်မယ်။ ကိုယ့်ထက်ငယ်ရွယ်သူတစ်ဦးရဲ့ စကားကမ်းလှမ်းခြင်းကို ခံရတတ်တယ်။ ငွေကြေးရင်းနှီးမှုတွေ ပြုလုပ်ဖို့မသင့်သေးပါ။ လူကြီးမိဘရဲ့ ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး ပူပင်သောက များရတတ်တယ်။ အမြင်အာရုံနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။ ပညာရေးကံ အထူးကောင်းနေပါတယ်။

ယတြာ-ဘုန်းကြီးကျောင်းတစ်ခုခုမှာ ရေစစ်လှူဒါန်းပါ။

သောကြာသားသမီး

အိမ်တွင်းရေးကိစ္စတွေကြောင့် စိတ်ညစ်နေမယ်။ အိမ်ထောင်ဖက်ရဲ့ စီးပွားရေးအဆင်မပြေမှုတွေကြောင့် စိတ်ပူပန်ရမယ်။ ချစ်သူရှိတဲ့သူတွေအနေနဲ့ ချစ်သူအပေါ် အချိန်မပေးနိုင်မှုနဲ့ပတ်သက်ပြီး ကတောက်ကဆလေးတွေဖြစ်နေမယ်။ ဒေါသထွက်လွယ်နေတဲ့ ကာလဖြစ်တာကြောင့် သတိထားပါ။ ပညာရေးနဲ့ပတ်သက်ပြီး ပညာသင်ဆုရတတ်တယ်။ နှာစေး၊ ချောင်းဆိုးဖြစ်တာကလွဲရင် ကျန်းမာရေးကတော့ အဆင်ပြေနေပါတယ်။

ယတြာ- ခိုစာကျွေးပါ။

စနေသားသမီး

အရင်ကလုပ်ခဲ့တဲ့ လုပ်ငန်းတစ်ခုရဲ့ အသီးအပွင့်ကို ခံစားရမယ့် အချိန်ဖြစ်တယ်။ အိမ်ထောင်ဖက်နဲ့ ပြဿနာတွေနည်းလေလေ ငွေဝင်လေလေဖြစ်နေမယ့် ကာလဖြစ်ပါတယ်။ ချစ်သူနဲ့အတူ ခရီးတစ်ခုထွက်ရတတ်ပါတယ်။ အတိတ်ကပတ်သက်ခဲ့ဖူးတဲ့သူတစ်ယောက်ဆီက ထူးခြားတဲ့လက်ဆောင်တစ်ခုရလိမ့်မယ်။ လုပ်ငန်းခွင်အတွင်းမှာ ကိုယ့်ရဲ့ကြိုးစားမှုတွေ အသိအမှတ်ပြုခံနေရတဲ့ကာလပါ။ အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ ဝေဒနာတစ်ခု စွဲကပ်နေတတ်တာကြောင့် ဝမ်းနဲ့ပတ်သက်ပြီး သတိထားရမယ့်ကာလဖြစ်ပါတယ်။

ယတြာ-နေအိမ်ဘုရားမှာ အဝါရောင်နှင်းဆီ (၇) ပွင့်ကပ်လှူပါ။

တနင်္ဂနွေသားသမီး

လုပ်ငန်းနဲ့ပတ်သက်ပြီး မျှော်လင့်သလို ဖြစ်မလာတဲ့ကာလဖြစ်ပါတယ်။ အလုပ်ပြောင်းဖို့ မသင့်တော်သေးပါ။ ဝင်ငွေကမတည်မငြိမ်ဖြစ်နေပေမယ့် ထွက်ငွေတွေ ဒလဟောဖြစ်နေတဲ့ ကာလပါ။ ငွေကြေးအချေးအငှား၊ ရင်းနှီးမြှပ်နှံမှုတွေလုပ်ရန်မသင့်သေးပါ။ ပညာရှာမှီးနေသူများအတွက် ကျန်းမာရေးအဖျက်ဝင်တတ်ပါတယ်။ အစားမရှောင်တတ်တဲ့အကျင့်ကိုပြင်ပါ။ အချစ်ရေးကံကတော့ အသင့်အသင့်ပါပဲ။

ယတြာ-ဘုရားမှာ သပြေခက်လှူပါ။

ဗေဒင်လေးကို သူငယ်ချင်းတွေအတွက် ဝေမျှပေးလိုက်ပါဦး။